“ ပျိုးသည့် ၊ စိုက်သည့် ၊ ပြင်သည့် ၊ လုပ်သည့် ဥယျာဉ်သဖွယ်ဖြစ်၏။ ”
“
ငါ့တွင်မူကား မသန်သည်ကိုသန်အောင် ၊ မပွင့်သည်ကိုပွင့်အောင် ၊
မသီးသည်ကိုသီးအောင်၊ မစည်သည်ကိုစည်အောင် ၊ မပွါးသည်ကိုပွါးအောင် ......၊
အစွတ်သင့်သည်ကိုအစွတ်နှင့် ၊ အခြောက်သင့်သည်ကို အခြောက်နှင့် ........... ၊
ခါးသည့်အပင်ကိုမသက်ရအောင် ၊ ချိုသည့်အပင်ကိုမပျက်ရအောင် ........၊
အမြစ်ယှက်ရင်သြဇာပေါ့သည်၊ ပျက်သည်များကို အမြစ်အပင်မယှက်ရအောင် တတ်လှသော
ဥယျာဉ်သည် သုတ်သင်သိမ်းပိုက်စိုက်ပျိုးသကဲ့သို့......... ၊
သာသနာတော်စီးပွါးပြည်သူလူတကာ သတ္တ၀ါအပေါင်းတို့စီးပွါး ၊ မိမိပြည်နိုင်ငံ ၌
ရှိသောလူအပေါင်းတို့ကို ကတိတည်စွာ............ ၊ ငယ်သသူကိုကြီးသာအောင် ၊
ကြီးသသူကို အိုသာအောင် ၊ အိုသသူကို ချမ်းသာစွာသေရအောင် ..........”
“
တိုင်းပြည်ကို ဥယျာဉ်သဖွယ် တင်စားပြီး ထိုဥယျာဉ်ထဲက အသီးအပွင့်တို့သန်ဖို့
ပွင့်ဖို့ စည်ပင်တိုးပွားဖို့လုပ်ဆောင်မည်။ ထိုသို့လုပ်ဆောင်ရာတွင်
စိုသင့်စွတ်သင့်ခြောက်သွေ့သင့်သည်များကို အဆင့်ဆင့်လုပ်ဆောင်ရင်း
ခါးသည့်အရာကို ပိုမခါးသွားရအောင် ချိုသည့်အရာလည်း အချိုမပျက်ရအောင်
စောင့်ရှောက်ပါမည်.။ ဥယျာဉ်ကြီးရှိအပင်များသည် အမြစ်အယှက်အကိုင်းမခက်ဘဲ
ဝေဆာပြီး တိုင်းပြည်၏သာသနာတော်စီးပွား ပြည်သူလူထုစီးပွားသာစေရန်
တာဝန်ယူပါသည်။ ထို့အတူ ငယ်သူတွေကြီးလာမယ့်အရေးမှာ ဘေးအန္တရာယ်မရှိ
မှန်ကန်စွာ ကြီးပြင်းခွင့်ရစေရန်၊ ကြီးသူတွေကအိုလာမည့်အရေးမှာ
စိတ်လက်ဆင်းရဲစွာမအိုစေရ နည်းလမ်းကျစွာအိုမင်းခွင့်ရစေမည်။ ထို့ပြင်
သေခြင်းဆိုသည်မှာ ဆင်းရဲခြင်းဖြစ်သည်။
သေပုံသေနည်းဆင်းရဲခြင်းတွေရှိသည့်အထဲမှ သေခြင်းကို ရဲဝံ့အေးဆေးစွာ
ရင်ဆိုင်နိုင်စေအောင် အသေဖြောင့်အောင် အသေတတ်အောင် သေရကျိုးနပ်သကဲ့သို့
ခံယူသွားနိုင်အောင် ချမ်းသာစွာ သေခြင်းမျိုးနဲ့ကြုံရအောင် တာဝန်ယူပါသည်။ ”
ဆိုတဲ့
မြန်မာသက္ကရာဇ် ၄၄၀ ခုနှစ် ၊ AD ၁၆၂၈ ခု သာလွန်မင်းတရား နန်းတက်စဉ်
တိုင်းပြည်အနှံ မောင်းကြေးနင်းခတ်၍ ကြေငြာသော မောင်းခတ်သံ ဖြစ်ပါသည်။
26.5.2012
4:00pm
Tuesday, 29 May 2012
ပခန်းဝန်ကြီး ( သတိုးမင်းကြီးမဟာမင်းလှစည်သူ)
ချစ်ဦးညို ရဲ့  “
သမိုင်းမတွင် ၊ သမိုင်းတွင် ၊ သမိုင်းဝင်နေတဲ့စကားများ ” စာအုပ်ကိုဖတ်တော့
ပခန်းဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှစည်သူ သာ ဒီခေတ်ဒီစနစ်မှာ
သက်ရှိထင်ရှားရှိရင် ကောင်းမှာပဲလို့ တွေးမိတယ် ။ အဲ့ဒီ့ စာအုပ်ထဲမှာ
ပခန်းဝန်ကြီးရဲ့  တရားမျှတပွင့်လင်းပြီး ရှင်ဘုရင်တစ်ပါးကိုမှန်ကန်စွာ
စောင့်ရှောက်တဲ့ အပြုအမူအပြောအဆိုကိုတွေ့ရတယ် ။
အမှုတော်ကိုထမ်းနေတဲ့ ၀န်စုဝန်မှူးတို့ မယားများစွာယူကြလို့ လစာရိက္ခာနဲပြီးမလောက်မင ဖြစ်၊ တံစိုးလက်ဆောင်တွေ စားနေကြတာကို ရာထူးဌာနန္တရအလိုက် မယားဦးရေ ကန့်သတ်ရင်ကောင်းမယ်လို့ မိန့်မှာချက်ကို ပခန်းဝန်ကြီးက တိုငိးပြည်တော်မှာ ဘုရင်ဟာ မယားအများဆုံးယူတဲ့ပုဂ္ဂိုလ်ပဲ....ဒီတော့ ဘုရင်ကိုပါ ထည့်သွင်းပညတ်မှ ဒီအမိန့်ဥပဒေတရားမျှတမှန်ကန်လိမ့်မယ်လို့ မှတ်ချက်မျိုးချခဲ့သူပါ။
လွှတ်တော်ကိုကျော်ပြီး စာချွန်အမိန့်တွေထုတ်နေဲ့ဘုရင်ကို မင်းမည်သည်မင်းနှင့်တူအောင်ကျင့် သူတပါးပြောတိုင်းမလုပ်သင့်ဘူး လွှတ်တော်ကိုမတိုင်ပင်ဘဲ အမိန့်ထုတ်နေရင် ဘာကြောင့်လွှတ်တော်ထားလဲ ဖျက်သိမ်းလိုက်ရောပေါ့လို့ လျှောက်ရဲသူပါ။
ဝန်ကတော်တစ်ပါးရတဲ့ ရိက္ခာထက်ပိုတဲ့ အဆောင်ယောင်လှည်းယဉ်တန်းသွားတာတွေ့လို့ တော်မတော်မသိတဲ့ဘ၀င်ကို ချနှိမ်ဖို့ ရိုက်ဆုံးမခိုင်းရဲတာ ပခန်းဝန်ကြီးဆိုသူပါ။
ဒီလိုမျိုး ရိုးသားပွင့်လင်းပြီး တရားမျှတစွာနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူကို နည်းလမ်းမှန်ရောက်အောင် ဆိုဆုံးမတတ်သူမျိုး ဒီခေတ်စနစ်ကြီးမှာ လိုအပ်ပါတယ် ။ မည်သည့်သဘောမျှမဟုတ်ဘဲ စာအုပ်ဖတ်ရင်း တွေးမိတဲ့ အတွေးတစ်ခုကို မှတ်တမ်းတင်ထားခြင်းသပ်သပ်ဖြစ်ပါသည်။
26.5.2012
3:00pm

ရာဇ၀င်တွင်တဲ့ တာမွေ..........
