Tuesday 29 May 2012

သာလွန်မင်း

“  ပျိုးသည့်  ၊ စိုက်သည့် ၊ ပြင်သည့် ၊ လုပ်သည့် ဥယျာဉ်သဖွယ်ဖြစ်၏။ ”
“ ငါ့တွင်မူကား မသန်သည်ကိုသန်အောင် ၊ မပွင့်သည်ကိုပွင့်အောင် ၊ မသီးသည်ကိုသီးအောင်၊ မစည်သည်ကိုစည်အောင် ၊ မပွါးသည်ကိုပွါးအောင် ......၊ အစွတ်သင့်သည်ကိုအစွတ်နှင့် ၊ အခြောက်သင့်သည်ကို အခြောက်နှင့် ........... ၊ ခါးသည့်အပင်ကိုမသက်ရအောင် ၊ ချိုသည့်အပင်ကိုမပျက်ရအောင် ........၊ အမြစ်ယှက်ရင်သြဇာပေါ့သည်၊ ပျက်သည်များကို အမြစ်အပင်မယှက်ရအောင် တတ်လှသော ဥယျာဉ်သည် သုတ်သင်သိမ်းပိုက်စိုက်ပျိုးသကဲ့သို့......... ၊ သာသနာတော်စီးပွါးပြည်သူလူတကာ  သတ္တ၀ါအပေါင်းတို့စီးပွါး ၊ မိမိပြည်နိုင်ငံ ၌ ရှိသောလူအပေါင်းတို့ကို ကတိတည်စွာ............ ၊ ငယ်သသူကိုကြီးသာအောင် ၊ ကြီးသသူကို အိုသာအောင် ၊ အိုသသူကို ချမ်းသာစွာသေရအောင် ..........”

“ တိုင်းပြည်ကို ဥယျာဉ်သဖွယ် တင်စားပြီး ထိုဥယျာဉ်ထဲက အသီးအပွင့်တို့သန်ဖို့ ပွင့်ဖို့ စည်ပင်တိုးပွားဖို့လုပ်ဆောင်မည်။ ထိုသို့လုပ်ဆောင်ရာတွင် စိုသင့်စွတ်သင့်ခြောက်သွေ့သင့်သည်များကို အဆင့်ဆင့်လုပ်ဆောင်ရင်း ခါးသည့်အရာကို ပိုမခါးသွားရအောင် ချိုသည့်အရာလည်း အချိုမပျက်ရအောင် စောင့်ရှောက်ပါမည်.။ ဥယျာဉ်ကြီးရှိအပင်များသည် အမြစ်အယှက်အကိုင်းမခက်ဘဲ ဝေဆာပြီး တိုင်းပြည်၏သာသနာတော်စီးပွား ပြည်သူလူထုစီးပွားသာစေရန် တာဝန်ယူပါသည်။ ထို့အတူ ငယ်သူတွေကြီးလာမယ့်အရေးမှာ ဘေးအန္တရာယ်မရှိ မှန်ကန်စွာ ကြီးပြင်းခွင့်ရစေရန်၊ ကြီးသူတွေကအိုလာမည့်အရေးမှာ စိတ်လက်ဆင်းရဲစွာမအိုစေရ နည်းလမ်းကျစွာအိုမင်းခွင့်ရစေမည်။ ထို့ပြင် သေခြင်းဆိုသည်မှာ ဆင်းရဲခြင်းဖြစ်သည်။ သေပုံသေနည်းဆင်းရဲခြင်းတွေရှိသည့်အထဲမှ သေခြင်းကို ရဲဝံ့အေးဆေးစွာ ရင်ဆိုင်နိုင်စေအောင် အသေဖြောင့်အောင် အသေတတ်အောင် သေရကျိုးနပ်သကဲ့သို့ ခံယူသွားနိုင်အောင် ချမ်းသာစွာ သေခြင်းမျိုးနဲ့ကြုံရအောင် တာဝန်ယူပါသည်။ ”


ဆိုတဲ့ မြန်မာသက္ကရာဇ် ၄၄၀ ခုနှစ် ၊ AD ၁၆၂၈ ခု  သာလွန်မင်းတရား နန်းတက်စဉ် တိုင်းပြည်အနှံ မောင်းကြေးနင်းခတ်၍ ကြေငြာသော မောင်းခတ်သံ ဖြစ်ပါသည်။

 26.5.2012
4:00pm

ပခန်းဝန်ကြီး ( သတိုးမင်းကြီးမဟာမင်းလှစည်သူ)

