Sunday 21 August 2011

poem

ဘယ်နယ်ကလဲတဲ့ .....
အလယ်ကလူ စကားမဝဲပါ
ငါဟာ .....
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။

တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။

ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။

ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။

ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။

နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။

သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။

မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။

အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်......"သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့"
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။

ငါတို့မှာ ....
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။

နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။

ဒါပေမဲ့ ငါတို့ဟာ ....
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ......
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။

ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။

အနည်းဆုံးတော့ .....
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။

......



နွေမိုးဆောင်း
21.8.2011

Tuesday 26 July 2011

Hacker အကြောင်းသိကောင်းစရာ

၁။ (က) Hacker ဆိုသည်မှာ

Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Crac...ker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အဖြူဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

White Hat
White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

Black Hat
Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

Grey Hat
Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

*********************************************************************

၁။ (ခ) Hacker အဆင့်အတန်းများ

Script Kiddies
Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

Intermediate Hacker
Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

Elite Hacker
နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။

****************************************************************************

၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။

**************************************************

၂။ Password အကြောင်းသိကောင်းစရာ

Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း
Social Engineering

အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။

Shoulder Surfing Attack
Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

Guessing Attack
များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

Dictionary Attack
Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။

Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

Brute Force Attacks
Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

credit to ညအလင်္ကာ




နွေမိုးဆောင်း
 26.7.2011

အသက်အန္တရာယ် ကင်းကင်းနဲ့ အရက်လုံးဝပြတ်နည်း

အသက်အန္တရာယ် ကင်းကင်းနဲ့ အရက်လုံးဝပြတ်နည်း (အမျိုးသားကျန်းမာရေး အထူးဆောင်းပါး)


    ရောဂါ တစ်ခုခုကြောင့် ဆရာဝန်က ညွှန်ကြားလို့ ဖြစ်စေ၊ မကောင်းဘူးလို့ မိမိကိုယ်တိုင် မြင်လာလို့ ဖြစ်စေ၊ တစ်ဦးတစ်ယောက်က တိုက်တွန်းတောင်းဆိုလို့ ဖြစ်စေ အရက်ကို ဖြတ်ဖို့ ကြိုးစားခြင်းဟာ စနစ်မကျရင် အသက်အန္တရာယ် ရှိပါတယ်။ ဘယ်သူဘယ်ဝါဖြင့် အရက်ဖြတ်လိုက်လို့ ကွယ်လွန်သွားတယ် ဆိုတဲ့ သတင်းတွေ ခဏခဏ ကြားနေရလို့ စနစ်တကျ အရက်ဖြတ်နည်းလေးကို မက်ဖန်ပရိသတ်များသို့ တင်ပြပေးလိုက်ပါတယ်။

    အရက်ဖြတ်ရာမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေနဲ့ အဆင့်ဆင့် စနစ်တကျ ဖြတ်ဖို့ အရမ်းလိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ပါ ရှိတယ်ဆိုတာ စာဖတ်သူများလည်း ကြားဖူး မြင်ဖူးမှာပါ။ အရမ်းကြောက်စရာကောင်းတဲ့ ဆိုးကျိုး ဖြစ်ပါတယ်။ အရက်ဖြတ်ပုံဖြတ်နည်း စနစ်ကျရင် လုံးဝအသက်အန္တရာယ် မရှိပါ။

    အရက်ဖြတ်သူဟာ သောက်လာတဲ့ ကာလကလည်းကြာခဲ့ပြီး နေ့တိုင်းသောက်နေကျ ဖြစ်တဲ့ လူမျိုး၊ တစ်နေ့လုံး သောက်နေတဲ့ ပမာဏကလည်း များပြီး အစာလည်း သိပ်မစားတဲ့ လူမျိုးဆိုရင် သေချာပေါက်ကို အန္တရာယ် ရှိပါတယ်။ အကြောင်းအရင်းကတော့ သူဟာ သူ့ရဲ့ စွမ်းအင်ပင်ရင်း (Energy Source) အဖြစ် အရက်ကိုပဲ မှီခိုနေလို့ အရက်ကို တိကနဲ ဖြတ်လိုက်တဲ့ အချိန်မှာ စွမ်းအင်လုံးဝ မရတော့ဘဲ ဆက်အသက်မရှင်နိုင်တော့တာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အာရုံကြောပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေ ကြောင့်ရောပေါ့။
ဒီလိုမျိုးမဖြစ်ရလေအောင် လုံလောက်တဲ့ အချိန်ယူပြီး မျှဉ်းဖြတ်သွားသင့်ပါတယ်။ ဒါကြောင့် စနစ်တကျအရက်ဖြတ်နည်း နဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ဆရာများကို မေးမြန်းထားသမျှတွေ၊ ကျွန်တော် ရှာဖွေစုဆောင်းထား သမျှတွေ ထဲကနေ အရက်ဖြတ်ဖို့ အစီအစဉ် ပြုလုပ်ပုံနဲ့ ဝေဒနာတွေ ပေါ်လာရင် ကုသတဲ့ ဆေးပညာဆိုင်ရာ နည်းလမ်းများကို စီစဉ်ရေးသား ဖော်ပြပေးလိုက်ပါတယ်။

(ဒီလို ဆောင်းပါးကောင်းတစ်ပုဒ်ကို ရေးသားဖြစ်အောင် သူ့မိတ်ဆွေအတွက် စိတ်ပူပန်စွာ မေးမြန်းခဲ့တဲ့ အင်တာနက်ဂျာနယ်က အယ်ဒီတာ ကိုကျော်မျိုးဦး ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်)

အဆင့်တစ်။ ။ အရက်ကို အန္တရာယ်ကင်းကင်းနဲ့ တကယ်ဖြတ်ချင်ရင် ပထမဆုံးလုပ်ရမှာက စိတ်ကို နိုင်အောင် ပိုင်းဖြတ်ပြီး ဆုံးဖြတ်ချက်ချဖို့ပါပဲ။ ဒီနေရာမှာ ဒီတိုင်းဆုံးဖြတ်ချက် ချတာထက် အရက်သောက်ခြင်း မသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို စာရွက်တစ်ရွက် ပေါ်မှာ ချရေးပြီး စဉ်းစားရေတွက် ကြည့်ဖို့ပါပဲ။

(၁) အခုလက်ရှိ အရက်သောက်ခြင်းကနေ ငါရနေတဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ (ဒါဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီကောင်းကျိုးတွေကို တခြားနည်းလမ်း တစ်ခုခုနဲ့ ရအောင်ယူနိုင်ရင် သင်အရက်ပြတ်သွားဖို့ များစွာ အထောက်အကူပြုမှာ ဖြစ်လို့ပါပဲ)

များသောအားဖြင့် လူအများစု တွေးမိလေ့ရှိတဲ့ အဖြေတွေကတော့ အရက်သောက်ခြင်းဟာ စိတ်သောက ပြဿနာတွေကို မေ့စေတယ်၊ သောက်တဲ့အချိန်မှာ ပျော်စရာပဲ၊ ပင်ပန်းတာသက်သာတယ် စသဖြင့် အဖြေတွေ ဖြစ်ပါတယ်။ ဒီကောင်းကျိုးတွေကို တခြားအသိဥာဏ်ပါတဲ့ နည်းလမ်းတွေနဲ့လည်း ရနိုင်တယ်ဆိုတာ ကိုယ့်စိတ်က လက်ခံလာအောင် နှလုံးသွင်းပါ။