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းပါရှိပါသည်။
တာမွေသည် မွန်ဘာသာအမည်မှ ဆင်းသက်လာပြီး ထန်းတပင်ဟု အဓိပ္ပါယ်ရသည်။
အလောင်းမင်းတရားလက်ထက်ကပင်
မွန်တိုင်းရင်းသားအများအပြားနေထိုင်ရာဒေသအဖြစ်တွေ့ရှိနေရဆဲဖြစ်သည်။
1825ခုနှစ် အင်္ဂလိပ်_မြန်မာပထမစစ်ပွဲကာလအတွင်း တာမွေတွင်
တိုက်ပွဲများဖြစ်ပွါးခဲ့သေး၏။ တာမွေခံတပ်တိုက်ပွဲမှာ
ထင်ရှားသောတိုက်ပွဲတစ်ပွဲဖြစ်သည်။ ကျိုက္ကစံအားကစားကွင်းသည် တာမွေမြို
့နယ်အတွင်းတည်ရှိပါသည်။ ကုန်းဘောင်ခေတ်က စစ်ကဲကြီး
ဦးမြိုင်နေထိုင်ရာနေရာဖြစ်ပြီး ဥယျာဉ်ခြံမြေများလည်း တည်ရှိခဲ့သည်။
ကိုလိုနီခေတ်တွင် ဗြိတိသျှဘုရင်ခံက သြစတြေးလျ လူမျိုး မြင်းဝိဇ္ဇာ
မစ္စတာပါဝယ်ကိုတာဝန်ပေးကာမြင်းပြိုင်ကွင်း ဆောက်လုပ်စေခဲ့သည်။ တာမွေမြို
့နယ်အတွင်းထင်ရှားသော ရပ်ကွက်တစ်ခုမှာ ကျောက်မြောင်းရပ်ကွက်ဖြစ်သည်။
ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ နယ်မှ
ဆရာတော်သီတင်းသုံးရာကျောင်းရှိသဖြင့် ခေါ်ဆိုခြင်းဖြစ်သည် ။
29.5.2012
2:30pm
29.5.2012
2:30pm
I'm so Afraid.........now.
“ ပုဂံမြို့ ဟောင်းနှင့် ကျွန်တော် ” တဲ့.................... ။
ကျွန်မကို တော်တော်အခက်တွေ့စေတဲ့ စာတမ်းငယ်တစ်စောင် ။ ရေးသူကတော့ လေးစားချစ်ကြည်ညိုရသော ဆရာဇော်ဂျီ ......။ ရသစာတမ်းငယ် ဆိုတဲ့ တန်ဖိုးဘယ်လောက်ကြီးလည်း သူ့ရဲ့  ရသ ကဘယ်လိုလည်းဆိုတာ ထိတွေ့ပေးခဲ့သူက မြန်မာစာဌာနက ဆရာဦးသီဟ ။ ဒဿသီဟ လို့ အမည်တွင်သူ ။
ချစ်ခင်ကြောက်ရွံလေးစားရသူတွေက ပုဂံမြို့ ဟောင်းနှင့်တကွ ကြည်ညိုစရာ ကြည်နူးစရာ တန်ဖိုးထားစရာတွေကို နှစ်သက်တန်ဖိုးထားတတ်အောင် ပဲ့ပြင်လမ်းပြပေးခဲ့လို့ ရင်ထဲအသည်းနှလုံးထဲမှာ ပုဂံဆိုတဲ့ အမြုတေတစ်လုံး ကိန်းအောင်းခဲ့တာကြာပါပြီ......။ ကျွန်မရဲ့ အမြုတေဟာ ကြီးကျယ်ခမ်းနားလွန်းလို့ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့မရခဲ့တဲ့အရာပါ ။
အခု.......ဒီအမြုတေ အသည်းနှလုံးကို တဖန်ပြန်လည်လက်ဆင့်ကမ်း ရတော့မယ် ......။ လက်ဆင့်ကမ်းပြီးလက်ခံရမယ့်သူ ၊ လက်ခံပြီးသိမ်းဆည်းထားမည့်သူတွေက ကိုယ့်လို အမြုတေအဖြစ် တန်ဖိုးထားထိန်းသိမ်းနိုင့်ပါ့မလား .........လို့ ကျွန်မတွေးတောရင်းနဲ့ ဒီသင်ခန်းစာကို လက်ဆင့်ကမ်းမပေးရဲဘူးဖြစ်နေတယ် ....... ။ ရှင်းရှင်းပြောရရင် ကျွန်မကြောက်တယ် ........အခုခေတ်ကလေးတွေရဲ့  အသည်းနှလုံးကို ကျွန်မ မယုံရဲဘူး..........