ချစ်ဦးညို ရဲ့  “ သမိုင်းမတွင် ၊ သမိုင်းတွင် ၊ သမိုင်းဝင်နေတဲ့စကားများ ” စာအုပ်ကိုဖတ်တော့ ပခန်းဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှစည်သူ သာ ဒီခေတ်ဒီစနစ်မှာ သက်ရှိထင်ရှားရှိရင် ကောင်းမှာပဲလို့ တွေးမိတယ် ။ အဲ့ဒီ့ စာအုပ်ထဲမှာ ပခန်းဝန်ကြီးရဲ့  တရားမျှတပွင့်လင်းပြီး ရှင်ဘုရင်တစ်ပါးကိုမှန်ကန်စွာ စောင့်ရှောက်တဲ့ အပြုအမူအပြောအဆိုကိုတွေ့ရတယ် ။

အမှုတော်ကိုထမ်းနေတဲ့ ၀န်စုဝန်မှူးတို့ မယားများစွာယူကြလို့ လစာရိက္ခာနဲပြီးမလောက်မင ဖြစ်၊ တံစိုးလက်ဆောင်တွေ စားနေကြတာကို ရာထူးဌာနန္တရအလိုက် မယားဦးရေ ကန့်သတ်ရင်ကောင်းမယ်လို့ မိန့်မှာချက်ကို ပခန်းဝန်ကြီးက တိုငိးပြည်တော်မှာ ဘုရင်ဟာ မယားအများဆုံးယူတဲ့ပုဂ္ဂိုလ်ပဲ....ဒီတော့ ဘုရင်ကိုပါ ထည့်သွင်းပညတ်မှ ဒီအမိန့်ဥပဒေတရားမျှတမှန်ကန်လိမ့်မယ်လို့ မှတ်ချက်မျိုးချခဲ့သူပါ။

လွှတ်တော်ကိုကျော်ပြီး စာချွန်အမိန့်တွေထုတ်နေဲ့ဘုရင်ကို မင်းမည်သည်မင်းနှင့်တူအောင်ကျင့် သူတပါးပြောတိုင်းမလုပ်သင့်ဘူး လွှတ်တော်ကိုမတိုင်ပင်ဘဲ အမိန့်ထုတ်နေရင် ဘာကြောင့်လွှတ်တော်ထားလဲ ဖျက်သိမ်းလိုက်ရောပေါ့လို့ လျှောက်ရဲသူပါ။

ဝန်ကတော်တစ်ပါးရတဲ့ ရိက္ခာထက်ပိုတဲ့ အဆောင်ယောင်လှည်းယဉ်တန်းသွားတာတွေ့လို့ တော်မတော်မသိတဲ့ဘ၀င်ကို ချနှိမ်ဖို့ ရိုက်ဆုံးမခိုင်းရဲတာ ပခန်းဝန်ကြီးဆိုသူပါ။

ဒီလိုမျိုး ရိုးသားပွင့်လင်းပြီး တရားမျှတစွာနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူကို နည်းလမ်းမှန်ရောက်အောင် ဆိုဆုံးမတတ်သူမျိုး ဒီခေတ်စနစ်ကြီးမှာ လိုအပ်ပါတယ် ။ မည်သည့်သဘောမျှမဟုတ်ဘဲ စာအုပ်ဖတ်ရင်း တွေးမိတဲ့ အတွေးတစ်ခုကို မှတ်တမ်းတင်ထားခြင်းသပ်သပ်ဖြစ်ပါသည်။



26.5.2012
3:00pm

ရာဇ၀င်တွင်တဲ့ တာမွေ..........

ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းပါရှိပါသည်။ တာမွေသည် မွန်ဘာသာအမည်မှ ဆင်းသက်လာပြီး ထန်းတပင်ဟု အဓိပ္ပါယ်ရသည်။ အလောင်းမင်းတရားလက်ထက်ကပင် မွန်တိုင်းရင်းသားအများအပြားနေထိုင်ရာဒေသအဖြစ်တွေ့ရှိနေရဆဲဖြစ်သည်။ 1825ခုနှစ် အင်္ဂလိပ်_မြန်မာပထမစစ်ပွဲကာလအတွင်း တာမွေတွင် တိုက်ပွဲများဖြစ်ပွါးခဲ့သေး၏။ တာမွေခံတပ်တိုက်ပွဲမှာ ထင်ရှားသောတိုက်ပွဲတစ်ပွဲဖြစ်သည်။ ကျိုက္ကစံအားကစားကွင်းသည် တာမွေမြို့ နယ်အတွင်းတည်ရှိပါသည်။ ကုန်းဘောင်ခေတ်က စစ်ကဲကြီး ဦးမြိုင်နေထိုင်ရာနေရာဖြစ်ပြီး ဥယျာဉ်ခြံမြေများလည်း တည်ရှိခဲ့သည်။ ကိုလိုနီခေတ်တွင် ဗြိတိသျှဘုရင်ခံက သြစတြေးလျ လူမျိုး မြင်းဝိဇ္ဇာ မစ္စတာပါဝယ်ကိုတာဝန်ပေးကာမြင်းပြိုင်ကွင်း ဆောက်လုပ်စေခဲ့သည်။ တာမွေမြို့ နယ်အတွင်းထင်ရှားသော ရပ်ကွက်တစ်ခုမှာ ကျောက်မြောင်းရပ်ကွက်ဖြစ်သည်။ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ နယ်မှ ဆရာတော်သီတင်းသုံးရာကျောင်းရှိသဖြင့် ခေါ်ဆိုခြင်းဖြစ်သည် ။