(၂) မကောင်းကျိုးတွေကရော ဘာတွေလဲ။ (ဒါကို အဓိက နက်နက်နဲနဲ မှန်မှန်ကန်ကန် တွေးကြည့်ပါ။ လူမှုပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေး၊ အလုပ်၊ ဘ၀အပေါ် ကျေနပ်မှု၊ စိတ်ညစ်ရမှု စတာတွေအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာ သေချာတွေးပါ။ စာရွက်ပေါ်မှာ ချရေးပါ)
ဥပမာ အဖြေတွေကတော့ လူမှုဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်(သောက်ဖော်သောက်ဖက် မဟုတ်သူတွေနဲ့၊ မိသားစုနဲ့ စသဖြင့်ပေါ့)၊ ပြဿနာကို ခဏမေ့ထားတာ ဆိုပေမယ့် ပြဿနာကို ဖြေရှင်းဖို့ ကျန်တဲ့ အချိန်ကို လျော့နည်းသွားစေတယ်၊ တစ်ခါတစ်လေ အရက်ကြောင့် ဖြစ်လာတဲ့ နေရာဒေသ အခြေအနေအချိန်အခါ မရွေးဘဲ လုပ်ချင်ရာလုပ် ပြောချင်ရာပြောတတ်တဲ့ အကျင့်ကြောင့် ကိုယ်တိုင်ရော ပတ်သက်သူတွေပါ အရှက်ရတတ်တယ်၊ အရက်အလွန်အကျွံ နေ့စဉ်သောက်သူဟာ တစ်နေ့နေ့မှာ အသည်းခြောက်ပြီး သေဖို့ တော်တော်နီးစပ်တယ် စတဲ့ အဖြေတွေ ဖြစ်လေ့ရှိပါတယ်။
(ဒီဆောင်းပါးဟာ အရက်ဖြတ်ချင်သူတွေ အတွက် ဖြတ်နည်းကိုသာ အဓိက ဖော်ပြပေးချင်တာမို့ အရက်သောက်ရင် ဖြစ်ရတဲ့ အသည်းရောဂါများ အပါအ၀င် ရောဂါအမျိုးမျိုးကိုတော့ ရေတွက်ပြမနေတော့ပါဘူး)

(၃) မသောက်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ သေချာတာကတော့ အရက်ဖြတ်ပြီးသွားရင် သင်ရဲ့ ကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်မှုတွေ ရှိလာမှာ ပါပဲ။ ဒါဆို မိသားစုတွင်းရေး အပါအ၀င် လူမှုရေးတွေလဲ ကောင်းလာပါလိမ့်မယ်။ ကာယဥာဏအားနဲ့ အချိန်ဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီး နှစ်ခုလည်း ပိုရလာမှာဖြစ်လို့ အလုပ်မှာလည်း အောင်မြင်မှု ပိုရလာမှာ အသေချာပါပဲ။
(၄) မသောက်ခြင်းရဲ့ မကောင်းကျိုးတွေကကော ဘာတွေ ဖြစ်နိုင်မလဲ။

သောကဖိစီးမှုကနေ လတ်တလော ထွက်ပေါက်ရှာ ပြေးရှောင်လို့ မရတော့ဘူးပေါ့။ (မရတော့ကော ဘာဖြစ်လဲ။ ပုန်းရှောင်ခြင်းဟာ အကောင်းဆုံးနည်းလမ်း မဟုတ်မှန်း သင့်အသိဥာဏ်က သိနေတာပဲ)
သောက်ဖော်သောက်ဖက် ဘော်ဒါတွေနဲ့ အကန့်တွေ ပျက်သွားနိုင်တယ်။ (ဒီကိစ္စကတော့ နည်းနည်း စဉ်းစားရမယ်။ တကယ်အရေးပါတဲ့ မကင်းရာမကင်းကြောင်း အထက်လူကြီးတွေ စတဲ့သူတွေနဲ့တော့ မိတ်ပျက်လို့ မဖြစ်ဘူးလေ။ ဒါပေမယ့် သင်ဥာဏ်ရှိရမှာပေါ့။ မသောက်မဖြစ် သောက်ရမယ့် အနေအထားမှာ အနည်းဆုံးပဲ သောက်မယ်၊ နေ့စဉ်စွဲမသောက်ဘူးဆိုရင် အရက်စွဲနေသူ မဖြစ်တော့ဘူးပေါ့။ ဒါဆို အထက်ကဆိုးကျိုးတွေ ဝေးမှာပါ။ အဓိက ကတော့ မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ်ရမှ နေသာထိုင်သာရှိတဲ့ အရက်စွဲနေသူ မဖြစ်ရင် အထက်မှာဖော်ပြခဲ့တဲ့ ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းမှာပါ)

အထက်ပါ အမှတ်စဉ် (၁) (၂) (၃) (၄) မှာ ရေးချခဲ့တဲ့ အချက်တွေကို ကောင်းကျိုး ဆိုးကျိုး အပြန်အလှန် တွက်ချက် သုံးသပ်ပြီး သင်အရက်ဖြတ်ဖို့ တကယ်ထိုက်တန်ကြောင်း ကျေနပ်စွာ ဆုံးဖြတ်ချက်ချပါ။

အဆင့်နှစ်။ ။ အရက်ပြတ်မယ့် အချိန်ကို အတိအကျ ရည်မှန်းပြီး တကယ် စတင် အကောင်အထည်ဖော်ပါ။ သေချာစာရွက်ပေါ်မှာ ချရေးသင့်တဲ့ အချက်တွေ ပါတဲ့ ဖောင်လေးတွေ အရက်ဖြတ်တဲ့ ဆေးရုံဆေးခန်းတွေမှာ သုံးကြပါတယ်။ တကယ်စည်းစနစ်ကျပြီး တကယ်ထိရောက်တဲ့ စာရွက်ကလေး ဖြစ်ပါတယ်။ (မူရင်းစာသားများကိုလည်း ဖော်ပြပေးလိုက်ပါတယ်)
Plan to stop using alcohol

You can complete the highlighted fields on this form online and then print the form for easy reference. Only text that is visible on the form is printed; scrolled text will not print. Any text you enter into these fields will be cleared when you close the form; you cannot save it.