သတ္တလောက၊ သြကာသလောက ရဲ့  အလှအပကိုတောင်မခံစားတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေကို ကျွန်မရဲ့ အနှစ်နှစ်အလလ ထိန်းသိမ်းတန်ဖိုးထားရတဲ့ အမြုတေကိုဘယ်လိုယုံကြည်ချက်နဲ့ပေးရမလဲ ...... လို့ စဉ်းစားရတာ ခက်တယ်........တော်တော်ခက်တယ်............ တွေးရင်းတွေးရင်းနဲ့ ကျွန်မအတွေးအာရုံထဲမှာ ယုံကြည်ချက်ပျောက်နေတယ် ........ခုနေခါ ဆရာဦးသီဟနဲ့သာ တွေ့ရရင်သိပ်ကောင်းမှာပဲ........ “ ကျွန်မဘယ်လိုလုပ်ရမလဲ ဆရာ ” လို့ မေးချင်တယ်။ ကျွန်မကြောက်နေတယ်....ပေးအပ်သူနဲ့ ဆက်ခံသူရဲ့  အံဝင်ခွင်ကျမှုမရှိတဲ့ အသည်းနှလုံး ၂ ခုကို ထပ်တူညီအောင် ကျွန်မ တာဝန်ယူနေရတာကို တဖြည်းဖြည်းနဲ့ကြောက်ကြောက်လာတယ်....................။

Wednesday, 14 March 2012
ပေ ( Corypha palm )
ရှေးယခင်က မြန်မာများ အသုံးပြုကာ ထိန်းသိမ်းခဲ့ကြသော ပေစာများ၏ တန်ဖိုးကို အသိမှတ်ပြု သက်သေတည်သောအားဖြင့် ဤ ပေ စာ ပြုလုပ်ပုံ အဆင့်ဆင့်ကိုရေးသားလိုက်သည်။ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်ုးလဆုတ် ၈ ရက်နေ့တွင် မန္တလေး နန်းတော်အတွင်းသို့ အင်္ဂလိပ်စစ်တပ်များ ၀င်ရောက်မိပြီးနောက်ပိုင်းတွင် နန်းတွင်းမှလွှတ်တော် ဗြဲတိုက်တွင်ထိမ်းသိမ်းထားသော ပေ ၊ ပုရပိုက် များကို တန်ဖိုးမထားဘဲ မီးရှို့ ပစ်ကြသည်။ မင်းမဲ့ချိန်ဖြစ်၍ တားဆီးမည့်သူတစ်ဦးတစ်ယောက်မှ မရှိ၍ တန်ဖိုးရှိသော ပေစာများ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ထိုအကြောင်းရာကို တောင်ခွင်မင်းကြီးသိတော်မူစဉ် ကာနယ်စလေဒင်ထဲ စားရေးတော်ကြီး ဦးမြဲကို စေလွှတ်ပြောဆိုသောမှ ပေပုရပိုက်များကို အစုလိုက်မီးရှို့ ဖျက်စီးခြင်းမပြုရန် အမိန်ချမှတ်သည်။ ထို့ကြောင့် ကျန်ရှိသော ပေ၊ ပုရပိုက်များ၊ ထန်းဖူးစာများ ကို သိမ်းပြီး ရန်ကုန်မြို့  အတွင်းဝန်ရုံးကြီးသို့ ယူဆောင်ထိမ်းသိမ်းထားသည်။ မန္တလေးမှ ယူဆောင်လာသော ပေ ၊ ပုရပိုက်များမှာ နွားလှည်းစီးရေ ( ၄၀ ) ကျော်ရှိသည်ဟု သည်ရသည်။ ထိုပေစာများ မှာ ယုခု ကျွန်မတို့ တွေ့ရှိ လေ့လာနေရသော ပေစာများ ပုရပိုက်များ ဖြစ်သည်။ ထို့ကြောင့် ပေစာ တစ်ခု ဖြစ်ဖို့ရန် အတွက် မည်မျှ အဆင်ဆင့် လုပ်ဆောင်ရကြောင်း ကို အားလုံးသူများ သိစေရန်အတွက် မှတ်တမ်းတင်ထားခြင်းသပ်သပ်သာဖြစ်ပါသည်။
ပေ
ပေလက်
သရေခေတ္တရာပျူခေတ်ကတည်းက စတင်၍ပေရွက်ထန်းရွက်များပေါ်တွင် စာရေးသားခြင်းများရှိခဲ့သည်ကို ပညာရှင်များလက်ခံထားခဲ့ကြသည်။ အသုံးပြုကြသည့် အရွက်များမှာ တော့ဒီထန်း ( Toddy Palm ) နှင့် ကော်ရီဖားထန်း ( Corypha Palm ) တို့ဖြစ်ကြသည်။ တော့ဒီထန်းကို မြန်မာတို့က “ ထန်း ” ၊ မွန်တို့က “ တာ ” ၊ ပါဠိဘာသာက “ တာလ ” ဟူ၍ခေါ်ကြသည်။ ကော်ရီဖာထန်းကို ရှေးမြန်မာတို့က “ ပိယ် ” ဟူ၍၎င်း ၊ ယ္ခုမြန်မာတို့က “ ပေ ” ဟူ၍၎င်း ခေါ်ကြသည်။ ယေဘုယျအားဖြင့် စာရေးသားရာ၌ ပေရွက်ကိုသာ အများဆုံးအသုံးပြု၍ ရေးသားကြသည်ကို တွေ့ရှိရသည်။
ပေပင်သည် ပူပြင်းခြောက်သွေ့သော ဒေသတွင်ပေါက်လေ့ရှိသည်။ ပေပင်၏အသီးမှာ သေးငယ်ပြီး ထန်းပင်မှ အရည်ထွက်သကဲ့သို့ ပေပင်ကိုလူတို့ပြုပြင်ယူလျှင်ပေရည်ထွက်သည်။
ပေပင်သည်ထန်းပင်ထက်လုံးပတ်ကြီး၍ အရွက်သည်လည်း ထန်းရွက်ထက်ကြီးသည်။ အရွက်အပြန့်ကြီးသဖြင့် အရွက်ကို ဘုန်းတော်ကြီးများတရားဟောရာတွင် ရှေ့ကကာထားသောယပ်တောင်ကြီးများ၊ ခရီးသွားရာတွင် အပူဒဏ်ကာယပ်ကလေးများအဖြစ် သုံးကြသည်။ထို့ကြောင့်အညာဒေသများတွင် အိုးစည်ဝိုင်းသံချပ်ထိုးရာတွင် “ ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင် ” ဟု သီဆိုကြသည်။ ပေပပင်သည် အနှစ်၆၀ခန့်အသက်ရှည်၍ ပေရွက်၏အသက်မှာ နှစ်ပေါင်း 1000 ခန့်အထိ မဆွေးမမြည့်တည်ရှိတတ်သည်။ ပေပင်သည်အသီးတစ်ကြိမ်သီးပြီးလျှင်သွေ့ခြောက်၍ သေသွားတတ်သည်။
ပေသီး
ပေရွက်မှရသောပေချပ်များကို စာရေးရန်အတွက် ပြေပုလုပ်အသုံးပြုကြသည်။ ပေပင်မှရသောပေရွက်ပေါ်တွင် အက္ခရာစာလုံးများရေးသားထားသောကြောင့် “ ပေ ” နှင့်
“ စာ ” ကို ပေါင်းစည်း၍ “ ပေစာ ” ဟူသောဝေါဟာရဖြစ်ပေါ်လာသည်။ နှစ်ပေါင်းများစွာတည်နေစေလိုလျှင် ရွှေ ၊ ငွေ ၊ ကြေးတို့ကို ပေရွက်သဏ္ဌာန် အပြားခတ်၍ စာရေးသားကြသည်။ ထိုအခါ ရွှေပေ ၊ ငွေပေ ၊ ကြေးပေ ဟုခေါ်ဝေါ်ကြပြန်သည်။
ပေစာ
ပေရွက်ကိုစာရေးသားအသုံးပြုရာတွင် ပေပင်မှ ခူးပြီးလျှင်ပြီးချင်းစာရေး၍ ရနိုင်သည်မဟုတ် ။ ပေရွက်ပေါ်တွင် ကညစ် ဖြင့် စာရေးသားနိုင်အောင် အဆင့်ဆင့်ပြုလုပ်ရသည်။ ပေပင်၏အသက် ၈ နှစ်သားခန့်မှ ပေရွက်ကိုခူးကြသလို ၁၀ နှစ်သားတွင်ခူးရသည်ဟုလည်း သိရှိရသည်။ ပေရွက်ကိုခူးပြီးလျှင် အရွက်နှစ်ရွက်ပူးနေသောနေရာတွင်ရှိသော အလယ်ကြောမကို သင်နုတ်ပစ်ရ၏။ ထို့နောက်ကျန်ရှိသောပေရွက်ကို အရင်းအဖျားအနည်းငယ် ဖြတ်ထုတ်ပြီး လိပ်ခွေကာနေပူတွင် အခြောက်လှန်းထားရသည်။ ခြောက်သွေ့လျှင်ခွေလိပ်ထားသော ပေကိုဖြန့်ဆန့်လျက် ပေချပ်များကို တစ်ရွက်ချင်း ပြန်ထပ်ပြီးပြန်ခွေရသည်။ ပေချပ်များကိုခွေရန်ထပ်သောအခါထိပ်ချင်း အညီ မထားဘဲ တစ်ရွက်ပြီးတစ်ရွက်ထိပ်ဖက်မှ နည်းနည်းစီလျှော့၍ ထပ်ရသည်။ သို့မှကောင်းစွာခွေလိပ်၍ ရနိုင်သည်။
ပေစာ
ထိုသို့ခွေလိပ်ပြီးသော ပေများကို ရာဝင်စဉ့်အိုးထဲထည့်ကာ ထိုအိုးကြီးထဲသို့ ရေထည့်ရသည်။ ရေကိုပေခွေများနစ်သည်အထိ ထည့်ပြီး ထမင်းကိုလည်း သင့်တင့်အောင်ထည့်ရသည်။ ထမင်းထည့်ရသည်မှာ ပျော့ပျောင်းနေသောပေချပ်များကို တောင်းတင်းလာစေရန်နှင့် ကြာရှည်ခံစေရန်အတွက် ကော်တင်ခြင်းဖြစ်သည်။ ပေခွေထည့်ထားသည့်အိုးကိကု နေပူပူတွင် တစ်ပတ်ကျော်မျှထားရသည်။ အဖုံးကိုမပိတ်ထားရ ၊ အပူရှိန်ကြောင့်စဉ့်အိုးထဲမှာ ထမင်းရည်များအချဉ်ပေါက်ကာ အမြှုပ်ထွက်လာလျှင် ပေကိုဆယ်ကြည့်ရသည်။ ပေရွက်၌ အစိမ်းကွက်များရှိနေသေးလျှင် မနပ်သေးသောကြောင့် ထပ်စိမ်ထားရသည်။ ပေရွက်များအညိုရောင်သမ်းလာမှသာ နပ်သည်။ သို့သော် အညိုလွန်လျှင်ဆွေးမြည့်လွယ်၍ အနေတော် နပ်မှသာလျှင်ကောင်းမွန်ပြီး ကြာရှည်ခံလေသည်။
ပေရွက်ရေစိမ်ရာတွင် နပ်သင့်သည့်အချိန်ထက်ပို၍ ရေမစိမ်မိစေရန် သတိထားရမည်။ ပေရွက်စိမ်ခြင်းမှာ ချဉ်နံ့အလွန်နံသောကြောင့် လူသူကင်းဝေးရာ နေရာတွင်ပြုလုပ်ရသည်။ ထိုသို့ရေစိမ်မှသာ စာရေးသားရာတွင် ပျော့ပျောင်းချောမွေ့စေသည်။ ပေရွက်များနပ်လာသည့်အခါ ရေထဲမှ ဆယ်ယူပြီးဆေးကြောရသည်။ တစ်ရွက်ချင်းပြန်ခွေပြီးလျှင် အခွေများကို ပြန်ဖြန့်ပြီး အကြွးအသေးခွဲကာ အရွယ်တူချင်းထပ်ကာ စုစည်းထားရသည်။ အရွယ်တူချင်းခွဲခြားပြီးပေရွက်များကို တပုံစီခွဲကာ “ ကျမ်း ” ဟုခေါ်သော ပေရွက်များ၏ ပြက်အကျယ်အလျားနှင့် ထပ်တူညီသော ချောမွေ့သည့် ပျဉ်ချပ် ၂ ခုကြားတွင်ညှပ်ထားရသည်။ ပေရွက်များကို ဘယ်ပြန်ညာပြန်ထားပြိး သစ်သားပြားတစ်ချပ်ပေါ်တွင် ပေရွက်များတင်ထားပြီးလျှင် အပေါ်ကလည်း ကျမ်းတစ်ခုထပ်တင်ရသည်။ ထိုသို့အထက်အောက်ညှပ်ပြီး ကျမ်းတွင်ဖောက်ထားနှင့်သော အပေါက်ကလေး ၂ ခုအတိုင်းစူးဖြင့် ပေရွက်များကို ဖောက်ရသည်။ ပေဖောက်မည့် စူး၏အင်အားကိုကြည့်၍ ပေရွက်များကိုထပ်ရသည်။ ပေရွက်တိုင်းဘယ်တစ်ချက်ညာတစ်ချက်အပေါက်ကလေးများဖောက်ရသည်။ ပေချပ်ပေါ်တွင်ရှိသော ထိုအပေါက်ကလေးများကို “ ပလ္လင်ပေါက် ” ဟု ခေါ်သည်။ ပလ္လင်ပေါက်သည် ပေချပ်များတိမ်းစောင်းခြင်းမရှိဘဲ ညီညာစေရန်စိုက်ထားခြင်းဖြစ်သည်။
ပေစာတစ်ထုပ်လျှင် အများအားဖြင့် ပေအင်္ဂါ ၂၅ အင်္ဂါ ( အချပ်ရေ ၃၀၀ ) ခန့်ရှိတတ်၏။