My plan to stop drinking alcohol


1. I will stop drinking any alcohol on:

2. I have written down my reasons for not drinking and placed the list:

3. I have discussed my plan with my family and asked for their support. They will support me by:

4. When offered a drink, I will say:

5. When I am tempted to drink alcohol, I will:

6. I will write in my diary (specify how often):

7. Other things that I plan to do to prevent myself from drinking (such as attending a support group) include:

8. I will evaluate my progress on:

9. I will reward my accomplishments by:

အဲဒီဖောင်လေးကို ဘာသာပြန်ပေးရရင်………
အရက်ဖြတ်ရန် အစီအစဉ်


1. ငါ ဘယ်နေ့၊ ဘယ်လ မှာ အရက်လုံးဝ ပြတ်နေစေရမယ်။ (ဖြစ်နိုင်လောက်တဲ့ ရက်စွဲအကွာအဝေးတစ်ခုကို ချရေးပါ။ မနီးလွန်း မဝေးလွန်းပါစေနဲ့။ တစ်လအတွင်းဆို သင့်တော်ပါတယ်)

2. ငါ့ရဲ့ အရက်ဖြတ်သင့်တဲ့ အကြောင်းအရင်းများ (နံပတ်စဉ်တပ်ပြီး စာရင်းလုပ်ပါ)

3. ငါ့ရဲ့အစီအစဉ်ကို မိသားစုကို ပြောပြပြီး သူတို့ဆီက အကူအညီတောင်းရမယ်။ သူတို့လည်း ကျေနပ်ပျော်ရွှင်စွာနဲ့ ကူညီကြမှာပဲ။ (ကူညီကြမယ့် နည်းလမ်းတွေကို ချရေးပါ)

4. အရက်သောက်ဖို့ လာခေါ်တဲ့သူ၊ တိုက်တဲ့သူ ပေါ်လာရင် ငါပြောမယ့် စကား……………..

5. အရက် ပြန်သောက်ဖို့ ကြိုးစားမိရင် ကိုယ့်ကိုယ်ကိုယ် ပြောမယ့်စကား…………….

6. တစ်နေ့တစ်နေ့ လျှော့သောက်ဖြစ်တဲ့ ပမာဏတွေ၊ မသောက်ဘဲ နေနိုင်တဲ့ အနေအထားတွေကို သေသေချာချာ ဒိုင်ယာရီ ရေးရန်………..

7. သောက်နေကျ အချိန်မှာ မသောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းမယ့် အစီအစဉ်တွေ……… (ဥပမာ အရက်ဖြတ်ပေးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ဆေးရုံမှာပဲ နေမလား စသဖြင့်)

8. ကိုယ့်ရဲ့ တိုးတက်မှုကို ဘယ်လို ပြန်လည်သုံးသပ်မလဲ (ကိုယ့်ကိုယ်ကို သိနိုင်မယ့် နည်းကို ရေးပါ)

9. ဒီကိစ္စအောင်မြင်သွားရင် ငါ့ကိုယ်ငါ ဘယ်လို ဂုဏ်ပြု ဆုချမလဲ…………..

စတဲ့ အချက်တွေကို အရက်ဖြတ်ချင်တဲ့သူကို သေချာ စဉ်းစားပြီး ဖြည့်စွက်စေပါတယ်။ ဒီလို အစီအစဉ် အသေးစိတ် ဆွဲလိုက်တော့ လုပ်ရမယ့် အလုပ်တွေက တိကျပြီး လွယ်ကူနည်းပါးသွား စေပါတယ်။
ပြီးတော့ လျှော့သောက်မယ့် အစီအစဉ်ကို အခုလို အတိအကျ ချမှတ်နိုင်ပါသေးတယ်။

“တစ်နေ့ကို ပမာဏအားဖြင့် ဘယ်လောက်နည်းနည်းစီ လျှော့ချသွားမယ်၊ အကြိမ်အားဖြင့်လည်း ဘယ်လောက်လျှော့ချမယ်၊ တစ်ပတ်မှာ ဘယ်နှရက်ထက် မပိုစေရဘူး………. စသဖြင့်ကနေ တဖြည်းဖြည်း ဆက်လက်ပြီး လျှော့ချသွားနိုင်ရမယ်”

“ဘယ်နှပတ်ကြာရင် ငါဟာ တစ်ပတ်မှာ ဘယ်နှရက်၊ ဘယ်နှပက်ပဲ သောက်တဲ့သူ ဖြစ်စေရမယ်” စသဖြင့် တိတိကျကျ သေသေချာချာ ချမှတ်ရပါမယ်။

• လုပ်ငန်းစတဲ့ အနေနဲ့ သင့်အိမ်နဲ့ ရုံးခန်း စတဲ့ သင်နေနေကျ နေရာတွေမှာ ရှိတဲ့ အရက်တွေ အပါအ၀င် အရက်သောက်ခြင်းနဲ့ ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖယ်ရှား ပစ်ပါ။

• သင့်ရဲ့ ရည်မှန်းချက် အစီအစဉ်ကို လူသိရှင်ကြား ကြေငြာပါ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးပါပါစေ။ (ဒီအထဲမှာ သင်လေးစားကြောက်ရွံ့ရတဲ့ အထက်လူကြီး စတာတွေ ပါရင် ပိုကောင်းပါတယ်) သင့်ရဲ့ အစီအစဉ်ကို အထောက်အကူ ပြုပေးဖို့ပြောပါ။ သင့်ရှေ့မှာ သူတို့ သောက်မပြဖို့ ဒါမှမဟုတ် သင့်ကို မခေါ်ဖို့ စည်းရုံးပါ။

• သင့်ရဲ့ နည်းနည်းလျှော့ထားတဲ့ ရေချိန်အသစ်ကို သင်ရအောင်ထိန်းပါ။ အရက်သေစာ တည်ခင်းဧည့်ခံတဲ့ ပွဲမျိုးကို တတ်နိုင်သမျှရှောင်တာ ဒါမှမဟုတ် လူမှုရေးအတွက် မဖြစ်မနေ အနည်းဆုံးပဲ သောက်တာမျိုး လုပ်ပါ။

• သင့်အစီအစဉ်ကို ဖျက်တဲ့ စကားတွေကို နားမယောင်ပါနဲ့။ သင့်အတွက် တကယ်ဖြစ်သင့်လို့ လိုအပ်လို့ သေချာတွက်ဆပြီးမှ ရည်ရွယ်ချက်ရှိရှိ သံန္နိဌာန် ချထားတာကို မပျက်ပါစေနဲ့။ ဒီလိုလူတွေနဲ့ ခဏတော့ ဝေးဝေးသာ နေလိုက်ပါ။

• အရင်တုန်းက အရက်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးတာ ရှိရင် ဘာလို့မအောင်မြင်ခဲ့သလဲ ဆိုတာ ပြန်တွေးပါ၊ သင်ခန်းစာယူပါ၊ အဲဒီလို ပြန်မကြုံရအောင် ရှောင်ပါ။

ငါတကယ် အရက်ဖြတ်နိုင်ပါ့မလား ???
ဒီလို သံသယ ၀င်လာပြီး ယုံကြည်မှုတွေ မလျော့ပါးပါစေနဲ့။ သင်အရက် လုံးဝပြတ်သွားဖို့ လိုအပ်တဲ့ အချိန်ဟာ သင်ရဲ့ အရက်သောက်သုံးခဲ့ခြင်းရဲ့ များပြားမှု ပြင်းထန်မှု နဲ့ တိုက်ရိုက် အချိုးကျ နေတာမို့ မလောပါနဲ့။ စိတ်ရှည် လက်ရှည် စနစ်တကျ ဖြတ်မှ ရမှာပါ။
အရက်သောက်သုံးမှုကို လျှော့ချရမယ့် စနစ်တကျ အစီအစဉ်လေးများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

• သင်နေ့စဉ် လျှော့ချ သောက်သုံးသွားမယ့် ပမာဏကို သင် စ သတ်မှတ်ပါ။ အရက်စဖြတ်မယ် ဆိုတဲ့ လူတစ်ယောက်ဟာ အမျိုးသားဆိုရင် တစ်နေ့ ၂ ကြိမ်၊ အမျိုးသမီးဆိုရင် တစ်နေ့ ၁ ကြိမ်ထက် လုံးဝ ပို မသောက်သင့်ပါဘူး။ ဖြစ်နိုင်ရင် သင့်ရဲ့ ပက်ချိန်ကန့်သတ်ချက်ကို စာရွက် တစ်ရွက်ပေါ်မှာ ရေးထားပြီး ထမင်းစားခန်းတို့ ရေခဲသေတ္တာတို့မှာ သင့်အတွက် မြင်သာထင်သာ နေရာတွေမှာ ကပ်ထားသင့်ပါတယ်။

• ဒိုင်ယာရီဆန်ဆန် မှတ်တမ်းတစ်ခု ထားသင့်ပါတယ်။ ဒီအထဲမှာ သင်ဘယ်နေ့က အရက်စဖြတ်တယ်၊ အဲတုန်းက တစ်နေ့ ဘယ်လောက်သောက်တယ်၊ ဒီနေ့တော့ ဘယ်လောက်ကို လျော့ကျသွားပြီ၊ သောက်တဲ့ အကြိမ်အရေအတွက်ကလဲ အရင်က တစ်ပတ်ကို ဘယ်နှရက်၊ အခုဘယ်နှရက်ပဲ ရှိတော့တယ် ဆိုတာမျိုးတွေ မှတ်သားသင့်ပါတယ်။ ဒါလုပ်ရတာ အလုပ်ရှုပ်တယ် ထင်ရပေမယ့် သင့်ရဲ့ လွယ်ကူစွာ အရက်ပြတ်ရေးမှာ ကြီးစွာသော အထောက်အကူပေးပါတယ်။

• သောက်စရာ ပစ္စည်းတွေကို ခါတိုင်းလို အလွယ်တကူ နေရာတွေမှာ မထားပါနဲ့။ ခဲရာခဲဆစ် အပြင်ထွက်သောက်ရတာမျိုး၊ ၀ယ်သောက်ရတာမျိုး ဖြစ်အောင် အရက် အမြည်း စတာတွေကို အိမ်မှာ အဆင်သင့် သိုမှီးထားတာမျိုး မလုပ်ပါနဲ့။

• သောက်တဲ့ အချိန်မှာ ခါတိုင်းထက် ဖြည်းညင်းစွာ သောက်ပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနည်းဆုံး နာရီနဲ့ချီခြားပါ။ ဆိုဒါရောပါ။ ရေရောပါ။ သဘာဝ သစ်သီးရည် ရောနိုင်ရင် သင့်ကျန်းမာရေး အတွက် တော်တော် ကောင်းပါတယ်။ အစာမရှိဘဲ လုံးဝ မသောက်ပါနဲ့။ သောက်ရင် အမြည်းပါပါစေ။ အာဟာရပြည့်အောင် အမြဲစားပေးပါ။

• အနားယူတဲ့ နေ့ထားပါ။ အရင်ဆုံး တစ်ပတ်ကို တစ်ရက် (သို့) နှစ်ရက် လုံးဝ (လုံးဝ) မသောက်တဲ့ရက် သတ်မှတ်ပါ။ (စိတ်ရှည် အချိန်ယူရမယ်ဆိုတာ လုံးဝမမေ့ပါနဲ့) တဖြည်းဖြည်းနဲ့ လေး ငါး ရက်လောက် ရလာပြီဆိုရင် တစ်ပတ်တိတိ ရအောင် နေကြည့်ပါ။ သင့်ရဲ့ အရက်ကို သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အင်အားတွေက ဘယ်လောက်တွန်းလှန်နိုင်မလဲ စောင့်ကြည့်ပါ။ တစ်ခါအောင်မြင်သွားပြီ ဆိုတာနဲ့ သင်ဟာ ပိုမို နေသာထိုင်သာ ရှိလာပြီး အရက်လုံးဝပြတ်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

• ဒီနေရာမှာ အကောင်းဆုံး အကူအညီကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီက ရယူဖို့လည်း လိုအပ်လှပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အရက်နာကျတဲ့ ဝေဒနာတွေအတွက် ဆရာဝန်ရဲ့ ကုသမှု မဖြစ်မနေ လိုအပ်လှပါတယ်။ ဒီလို မဟုတ်ရင် သင့်အတွက် အန္တရာယ် ရှိပါတယ်။

အဆင့်သုံး။ ။ဆေးဝါးကုသမှု အကူအညီများ

1. အရက် ပုံမှန်သောက်သူအားလုံးဟာ Vitamin B1 ချို့တဲ့မှု သေချာပေါက် ရှိနေနိုင်တာမို့ အားဆေးတစ်ခုခု မှီဝဲပေးသင့်ပါတယ်။ ဘယ်လိုမှ မတတ်နိုင်ရင်တောင် ဘားပလက်ဆေးပြားလောက်တော့ သောက်ပေးသင့်ပါတယ်။ multivitamin အားဆေးကောင်းကောင်း တစ်ခုခု ပုံမှန်သောက်သင့်ပါတယ်။

2. ရေများများ သောက်ပေးသင့်ပါတယ်။

3. စိတ်ပိုင်းဆိုင်ရာ အားပေးမှု လိုအပ်ပါတယ်။ (ပတ်သက်သူများ၊ မိသားစုဝင်များ စသည်)

4. ဒီအချိန်မှာ အရက်နာကျခြင်းရဲ့ ဆိုးကျိုး (သို့) အရက်ဖြတ်လိုက်တဲ့ နောက်ဆက်တွဲ အနေနဲ့ ဒေါသအရမ်းထွက်ချင်နေခြင်း၊ သောကတွေများနေခြင်း၊ ဂနာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်းတွေ ခံစားရနိုင်လို့ ဆေးရုံဆေးခန်းတစ်ခုခုမှာ သွားရောက် ဖြတ်သင့်ပါတယ်။ အရမ်းဆိုးရင် တက်တာတောင် ဖြစ်နိုင်ပါတယ်။ ချွေးတွေပြန်၊ လက်တွေတုန်ပြီး ရင်တုန် ဒေါသထွက်စိတ်ရှုပ်ခြင်းတွေ အတွက် ဆေးကုသမှု (Medical Treatment) မဖြစ်မနေ ယူရမှာ ဖြစ်ပါတယ်။