သို့သော်မူသေသတ်မှတ်၍မရချေ။ ပလ္လင်ဖောက်ပြီးသားပေရွက်များကို အထပ်လိုက် ပလ္လင်တိုင်တွင် စိုက်ရသည်။ ပလ္လင်တိုင်ဆိုသည်မှာ ချောမွေ့စွာပြုလုပ်ထားသော ၀ါးတိုင်လေး ၂ ခု ဖြစ်သည်။ လုံးပတ်အချင်းမှာ တစ်လက်မ၏ဆယ်ပုံတစ်ပုံခန့်ရှိသည်။ ကျမ်း၂ ခုကြားတွင် ညှပ်၍ ထားသော ပေချပ်၏အနိမ့်အမြင့်ကိုလိုက်၍ အရှည်အတိုရှိသည်။ သစ်သားကျမ်း ၂ ခု ညှပ်သွင်းလျက် ပလ္လင်တိုင်တွင် စိုက်ထားသော ပေချပ်များကို ထိပ်ချင်းညီနေစေရန်ပေထိုးဆောက်ဖြင့် ပေရွက်၏ ထိပ် ၂ ဖက်ကို ကျမ်းနှင့်အညီ ဖြတ်ထုတ်ပစ်ရသည်။ ပေထိုးဆောက်သည် ကြေးစည်ပုံသဏ္ဌာန်ရှိ၍ ထက်မြနေအောင် သွေးထားရသည်။ ထိုဆောက်ကို အမျိုးကောင်းသောသံဖြင့် ပြုလုပ်ကြရသည်။
ထိုသို့ပေချပ်များညီညာအောင် ဖြတ်ပြီးလျှင် စာရေးသားရန်အသင့်မဖြစ်သေးပေ ။ စာရေးရန်မျဉ်းချရသေးသည်။ နှစ်ပေခန့်အရှည်ရှိ၍ လက်သုံးလုံးခန့်ပြက်အကျယ်ရှိသည့် ၀ါး ( သို့ ) သစ်သားကို အထစ်လေးများထစ်ထားရသည်။ အထစ်ထစ်ထားသော သစ်သားဘောင်ကို ခိုင်မြဲအောင် ပြုပြီး ချည်ပွပွလေးများကို ထစ်ကလေးများပေါ်တွင်ချည်ထားရသည်။ ထို့နောက်ကျမ်းညီညီပေါ်တွင် ပေရွက်ကိုချထားပြီး သစ်သားဘောင်ရှိထစ်ကလေးများမှ ကြိုးများကို နနွင်းရည်သုတ်လိမ်းရသည်။ ကြိုးအပေါ်က ပေရွက်တစ်ချပ်ထပ်လိုက်သောအခါ နနွင်းသုတ်ထားသော ကြိုးသည်အောက်ခံပေရွက်နှင့် အပေါ်ကထပ်လိုက်သော ပေရွက်ကြားသို့ရောက်ရှိမည်။ ထိုသို့ပြုလုပ်ခြင်းကို ပေမျဉ်းပစ် သည်ဟုခေါ်သည်။ ထိုသို့ပေမျဉ်းပစ်ရာတွင် ပေ၏ပြက်အကြီးအသေးကိုလိုက်၍ ၈ ကြောင်းမှ ၁၂ ကြောင်း ထိပြုလုပ်လေ့ရှိသည်။
ပေချပ်ပေါ်တွင်စာရေးရန်အဆင့်ဆင့်ပြီးစီးလျှင် စာရေးရန်ရှိတော့သည်။ ပေစာကိုရေးရာတွင် စာစင်ခုံ ဟုခေါ်သော ခုံကလေးကို အသုံးပြုရသည်။ စာစင်ခုံဆိုသည်မှာ အမှီပါသော အမြင့်တတောင်သာသာရှိ၍ ပေရွက်တင်ပြီး စာရေးရသော ခုံငယ်ကိုခေါ်သည်။ စာစင်ခုံ၏အတွင်ဖက် လက်ဝဲဖက်ကြက်ခြေတိုင်စွန်းတွင် အင်္ကျီချုပ်ခုံများ၌တွေ့လေ့ရှိသော အ၀တ်ဖုလုံး ( သို့ ) အ၀တ်ကျပ်ထုပ်စည်းတစ်မျိုးပြုလုပ်ထားရသည်။ ကြည့်ကူးမည့် မူလစာ ပေချပ်ကိုသစ်သားတန်း နောက်မှီတွင်ထောင်ထားပြီး ကျန်ပေချပ်ကို သစ်သားခင်းပေါ်တွင် စာပလွေခံ၍ အလိုက်သင့်ထားကူးရသည်။
ကူးယူမည့် ပေရွက်အလွတ်ကို အ၀တ်ဖုလုံးပေါ်တွင် တင်၍ ညာဖက်က ကညစ်ကိုကိုင်ပြီးကူးရေးရသည်။ ကညစ်ဆိုသည်မှာ ခဲတံလုံးနီးပါးခန့်ရှိ ထိပ်ဖျားချွန်သော သံချွန်ပင်ဖြစ်သည်။ အချို့ ကညစ်၌ အထက်ဖက်တွင် ဓါးမောက်ငယ်သဏ္ဌာန်ပြုလုပ်ထားသည်။ ကညစ်ဖြင့် ပေချပ်ပေါ်တွင် စာရေးရာတွင် စာလုံးများကိုကောင်းစွာ မြင်ရမည်မဟုတ်ပေ။ ရေးပြီးပေချပ်၏မျက်နှာပြင်ကို ရေနံသုတ်ပေးသောအခါမှသာကောင်းစွာ ထင်ရှားလာမည်ဖြစ်သည်။ ပေပေါ်တွင်ရေနံသုတ်ခြင်းကို ရေနံကိုင်သည်ဟု ခေါ်သည်။ ပေချပ်များပေါ်တွင် စာများရေးသားပြီးလျှင် မျဉ်းကိုင်ရသေးသည်။ မျဉ်းကိုင်သည်ဆိုသည်မှာ အလိုရှိရာဆေးရောင်သုတ်လိမ်းခြင်းဖြစ်သည်။ သို့မှသာ ခန့်ညားသပ်ရပ်သောပေထုပ်ဖြစ်လာပြီး ပေစာထုပ်အမျိုးစားလည်း ကွဲပြားလာသည်။
ပေစာထုပ်ရှိပေရွက်များ၏လေးဘက်လေးမျက်နှာကို ရွှေချလျှင် “ ရွှေမျဥ်းရွှေပိန်းချပေ ” ၊
လေးဘက်လုံးမဟုတ်ဘဲ ထိပ်နှစ်ဘက်ကိုချန်လှပ်ပြီး အလျားလိုက်ဘေး၂ ဘက်ကိုရွှေချထားလျှင် “ ကြံဆစ်ပေ ” ၊ ရွှေလုံးဝမချဘဲ ဟင်္သပြဒါးကိုလေးဘက်လုံးသုတ်လျှင် “ မျဉ်းနီပေ ” ၊ ပေရွက်၏ဘေးအစွန်များကို ဆေးအနက်သုပ်ထားလျှင် “ မျဉ်းနက်ပေ ” ဟုခေါ်သည်။ ထိုလေးမျိုးမှ အပ ကျန်ရိုးရိုးပေများကို “ ပေကြမ်း ” ဟုခေါ်သည်။
မျဉ်းကိုင်ပြီးသား ပေချပ်များ၏ ပထမဆုံးပေချပ်နှင့် နောက်ဆုံးပေချပ်တို့ကို အပိုပေချပ် ၁၀ ခန့်စီထပ်၍ ပလ္လင်ပေါက်တွင်သွင်းကာ ပိုးကြိုး ( သို့ ) ချည်ကြိုးတို့ဖြင့် ဘယ်ပြန်ညာပြန်သေချာချုပ်ရသည်။ ထိုသို့ပေချပ်အပိုထည့်ချုပ်ရသည်မှာ စာရေးပြီးပေချပ်များအကြောင်းတစုံရာကြောင့် ပျက်စီးခဲ့လျှင် အစားထိုးရေးနိုင်ရန်ဖြစ်သည်။ ထိုသို့အထပ်လိုက်ချုပ်ပြီးပေထုပ်၏အစတွင် ထည့်သွင်းရသောပေချပ်အထပ်လိုက်ကို “ စာပလ္လင် ”ဟုခေါ်သည်။