5. အရက်နာကျတာကို ဆေးအနေနဲ့ ဒိုင်ရာဇီပင် (Diazepam) ၁၀-၂၀ မီလီဂရမ်ကို ဝေဒနာတွေ ပြင်းထန်မှု အပေါ် မူတည်ပြီး တစ်ပတ်လောက် မှီဝဲရမှာ ဖြစ်ပါတယ်။ ဆရာဝန်ဆီမှာ ဆိုရင်တော့ ထိုးပေးပါလိမ့်မယ်။ ဒီဆေးက ဆရာဝန်လက်မှတ်နဲ့ပဲ ၀ယ်ရတဲ့ ဆေးမို့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကယောင်ကတမ်းတွေ ဖြစ်လာရင် Haloperidol ထိုးပေးဖို့ လိုသလို တခြားလိုအပ်တဲ့ ထောက်ပံ့ကုသမှု (Supportive Treatment) လိုရင်လည်း ဆရာဝန်မှပဲ လုပ်ပေးတတ်မှာပါ။

6. ဒိုင်ရာဇီပင် မရနိုင်လို့ ရှိရင် Chlomethizole သို့မဟုတ် Chorodiazepoxide စတဲ့ဆေးတွေကို အစားထိုးနိုင်ပါတယ်။ Chorodiazepoxide ကို အရက်နာကျ သူတွေမှာ ပေးတဲ့ ပမာဏကတော့ အကြမ်းဖျဉ်း 25-100 mg ၆ နာရီခြား ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်ပါ။

7. အရက်ဖြတ်တဲ့ဆေးလို့ အရပ်ထဲမှာခေါ်တဲ့ Disulfram ကို တစ်ရက်ကို 125-250 mg ၆လသောက်ရမှာ ဖြစ်ပါတယ်။

အဆင့်အားလုံး စနစ်တကျ လုပ်ရင် အသက်အန္တရာယ် ကင်းကင်းရှင်းရှင်း နဲ့ အရက်ရဲ့ ကျေးကျွန်ဘ၀ကနေ သင်ဟာ သေချာပေါက် လွတ်မြောက်မှာ ဖြစ်ပါတယ်။



နွေမိုးဆောင်း
26.7.2011

Saturday 9 April 2011

ကော်နရှင်မကောင်းသောမြန်မာမှuserများအတွက်ဦးဇင်း၏စေတနာ

မြန်မာပြည်ရောက်တုန်း အင်တာနက်သုံးကြည့်တဲ့ခါ ဘလော့တင်မရ၊ ဖွင့်မရ၊ gtalk gmail ဖွင့်မရတာတွေ များနေလို့ မိမိတက်သိနားလည်သလောက် လိုက်ရှာကြည့်ရာ အောက်ပါဆိုဒ်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဆိုဒ်လေးတွေကို ဖွင့်ကြည့်တဲ့ခါ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကော်နရှင်ကျတဲ့ချိန်တွေမှာ သုံးလို့ရတဲ့အတွက် အဲဒါတွေကို သုံးကြည့်ပြီး မြန်မာပြည်မှ ဒကာ၊ ဒကာမများ အသုံးပြုလွယ်ကူစေရန် ဦးဇင်းမျှဝေပေးလိုက်ပါတယ်။ ဦးဇင်းအကောင့်ထဲမှာမရှိတဲ့သူတွေကိုလည်း တစ်ဆင့်ချင်းစီ ပြန်လည်မျှဝေပေးကြပေါ့လေ။ အထူးသဖြင့် မြန်မာပြည်ကလူတွေကို မျှဝေပေးကြပါ။

ပထမဦးဆုံး gtalk ၀င်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။

၁။ http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။

၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။

၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။

အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။

gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။

ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။

တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။

ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။ ဦးဇင်းရဲ့ အင်တာနက်မှာ ဘာသာရေးအကြောင်း အမေးအဖြေများနဲ့သိသင့်သည့်များ ရေးသားတင်ပြချက်များကိုတော့ (၅)လပိုင်း ပြည်ပပြန်ရောက်မှပဲ ဖတ်ရှု့ကြပေါ့လေ။ ခုတော့ သွားလာစရာများတာနဲ့ရော အင်တာနက်မသုံးဖြစ်တာများတာကရောကြောင့် ဘလော့ပို့စ်တင်ခြင်းများ မပြုလုပ်နိုင်တာကို သည်းခံစောင့်ဆိုင်းပေးကြပါလေ။

ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxyနဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ ဦးဇင်းကတော့ ခုဖော်ပြခဲ့တဲ့နည်းစနစ်လေးတွေရှာဖွေအသုံးပြုခဲ့တာ အဆင်ပြေပါတယ်။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။

မှတ်ချက်။ နည်းပညာများ ကျွမ်းကျင်၍ ရေးသားတင်ပြခြင်းမဟုတ်ပါ။ စေတနာထား၍ သိသမျှကို မြန်မာပြည်ကော်နရှင်သုံးနေသူများအား ကိုယ်ချင်းစာလို့ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်လေ။ တကယ်လို့များ ခုပြောပြခဲ့တဲ့နည်းစနစ်များကို နားမလည်ပါက ဦးဇင်းယခုကိုင်နေတဲ့ဖုန်း (09-5023259)ကို ဆက်မေးလို့ရပါတယ်လေ။

အားလုံးအား စေတနာထားလျှက် ယခုတင်ပြချက်ကို နိဂုံးချုပ်ပါရစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း




နွေမိုးဆောင်း
 9.4.2011

Tuesday 29 March 2011

လိုချင်သူယူစေ

 














....

နွေမိုးဆောင်း
 29.3.2011

poem

လှေခါးထစ်တွေပေါ်မှာ လမ်းမတွေပေါ်မှာ ရှပ်တိုက်ပြေးလွှားနေတဲ့ သစ်ရွက်ကြွေတွေကို မင်းမမြင်ဘူးလား။ သူတို့ပြန်ပြီး စိမ်းလန်းနိုင်လေဦးမလား………။ (တဂိုး)



နွေမိုးဆောင်း
29.3.2011

ချစ်သူများနေ့တဲ့လား

ချစ်သူများနေ့တဲ့လား



ဒီနေ့ ..

ဖေဖေါ်ဝါရီ ၁၄ရက်

''ချစ်သူများနေ့'' တဲ့လား

ညီမလေးရေ ...

ရင်ခုန်နေသလား

ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..

ချောကလက်လေးတွေ၊

... တွေ၊ .... တွေ

ဟိုက သည်က

အများကြီး အများကြီး ..

မင်းရနေသလား ...

လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်

လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်

လူလတ်တွေလဲ ကသုတ်ကရက်

လူတတ်တွေကလဲ ဗရုပ်ဘယက်၊



အော် ...

တကယ်တော့ ...

ဒီနေ့ဟာ ...

ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့

၄၅ ရက်မြောက်နေ့ ...

'ကလောဒီယပ်စ်' ဆိုတဲ့

သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်

ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး

ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့

တာနီမြို့က Saint Valentine ဆိုတဲ့

သူတော်စင်ပုဂ္ဂိုလ်ကြီး

ရောမမှာ ..

နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့ေ



န့ပါ ....

သူတို့ဟာသူတို့

ဂုဏ်ပြုရင်ပြုပါစေ ...

တို့တွေနဲ့ အဝေးကြီးပါကွယ် ...



ညီမလေးရယ်

တစ်ခုလောက်

သေသေချာချာ စဉ်းစားပါဦး

မနေ့က ...

ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ

လွန်ခဲ့တဲ့ ၉၄နှစ်ကာလက

နွေအကူး ...

လေရူးတွေ ဝေနေတဲ့

အဲဒီနေ့ ....

စနေနေ့ မနက်

အရုဏ်တက်လို့

မိုးသောက်ကျင်းတဲ့အချိန်မှာ ....

'ထိန်လင်း' ဆိုတဲ့

ကလေးငယ်ကလေး ...

ဟိုး အညာက နတ်မောက်မြို့မှာ ..

မွေးဖွါးခဲ့တယ်



သူက ...

စာပေကိုချစ်တယ်

အမှန်တရားကို ချစ်တယ်

ချစ်သူကိုချစ်တယ်

ရင်သွေးတွေကို ချစ်တယ်

အဲဒါတွေ အားလုံးထက်ပိုပြီး ...

တို့တိုင်းပြည်ကို ချစ်သတဲ့



ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊

ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊

ယောက်ျားကောင်းတို့ရဲ့ သီလ၊

ယောက်ျားကောင်းတို့ရဲ့ စာဂ

ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊

ယောက်ျားကောင်းတို့ရဲ့ ပညာ၊

ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊

သူ့မှာ အကုန်ရှိသတဲ့ ....



နောက်ဆုံး ...

အဲဒါတွေအကုန်လုံး

တိုင်းပြည်ကိုပေးပြီး

ဘာမှ ယူမသွားရှာလေတဲ့ ....



ချစ်သူကောင်းတစ်ယောက်

ယောက်ျားးကောင်းတစ်ယောက်

ဖခင်ကောင်းတစ်ယောက်

အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်

တို့ရဲ့ ...

မျိုးချစ်သူရဲကောင်းတစ်ယောက်ကို

တော့

ချစ်ဖို့မေ့နေကြတာ

ရင်နာလိုက်တာကွယ်



'ဖေဖေါ်ဝါရီဆယ့်သုံးမှာ

ဗိုလ်ချုပ်မွေးနေ့ပါ။

တထောင့်ကိုးရာတဆယ့်ငါး၊

ရှေ့နေဦးဖာ သား။

ဇာတိနတ်မောက် မကွေးခရိုင်၊

သိကြများခုတိုင်။

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊

မိခင်ဒေါ်စု သား ...'



ငယ်ငယ်က

ဆိုခဲ့ရတဲ့ ကဗျာလေး ...

အခုတော့ ဘယ်မှာလဲ



ကိုယ်နဲ့ ဘာမှမဆိုင်တဲ့

အီတလီက သူတော်စင်ကို

သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက

ဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက် ..

အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ

တို့တွေအတွက် ..

ပိုပြီး လေးနက်ပြန့်ကျယ်တဲ့

အဓိပ္ပာယ် ရှိပါတယ်ကွယ် ...

ဒီနှစ်တော့ ရှိပါစေတော့

ညီမလေးရယ် ....


ကောင်းကင်ကို




( နွေမိုးဆောင်း)
 29.3.2011

ဂတိ

ဂတိနဲ့ပတ်သက်ရင်.............


ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ

အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့

သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။

ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့်

လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့

ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက

ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက

ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့

ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။

အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက်

အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။



ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။

ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊

တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊

ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊

ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကိုအလှဆုံး

သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။



 နွေမိုးဆောင်း
29.3.2011

Monday 28 March 2011

သို့...ကမ္ဘာမြေ

သို့...ကမ္ဘာမြေ




အို ... ကမ္ဘာမြေ

နှုတ်ဆက်လိုက်တယ်

(သင်)ငြိမ်းချမ်းပါစေ။



...အို ... ကမ္ဘာမြေ

အားလုံးသိတယ်

မင်းနေမကောင်းဖြစ်ခဲ့တာကြာပြီပဲ ... ။



မွန်းကြပ်တဲ့CO2အောက်မှာ

မင်းအသက်ရှုသံလည်း ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်လို့

မင်းအဆီအနှစ်တွေလည်း ခမ်းခြောက်လို့

မင်းအရည်ကြည်ဓါတ်တွေ ယုတ်လျော့လို့

မင်းဝတ်တဲ့အင်္ကျီလည်း ပေါက်ပြဲလို့

မင်းအသွေးအသားရဲ့  စိမ်းလန်းမှု ဘယ်မ(မှာ)လဲ...။



လှပတဲ့ အများခေါ်တဲ့ မင်းနာမည်

နွေးထွေးတဲ့ “ အမိ ကမ္ဘာမြေ ”

၂၁ ရာစုစ မင်းနာမည်သစ် “ Endangered Earth”

“အန္တရာယ်ကြုံနေရတဲ့ ကမ္ဘာမြေ” တဲ့

သဘာဝဒဏ်တွေ ခြိမ်းခြောက်ခံနေရတဲ့ မင်း

ကိုယ့်ခန္ဓာပိုးတွေရဲ့  လှိုက်စားမှုဒဏ် ခံနေရတဲ့ မင်း

ရောဂါဆိုးတွေ တမျိုးပြီးတမျိုးကလည်း

အပေါင်းအဖော်ပြုလို့ ... ။



မင်းသက်တမ်းစေ့ မနေနိုင်မှာစိုးရိမ်မိတယ် ကမ္ဘာမြေ

မင်းခန္ဓာအပူရှိန်လည်း တရိပ်ရိပ်တတ်လို့

မင်းကိုယ်မင်းလည်း မထိန်းနိုင်တော့ဘူး

မင်းရင်ခုန်သံတွေလည်း ပြင်းထန်လိုက်တာကွယ်

ကြားရသူတွေ တုန်လှုပ်ကုန်ရတယ် ... ။



ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ ကမ္ဘာမြေ

ငါ ချစ်တဲ့ ကမ္ဘာမြေ

ငါ မှီတင်းတဲ့ ကမ္ဘာမြေ

ဒါတွေဟာ ဘယ်သူ့ကြောင့်များလဲကွယ်...။



အို ... ကမ္ဘာမြေ

ဆုတောင်းလိုက်တယ်

(သင်) ကျမ်းမာပါစေ ။ ။ ။



(((အမ်အယ်လ်)))



“ နွေမိုးဆောင်း ”
 28.3.2011

မိမိကိုယ်ကိုစမ်းစစ်ခြင်း ..............