ပေထုပ်ကို ဟင်္သပြဒါးသုတ်ထားသော ပျဉ်ပြား ၂ ချပ်ဖြင့် အထက်အောက်ညှပ်၍ ထားရသည်။ ထိုသစ်သားပြား ၂ ပြားကို “ ကျမ်း ”ဟုခေါ်သည်။ ပေစာထုပ်ငှါးသောအခါ ကျမ်းပါ တပါတည်း ပေးလိုက်ရသည်။ ပေစာထုပ်ကို အ၀တ်နှင့်ဖြစ်စေ ၀ါးကိုချောမွေ့စွာ သပ်ထားပြီးအ၀တ်ဖြင့် ရောနှောရက်လုပ်ထားသော “ ယင်း ” နှင့်ဖြစ်စေပတ်ထားလေ့ရှိသည်။ ပေစာထုပ်ကို တဖန် အဖိုးထိုက်တန်သော ပိုး၊ ဖဲ ၊ ကတ္တီပါများကို မိမိတို့ ငွေကုန်ကြေးကျ ခံနိုင်သရွှေ့  ထပ်ပြီးချုပ်လုပ်ပတ်စည်း၍ သိမ်းထားကြသည်။ ထိုသို့ပေထုပ်ကိုထပ်၍ ထုပ်သောအ၀တ်စကို “ ပလွေ ” ဟုလည်းကောင်း၊ “ ကမ္ပလွေ ( သို့ ) စာပလွေ ” ဟုခေါ်ကြသည်။ ထိုစာပလွေသည် အနံတစ်တောင်ခန့်ရှိပြီးအလျား ၂ တောင်နီးပါးခန့်ရှိသည်။ စာပလွေသည် ပေချပ်များကို မကျိုးပဲ့စေရန်အတွက် ဖြစ်သည်။
ပေစာ ၊ ပေစာကြိုး ၊ ယင်း
ကမ္ပလွေဖြင့်ပတ်ထားသော ပေထုပ်၏အပေါ်မှ ပတ်၍ စည်းထားသော “ စာစည်းကြိုး ” သို့ “ ပေစာကြိုး ” ရှိ၏။ အနံလက်မ၀က်ခန့်နှင့် အလျား၁၅ ပေမျှ ရှိတတ်သည်။ စာစည်းကြိုးတွင်လည်း ပေစာထုပ်၏အလှူရှင်အမည် ၊ နေရပ်လိပ်စာ ၊ လှူရသောကောင်းမှု ၊ ဆုတောင်း များကို လင်္ကာသွားဖြင့်လည်းကောင်း ၊ စကားပြေဖြင့်လည်းကောင်း ရက်လုပ်ထားလေ့ရှိသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် ရှေးမြန်မာတို့၏ ချည်မျှင်ရက်လုပ်ခြင်း၊ စာလုံးပုံဖော်ခြင်း ၊ ဆေးရောင်စုံစပ်ခြင်း အိမ်တွင်းလက်မှုပညာကို အကဲခတ်နိုင်မည်ဖြစ်သည်။
ပြည်ရွှေဆံတော်ဘုရား ပေစာ သမိုင်း
နွေမိုးဆောင်း
14.3.2012
5:45 pm

Monday, 12 March 2012
ပန်းတောင်းမြို့  ပေါ်တော်မူ ( ရှင်ဖြူ ) မြတ်စွာဘုရားကြီး
ပေါ်တော်မူ ( ရှင်ဖြူ ) မြတ်စွာဘုရားကြီး
သမိုင်းအကျဉ်း
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
သာသနာ သက္ကရာဇ် ၁၆၃၆ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်၌ အရိမဒ္ဒနပုဂံပြည်တွင် အလောင်းစည်သူမင်းဖြစ်တော်မူ၏။ သမုဒ္ဒရာအရပ်သို့ ရှု့ ကြည့်ရန် ရေအားကြည်းအား စုန်တော်မူရာ ပုသိမ်မြို့ တွင် ကွန်းထောက်၍ ရေလမ်းဖြင့် သိန်းဃိုကျွန်းနှင့် ဇမ္ဗုသပြေပင်သို့ရောက်လျှင် ဘုရားရှင်တို့နေရာ ကျောက်ဖျာကို တွေ့ရှိကြည်ညိုတော်မူစဉ် သာသနာမင်းဖြစ်သည်နှင့်လျှော်စွာ သိကြားမင်းသည် ဘိသိတ်သွန်းလောင်းပြီး ကျောက်ဖျာသက္ကဒါန်ဦးကို ( ရှင်ဖြူ ) ဘွဲ့တော်ဖြင့် ဘုရားရုပ်တုတော်တစ်ဆူနှင့် သပြေပင်လက်ျာတောင်ကိုင်းကို ( ရှင်လှ ) ဘွဲ့တော်တစ်ဆူပြုလုပ်ပေးအပ်လေသည်။
အလောင်စည်သူမင်းကြီးသည် နေပြည်တော်သို့ သင်္ကနက်လှေဖောင်တော်တွင် ( ရှင်ဖြူ ) ( ရှင်လှ ) ဘုရားနှစ်ဆူကိုတင်ဆောင်၍ ပြန်ခဲ့ ၏ ။ခရီးလမ်းဝယ် ဗလ၀ါမုက္ခ၀ဲသို့ရောက်၍ လှေဖောင်တော် တုန်လှုပ်ပြီး ( ရှင်ဖြူ ) ဘုရား စင်၍ ရေ၌ ကျလေရာ ဟင်္သာနှစ်ခု အတောင်ယှက်ခံလျှက် သီတင်းသုံးတော်မူ၍ “ အလောင်းစည်သူ ငါ့ကိုယူလော့ ” ဟူ၍ မိန့်ဆိုသဖြင့် ပင့်ယူလေသည်။
သာသနာ ၁၆၅၉ ခုနှစ် ၊ ကောဇာ ၄၇၇ ခုနှစ်သို့ရောက်သော် နန်းတော်တွင် ထား၍ကိုးကွယ်သည်ထက် ခပ်သိမ်းသူတို့၏ စီးပွားအလို့ငှာ မြတ်ဘုရားနှစ်ဆူကိုဖောင်တော်ထက်တင်၍ “ ကိန်းဝပ်တော်မူလိုသောအရပ်၌နှုတ်တော်မြွက်သည်ဖြစ်စေသော် ” ဟူ၍ အဓိဌာန်လျှက် ဆန်တော်မူလေရာ စစ်ကိုင်း ၊ ချောက်မသို့ရောက်သော် “ အမြဲနေပင်ဤချောက်တွင် ” ဟူ၍မြွက်တော်မူသဖြင့် ထိုအရပ်တွင် ဂူတည်၍ကိုးကွယ်သည်။
စစ်ကိုင်းမြို့ တွင် အလောင်းစည်သူမင်း ၄၇၇ ခုနှစ် မှစ၍ ဟံသာဝတီရောက်မင်း လက်ထက် ၁၀၉၈ ခုနှစ်တိုင်အောင် နှစ်ပေါင်းခြောက်ရာကျော် စံပယ်တော်မူခဲ့လေသည်။ ထိုမင်းလက်ထက်၌ ရှင်လှဘုရားကွယ်လေသည်ဟု ရာဇ၀င်တို့၌ ဆို၏။ ထို့ပြင်တလိုင်းတို့တိုက်ခိုက်သောကြောင့် အင်းဝပျက်ဆီး၍ မဏိပူရကသည်းတို့ သည်လည်း စစ်ကိုင်းတိုင်အောင် ဆင်းသက်ဖျက်ဆီးကြကာ ရှင်ဖြူဘုရား ကိုပင့်ဆောင်သွားလေသည်။