မိမိရဲ့ စိတ်နေ သဘောထားနှင့် မိမိဟာ မည်သို့ လူမျိုး တစ်ယောက် ဖြစ်သည်ကို
အောက်ပါ မေးခွန်းတွေကို ဖြေပြီး ရတဲ့ အမှတ်ပေါင်း အလိုက် အောက်ဆုံးတွင်
ရေးထားသည့် အဖြေကို ကြည့်၍ မိမိကိုယ်မိမိ ဆန်းစစ်ကြည့်နိုင်ပါသည်။
မေးခွန်း နံပါတ် (၁) မှ (၁၀) အထိ ဖြေပြီး ရသော အမှတ်များ အားလုံးကို
ပေါင်းသွားပါ။

မေးခွန်း နံပါတ် (၁)
သင့်အတွက် နေ့တစ်နေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။

(က) မနက်ခင်း – ၂ မှတ်
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန် – ၄ မှတ်
(ဂ) ညဉ့်နက်ချိန် – ၆ မှတ်

မေးခွန်း နံပတ် (၂)
သင် လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …

(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန် – ၆ မှတ်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန် – ၄ မှတ်
(ဂ) ပုံမှန် လှမ်းရင်းနဲ့ ခေါင်းမော့ ထားမယ်။ လောကကြီးကို
ရင်ဆိုင်တော့မယ့်ပုံ – ၇ မှတ်
(ဃ) ပုံမှန် လှမ်းတယ်။ ခေါင်းငုံ့ ထားရင်း – ၂ မှတ်
(င) ဖြေးဖြေး နှေးနှေးပဲ လျှောက်တယ် – ၁ မှတ်

မေးခွန်း နံပတ် (၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ သင့်ရဲ့အမူအရာက …

(က) မတ်တတ် ရပ်ရင်း လက်ပိုက်ထားမယ် – ၄ မှတ်
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ် – ၂ မှတ်
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက် ထားမယ်။
ဒါမှမဟုတ် ဘောင်းဘီ အိတ်တွေထဲကို နှိုက်ထားမယ် – ၅ မှတ်
(ဃ) သင့်ရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း – ၇ မှတ်
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ်
မျက်နှာကို ပွတ်သပ်နေရင်း – ၆ မှတ်

မေးခွန်း နံပတ် (၄)
သင် အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …

(က) ဒူးခေါင်းကို ကွေးလို့ ပူးကပ်ထားမယ် – ၄ မှတ်
(ခ) ခြေချိတ်ထားမယ် – ၆ မှတ်
(ဂ) အကြောတွေ ဖြေလျော့လို့ ခြေဆင်းထားမယ် – ၂ မှတ်
(ဃ) ခြေတစ်ဖက် ကွေးလို့ ဖိထိုင်ထားမယ် – ၁ မှတ်

မေးခွန်း နံပတ် (၅)
ပျော်ရွှင်စရာ တစ်ခုခု တွေ့တဲ့အခါ သင်တုံ့ပြန်ပုံက …

(က) အားပါးတရ ရယ်မောမယ် – ၆ မှတ်
(ခ) ခပ်ကျယ်ကျယ် မဟုတ်ပဲ ရယ်မောမယ် – ၄ မှတ်
(ဂ) အေးအေး ပုံမှန်လေးပဲ ရယ်မောမယ် – ၃ မှတ်
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ် – ၅ မှတ်

မေးခွန်း နံပတ် (၆)
သင်က ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲ တစ်ခုခုကို သွားရတဲ့အခါမှာ …

(က) လူတွေ သတိထား မိအောင် နှုတ်ဆက်သံ ကျယ်ကျယ် လောင်လောင်နဲ့ ဝင်သွား
တတ်တယ် – ၆ မှတ်
(ခ) တိတ်တဆိတ်ပဲ ဝင်သွား တတ်တယ်။ သင့်အသိ တစ်ယောက်ယောက်များ
ရှိနေမလားလို့ ဟိုဒီရှာရင်းနဲ့ – ၄ မှတ်
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှ သတိ မထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ် – ၂ မှတ်

မေးခွန်း နံပတ် (၇)
သင် အလုပ်လုပ် နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား
လုပ်နေချိန်မှာ တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်)
သင်က …

(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ် – ၆ မှတ်
(ခ) အရမ်း စိတ်ဆိုးသွားတတ်တယ် – ၂ မှတ်
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့
တုံ့ပြန်တတ်တယ် – ၄ မှတ်

မေးခွန်း နံပတ် (၈)
ဘယ်အရောင်လေးကို သင် အနှစ်သက်ဆုံးလဲ။

(က) အနီရောင် (သို့) လိမ္မော်ရောင် – ၆ မှတ်
(ခ) အနက်ရောင် – ၇ မှတ်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့ – ၅ မှတ်
(ဃ) အစိမ်းရောင် – ၄ မှတ်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင် – ၃ မှတ်
(စ) အဖြူရောင် – ၂ မှတ်
(ဆ) အညိုရောင် (သို့) မီးခိုးရောင် – ၁ မှတ်

မေးခွန်း နံပတ် (၉)
သင် ညအိပ်ရာ ဝင်တဲ့အခါ အိပ်မပျော်ခင် အချိန်လေးမှာ သင်လှဲနေတတ်တဲ့ ပုံလေးက…

(က) ပက်လက်ကလေး ဖြေလျော့ နေတတ်တယ် – ၇ မှတ်
(ခ) မှောက်ခုံလေး ဖြေလျော့ နေတတ်တယ် – ၆ မှတ်
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ် – ၄ မှတ်
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက် ခုရင်း နေတတ်တယ် – ၂ မှတ်
(င) ခေါင်းအုံးအောက်မှာ ခေါင်းကို ဝှက်ရင်း နေတတ်တယ် – ၁ မှတ်

မေးခွန်း နံပတ် (၁၀)
မကြာခဏ သင့်ကိုယ်သင် အိပ်မက်တတ်တာက …

(က) ကျဆုံးနေသူ – ၄ မှတ်
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ – ၂ မှတ်
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံ တစ်ယောက်ကို ရှာဖွေနေရတတ်တယ် – ၃ မှတ်
(ဃ) လေထဲမှာ ပျံသန်း နေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ် – ၅ မှတ်
(င) သင် အိမ်မက် မက်လေ့မရှိဘူး – ၆ မှတ်
(စ) သင် စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ် – ၁ မှတ်

အဖြေအားလုံး အလိုက် ရတဲ့ အမှတ်တွေကို ပေါင်းကြည့်ပြီး သွားပြီဆိုရင်တော့၊
အောက်မှာ ဖတ်ကြည့် လိုက်ပေတော့။ အသင် ဘယ်လိုလူလည်း ဆိုတာကို …

အမှတ်(၆၀)ကျော်တယ်ဆိုရင် -
တစ်ခြားလူတွေက သင့်ကို ဂရုတစိုက် ပေါင်းသင်းဆက်ဆံရမဲ့လူလို့ မြင်ကြတယ်။
သင်က မာနကြီးတယ်၊ အတ္တကြီးတယ်၊ ပြီးတော့ သူတစ်ပါးကို အပေါ်စီးကနေ
ပြောဆိုချင်တယ်။ လူတစ်ချို့က သင့်ကို လေးစားကြမယ်၊ နှစ်သက်ကြမယ်။ ဒါပေမဲ့
ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူး။ သင်နဲ့ ရင်းရင်းနှီးနှီး
ပေါင်းသင်းဖို့ကို စိတ်မပါကြဘူး။ ဒါမှမဟုတ် ချီတုံချတုံ ဖြစ်နေတတ်တယ်။