ကောဇာသက္ကရာဇ် ၁၁၁၄ ခုနှစ်၌ မြန့်မာကျက်သရေ ဆောင် ဦးအောင်ဇေယျ နန်းတက်တ်ာမူ၍ ၁၁၁၅ ခုနှစ်တွင် ရတနာသိင်္ခ ကုန်းဘောင်မြို့  တည်တော်မူလျှက် ရာမညတိုင်းမွန်သုံးရပ်နှင့် ကမ္ဗောဇရှမ်းနယ်များသိမ်းပိုက်ပြီးလျှင် မဏိပူရကသည်းပြည်ကိုအောင်မြင်လေသော် ရှင်ဖြူမြတ်စွာဘုရားကိုပြန်လည်ပင့်ဆောင်ခဲ့၍ နန်းတော်ဦး၌ကိုးကွယ်၏။ သက္ကရာဇ်၁၁၂၂ တွင် အလောင်းမင်းတရားကြီးနတ်ရွာစံသဖြင့် နန်းတက်သော သားတော်ကြီးနောင်တော်ကြီးမင်းသည်လည်းကောင်း ၊ ၁၁၂၅ ခုနှစ်တွင် ဆက်လက်နန်းတက်သော ဒုတိယ သားတော် ဆင်ဖြူရှင်မင်း သည်လည်းကောင်း ၊ ရာတနာသိင်္ခကုန်းဘောင်နန်းဦး၌ ရှင်ဖြူမြတ်ဘုရားကို ကိုးကွယ်ခဲ့ကြလေသည်။
သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် ဆင်ဖြူရှင်မင်းကိုယ်တိုင် ကသည်းပြည်သို့ ကြွချီငြိမ်ဝပ်စေပြီးနောက် အင်းဝနေပြည်တော်ကိုပြန်လည် တည်ထောင်တော်မူ၍ ရတနာသိင်္ခကုန်းဘောင်မှ ပြောင်းရွှေ့ စံမြန်းလေရာ ရှင်ဖြူနန်းဦးဘုရား ကိုပင့်ဆောင် ခဲ့လေသည်။ ပန်းတောင်းမြို့  သူရဲဇီး (တလည်စီးရပ်) မှ ဗိုလ်ဦးငြိမ်းသည် မဏိပူရကသည်းပြည် စစ်ချီစဉ်မှ အင်းဝ တည်ထောင်စံမြန်းသည်အထိ အမှုထမ်းဖြစ်ခဲ့ပေသည်။
ဆင်ဖြူရှင်မင်းသည် ရတနာပူရအင်းဝ ကိုပြန်လည်တည်ထောင်ပြီးသော် အမှုထမ်းကောင်းသူတို့အားလိုရာဆုကို တောင်းခံစေရာ ဗိုလ်ဦးငြိမ်းသည် ရှင်ဖြူမြတ်ဘုရားကို တောင်းခံသဖြင့် တစ်ဦးတည်းပင့်ဆောင်နိုင်ပါက ခွင့်ပေးတော်မူလေသောကြောင့် အဓိဌာန်ပြု၍ ပင့်ဆောင်ခြင်းဖြင့် သူရဲဇီးသို့ ရောက်ခဲ့လေသည်။
သက္ကရာဇ် ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် စနေနေ့ အမရပူရနေပြည်တော်မှ ဘိုးတော်မင်းတရားကြီး အမိန့်ဖြင့် ရခိုင်ပြည်သို့ ချီလာသော သားတော်အိမ်ရှေ့ ဥပရာဇာ ( သီဟသူ ) သည် ပန်းတောင်းတောင်ကုတ်လမ်း ( ဥယျာဉ်ပု လမ်းကြောင်း ) ဖြင့်ကြွရောက်စဉ် ခေတ္တကွန်းထောက်ရာ ယာယီနန်း၌ ရှင်ဖြူဘုရားကိုပင့်ဆောင်ကိုးကွယ်ခဲ့သဖြင့် ပန်းတောင်း တပ်ကုန်းရပ်သို့ဒေသစာရီ ကြွချီခဲ့ရပါသည်။
ဘိုးတော်မင်းတရားလက်ထက်၌ပင် ပန်းတောင်း ယာယီနန်းအနီးတွင် ရွှေဂူစေတီတည်ထားသဖြင့် ရှင်ဖြူဘုရားသည် ရွှေဂူသို့ ပင့်ယူရောက်ရှိခဲ့ပါသည်။
သက္ကရာဇ် ၁၁၈၆ ခုနှစ် ဘကြီးတော်မင်းလက်ထက်၌ မြန်မာ_ အင်္ဂလိပ် ပထမ စစ်ပွဲဖြစ်လေရာ ဧရာဝတီမြစ်တလျှောက် အင်္ဂလိပ်တပ်များရန်ကြောင့် ပန်းတောင်းမြို့ သူ မြို့ သားတို့ တိမ်းရှောင်ကြစဉ် ဘူမိယတ်သိုက်သမားတို့ ရှင်ဖြူဘုရား၏ ပလ္လင်အောက်ကိုတူးဖော်ရှာဖွေကြ၍ မြေတွင်းဖြစ်စေသည့်ပြင် ဧရာဝတီမြစ်ရေ လျှံတက်မှုကြောင့် မြေအတွင်းသက်ဆင်း ကျရောက်နေသောဘုရားပေါ်သို့ ညွန်ပျောင်းနှစ်များဖုံးလွှမ်းသဖြင့် မြေအောက်နန်းတွင်စံမြန်းတော် မူရလေသည်။
သာသနာသက္ကရာဇ် ၂၄၁၈ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၂၃၆ ခုနှစ် ၊ တော်သလင်းလကွယ် ၁၅ ရက် ( ၁၀၊၁၀၊ ၁၈၇၄ ) စနေနေ့ ည ၅ နာရီခန့် တွင် တန်ခိုးတော်ဖြင့် မြေပေါ်ကြွရောက်ပေါ်ပေါက်တော်မူလာသောကြောင့် “ ပေါ်တော်မူမြတ်စွာဘုရား ” ဟူ၍ သမုတ်ခေါ်ကြလေသည်။
၁၉၆၃ ခုနှစ် ရိုက်နှိပ်သော မြန်မာ့စွယ်စုံကျမ်း အတွဲ ၇ ပန်းအက္ခရာ အခန်း ၌ ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့ ရှိ ( ပေါ်တော်မူ ) ကို ရှင်ဖြူဘုရား ဖြစ်ကြောင်း ဖော်ပြထားသည်။
မူလပေါ်တော်မူသောနေရာတွင် ၅၂ နှစ်ကြာမျှ ကြာသော် မြစ်ရေအန္တရာယ်ကြောင့် စုပေါင်းလုပ်အားဒါနဖြင့် ပြုလုပ်သော ယခုတည်နေရာ သီရိမင်္ဂလာကုန်းတော်သို့ ၁၂၈၈ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်မှ စ၍ ပြောင်းရွှေ့  ပူဇော်ကြရာ လပြည့်နေ့ ညနေ ၅ နာရီ တွင် ပလ္လင်နန်း၌ ကြွမြန်းစံပယ်တော်မူလေသတည်း ။
ဗုဒ္ဓသာသနံ စိရံ တိဌတု ။
ဂေါပကအဖွဲ့
ပေါ်တော်မူ ( ရှင်ဖြူ ) မြတ်စွာဘုရားကြီး
ပန်းတောင်းမြို့ 
နွေမိုးဆောင်း
March _ 12.3.2012
3:55 pm
ပြည် ချောင်းသာ..................
နွေရာသီကိုရောက်ပြီဆိုတော့ ပူပြင်းလှတဲ့ ရာသီဥတုကို အံတုဖို့ရာ အတွက် သဘာဝတရားက အလိုလျောက် ဖန်တီးပေးတတ်တယ်……..။ ဒါကို ထပ်ပြီး လူတွေက ပြုပြင်မွမ်းမံလိုက်တော့ ဧရာဝတီမြစ်ရဲ့  ဖြူဖွေးလှတဲ့ သဲသောင် ဟာ “ ပြည် ချောင်းသာ ” ဖြစ်သွားတယ်……….။ ကြားခါစ က ဘယ်နှယ့် ချောင်းသာ ဆိုတာ မြန်မာပြည်အောက်ပိုင်းမှာ ရှိတဲ့ ကမ်းခြေတစ်ခုပါလို့…. အခု ပြည် ချောင်းသာ ဆိုတာ ဘယ်လိုပါလိမ့်ဆိုတဲ့ စူးစမ်းမှုတွေနဲ့ ရောက်သွားတော့……….
အိုး……….ဧရာဝတီမြစ်သဲသောင်အစပ်ရေတိမ်တိမ်မှာ သက်ကယ်မိုးလေးတွေနဲ့ ၀ါးပက်လက်ကုလါးထိုင်လေးတွေ ချထားပြီး အပန်းဖြေလို့ရအောင် တီထွင်ထားတဲ့နေရာတစ်ခုပဲ…….။ တစ်ချို့  ၀ါးပက်လက်ကုလါးထိုင်လေးတွေက ရေထဲမှာ ရောက်နေပြီး ခြေထောက်အောက်ပိုင်းကို ရေတွေထဲနှစ်ထားလို့ရတယ် …… ရေထဲမှာ အပန်းဖြေအနားယူရင် ပူပြင်းလှတဲ့ နွေဒဏ်ကို အံတုနေကြတဲ့ လူကြီးတစ်သိုက်…….၊ လူငယ်တစ်စု ၊ မိသားစု တစ်ပြုံ နဲ့ ကိုယ်စီကိုယ်စီ အသီးသီး လာကြတာကိုတွေ့ရတယ်။ သဲသောင်ပြင်ပေါ်မှာ အပန်းဖြေရင်းနှစ်သက်ရာ စားသောက်နိုင်အောင် ဆိုင်လေးတွေလည်း ဖွင့်ထားကြတယ်….....တစ်ချို့ကတော့ဘီယာလေးသောက်လိုက်၊ တောလက်ဖက်သုပ်လေးမြည်းလိုက် ၊ ရေလေးစိမ်လိုက် နဲ့ ……ဇိမ်ကို ကျနေတာပဲ……… ( မဂျီးက တော့မဆီမဆိုင် သူတို့တွေ လေဖြတ်ကြတော့မှာပဲ ဆိုပြီး ပူပင်လိုက်သေးတယ် ) ဆိုင်လေးတွေမှာ ပြည်မြို့ ထွက် တောလက်ဖက်သုပ်ကတော့ မပါမဖြစ်တဲ့ ရောင်းကုန်ပစ္စည်းတစ်ခုပေါ့………နောက်ပြီး ငါးသေးသေးလေးကြော်……နဲ့ အသုပ်ပေါင်းစုံ ရတယ်လေ………အပူ ၊ အအေး လည်း ကြိုက်နှစ်သက်ရာ မှာယူစားသုံးနိုင်တယ်……..အဲ့…ဒါပေမယ့် ဈေးကတော့ဘာလို့ကြီးမှန်းလည်းမသိဘူး……
မိသားစုလိုက်လာတဲ့သူတွေကတော့ ကလေးတွေနဲ့ ရေထဲမှာ ဘောကွင်းတွေနဲ့ ဆင်းပြီးရေကစား နေကြတယ်……….. သူတို့စိတ်ကူးအတွေးထဲမှာတော့ တစ်ကယ့်ချောင်းသာထဲကိုရောက်နေကြတယ်ထင်တယ်……..ဘောကွင်းတွေကိုလည်း စားသောက်ဆိုင်လေးတွေက တွဲဖက်ပြီး အငှါးဖွင့်ထားကြသေးတယ်…။ ကိုယ်တွေကတော့ တောလက်ဖက်သုပ်လေးနဲ့ ရေနွေးကြမ်းလေး စားသောက်ပြီး အပူဒဏ်ကို ကျော်ဖြတ်နေရတယ်……။ ကမ်းစပ်ကနေ ဧရာဝတီမြစ်တစ်ဘက်ကမ်းကို လှမ်းကြည့်လိုက်ရင် အုံမှိုင်းခြောက်သွေ့နေတဲ့ တန့်ကြည်တောင်ရယ်……….ဆင်တဲ ပန်းတောင်းကားလမ်း ရယ် ကို လှမ်းမြင်နေရတယ်………….. ငွေဘုံသာမုနိဘုရားကိုလည်း လှမ်းဖူးနိုင်တယ်………….. ။ ဧရာဝတီမြစ်ကိုဖြတ်တဲ့ န၀ဒေးတံတားကြီးကိုလည်း ငေးမော ကြည့်ရှု့  လို့ရတယ်…………..ဟိုး…….မြစ်အောက်ဘက်ကို လှမ်းကြည့်ပြီး တံငါလှေလေးတွေ လေးလံနှေးကွေးတဲ့ အိမ်ပြန်လမ်းကိုလည်း မျှော်ငေးလို့ရတယ်………….ဒီရက်ပိုင်း ရာသီဥတု ဖောက်ပြန်နေလို့ တိမ်တောင်တိမ်လိပ်တွေ ဖြစ်နေတဲ့ ကောင်းကင်ကြီး ကလည်း အလွမ်းကိုထပ်ဆင့်တိုးစေတယ်………..
ကဲ…………….နွေရာသီမှာ ပြည်မြို့ ဘက်ကိုများရောက်ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူပြည်သားတွေရဲ့  စိတ်ကူးယဉ် ချောင်းသာ ဖြစ်တဲ့ ပြည်ချောင်းသာကို အလည်တစ်ခေါက် ၀င်ရောက် အပန်းဖြေကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်………….
နွေမိုးဆောင်း
11.3.2012
1:30 pm
Subscribe to:
Posts (Atom)