အမှတ်(၅၁)ကနေ (၆၀)အထိဆိုရင် -
တစ်ခြားလူတွေက သင်ဟာ စိတ်လှုပ်ရှား လွယ်တယ်။ ဒါမှမဟုတ် စိတ်ထက်သန်သူ၊
တစ်ခါတရံမှာလည်း အလွယ်တကူ လက်လျော့ တတ်တယ်လို့ မြင်ကြမယ်။ စိတ်ကူး
ရနေရင်တော့ သင်ဟာ ခေါင်းဆောင် တစ်ယောက်လို ပါပဲတဲ့။ ဆုံးဖြတ်ချက်တွေ
ကိုလည်း မြန်မြန် ပေးတတ်တယ်။ အဲဒီ အခါမျိုးတွေမှာ သင်ဟာ ရဲရင့်သူ
တစ်ယောက်၊ နောက်ပြီးတော့ စွန့်စားမှု တစ်ခုခုကို လုပ်နေတတ်တယ်။ ဥပမာ
အပြောင်းအလဲ တစ်ခုခု၊ ဒါမှမဟုတ်လည်း စွန့်စားမှုတွေနဲ့ ပျော်နေတတ်တယ်။
သင်နဲ့ အပေါင်းအသင်း ဖြစ်ရမှာကိုလည်း လိုလို ချင်ချင် ရှိနေကြတယ်။
ဘာလို့လည်း ဆိုတော့ သင့်ရဲ့ စိတ်ထက်သန်မှုတွေက တစ်ခြားသူတို့ အပေါ်
စိုးမိုးနိုင်(နှိုးဆွနိုင်)လို့ပါပဲ။

အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက သင်ဟာ လန်းဆန်း တက်ကြွနေတတ်သူ၊ အမြဲ နိုးကြားနေသူ၊
စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့ လက်တွေ့ဆန်ဆန်
နေတတ်ပြီး အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စား နေတတ်သူလို့ မြင်ကြတယ်။
နောက်ပြီး သင်ဟာ အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက် တွေးနေတတ်တယ်။
ဒါပေမဲ့ သေသေချာချာ ပိုင်းခြား ချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲ
ထည့်မထား တတ်သူပါ။ လူတွေက သင့်ကို ကြင်နာတတ်သူ၊ ညှာတာ ထောက်ထားတတ်သူ၊
ပြီးတော့ နားလည် ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေ အပေါ်မှာ
အားပေးလို့ ကူညီ နေတတ်သူ လို့လည်း ခံယူကြတယ်။

အမှတ်(၃၁)ကနေ (၄၀)အထိဆိုရင် -
တစ်ခြားသူတွေက သင့်ကို ဆင်ခြင် ဆုံးဖြတ်နိုင်သူ၊ သတိရှိသူ၊ ဂရုတစိုက်
နေထိုင်တတ်ပြီး လက်တွေ့ ဆန်သူလို့ မြင်ကြတယ်။ နောက်ပြီး သင်ဟာ ပါးနပ်
လိမ္မာသူ၊ မွေးရာပါ ပါရမီကိုက ကောင်းသူ၊ အရည်အချင်း ရှိသူတစ်ယောက်
ဖြစ်တဲ့အပြင် ခေတ်ဆန်ဆန်လည်း နေတတ်ပါတယ်။ သင်ဟာ အလွယ်တကူနဲ့ မြန်မြန်
အပေါင်းအသင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ အပေါင်း အသင်းကို အရမ်းပဲ
သစ္စာရှိစွာ ပေါင်းသင်း တတ်ပါတယ်။ ကိုယ့်အပေါ် မှာလည်းပဲ သစ္စာရှိစွာ
ပေါင်းသင်း သူတွေကိုသာ အဲဒီလို ပြန်လည် ပေါင်းသင်း တတ်သူပါ။ သင့်ကို
နားလည် လိုသူတွေဟာ သင်နဲ့ တကယ်ကို ယုံကြည်စွာ ပေါင်းသင်းနေသူ ဖြစ်မှ
နားလည်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလို အချက်တွေကြောင့်ပဲ ယုံကြည်မှု
ပြိုလဲသွားရင် သင့်အနေနဲ့ ယုံကြည်ချက် အပေါ်ထားတဲ့ စိတ်ခံစားချက်ကို
ကျော်လွန်နိုင်ဖို့ အချိန်ယူရ တတ်သူပါ။

အမှတ်(၂၁)ကနေ (၃၀)အထိဆိုရင် -
တစ်ခြားသူတွေက သင့်ကို လုံလ ရှိသူတစ်ယောက်။ ဒါပေမဲ့ ပျာယာခတ်ပြီး
ဇီဇာကြောင်တတ်သူလို့ မြင်ကြတယ်။ သူတို့ တစ်တွေက သင်ဟာ သတိရှိသူ၊
အမြဲတမ်းလိုလို ဂရုတစိုက်လုပ်တတ်သူ၊ ဖြည်းဖြည်းမှန်မှန်နဲ့ မနားမနေ
အလုပ်လုပ် တတ်သူလို့လည်း မြင်ကြတယ်။ တစ်ခါတစ်ရံ သင်စိတ်ကူး ရသလို
လုပ်နေတတ်တာ၊ ဒါမှမဟုတ် သင်တိုက်တွန်း နှိုးဆွလိုက်တဲ့ ကိစ္စတွေအတွက်
တစ်ခြား သူတွေက သဘောကျ နှစ်ခြိုက် နေတတ်ပါတယ်။ သင့်ရဲ့ ပြဿနာတွေကို
အသေအချာ ချဉ်းကပ်ပြီး မထင်ရတဲ့ ပုံစံနဲ့ ဆုံးဖြတ်ချက် တွေကိုလည်း
နှစ်ခြိုက်ကြပါတယ်။ သူတို့တွေက သင် ဒီလိုချဉ်းကပ် ဖြေရှင်း နိုင်တာကိုက
သင့်ရဲ့ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့် ကြောင့်လို့လည်း တွေးကြတယ်။

အမှတ်ပေါင်းက (၂၁)ရဲ့ အောက်မှာဆိုရင်တော့ …
တစ်ခြားသူတွေက သင့်ကို ရှက်တတ်သူ၊ စိုးရိမ် ကြောင့်ကြတတ်သူ၊ အဆုံးအဖြတ်
မပေးနိုင်သူ၊ အတိတ်ကို အမြဲတမ်း ပြန်ကြည့် နေတတ်သူ တစ်ယောက်။ တစ်စုံ
တစ်ယောက် ဆီကနေ အမြဲပဲ ဆုံးဖြတ်ချက်တွေကို လိုချင်နေသူ တစ်ခြားသူတွေနဲ့
ပေါင်းသင်းရမှာ ကိစ္စ အသစ်တွေမှာ ပါဝင် ဆင်နွှဲရမှာကို မလိုလား တတ်သူလို့
မြင်ကြတယ်။ ပိုဆိုးတာက သူတို့တစ်တွေရဲ့ အမြင်မှာ သင်ဟာ အမြဲတမ်း
တစ်ခုခုကို စိုးရိမ် နေတတ်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို စဉ်းစားပြီး
တွေးကြောက် နေတတ်သူလို့ မြင်နေတတ်တာပါ။ အပျင်း ကြီးတယ်လို့ ကလည်း
ထင်ကြသေးတယ်။ တစ်ခုတော့ ရှိပါတယ်။ သင့်ကို ကောင်းကောင်း သိတဲ့ နားလည်တဲ့
သူတွေကသာ သင်ဒီလို မဟုတ်တာကို သိကြမယ်။



နွေမိုးဆောင်း
 28.3.2011