29.5.2012
2:30pm

I'm so Afraid.........now.

“ ပုဂံမြို့ ဟောင်းနှင့် ကျွန်တော် ” တဲ့.................... ။
ကျွန်မကို တော်တော်အခက်တွေ့စေတဲ့ စာတမ်းငယ်တစ်စောင် ။ ရေးသူကတော့ လေးစားချစ်ကြည်ညိုရသော ဆရာဇော်ဂျီ ......။ ရသစာတမ်းငယ် ဆိုတဲ့ တန်ဖိုးဘယ်လောက်ကြီးလည်း သူ့ရဲ့  ရသ ကဘယ်လိုလည်းဆိုတာ ထိတွေ့ပေးခဲ့သူက မြန်မာစာဌာနက ဆရာဦးသီဟ ။ ဒဿသီဟ လို့ အမည်တွင်သူ ။

ချစ်ခင်ကြောက်ရွံလေးစားရသူတွေက ပုဂံမြို့ ဟောင်းနှင့်တကွ ကြည်ညိုစရာ ကြည်နူးစရာ တန်ဖိုးထားစရာတွေကို နှစ်သက်တန်ဖိုးထားတတ်အောင် ပဲ့ပြင်လမ်းပြပေးခဲ့လို့ ရင်ထဲအသည်းနှလုံးထဲမှာ ပုဂံဆိုတဲ့ အမြုတေတစ်လုံး ကိန်းအောင်းခဲ့တာကြာပါပြီ......။ ကျွန်မရဲ့ အမြုတေဟာ ကြီးကျယ်ခမ်းနားလွန်းလို့ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့မရခဲ့တဲ့အရာပါ ။

အခု.......ဒီအမြုတေ အသည်းနှလုံးကို တဖန်ပြန်လည်လက်ဆင့်ကမ်း ရတော့မယ် ......။ လက်ဆင့်ကမ်းပြီးလက်ခံရမယ့်သူ ၊ လက်ခံပြီးသိမ်းဆည်းထားမည့်သူတွေက ကိုယ့်လို အမြုတေအဖြစ် တန်ဖိုးထားထိန်းသိမ်းနိုင့်ပါ့မလား .........လို့ ကျွန်မတွေးတောရင်းနဲ့ ဒီသင်ခန်းစာကို လက်ဆင့်ကမ်းမပေးရဲဘူးဖြစ်နေတယ် ....... ။ ရှင်းရှင်းပြောရရင် ကျွန်မကြောက်တယ် ........အခုခေတ်ကလေးတွေရဲ့  အသည်းနှလုံးကို ကျွန်မ မယုံရဲဘူး..........

သတ္တလောက၊ သြကာသလောက ရဲ့  အလှအပကိုတောင်မခံစားတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေကို ကျွန်မရဲ့ အနှစ်နှစ်အလလ ထိန်းသိမ်းတန်ဖိုးထားရတဲ့ အမြုတေကိုဘယ်လိုယုံကြည်ချက်နဲ့ပေးရမလဲ ...... လို့ စဉ်းစားရတာ ခက်တယ်........တော်တော်ခက်တယ်............ တွေးရင်းတွေးရင်းနဲ့ ကျွန်မအတွေးအာရုံထဲမှာ ယုံကြည်ချက်ပျောက်နေတယ် ........ခုနေခါ ဆရာဦးသီဟနဲ့သာ တွေ့ရရင်သိပ်ကောင်းမှာပဲ........ “ ကျွန်မဘယ်လိုလုပ်ရမလဲ ဆရာ ” လို့ မေးချင်တယ်။ ကျွန်မကြောက်နေတယ်....ပေးအပ်သူနဲ့ ဆက်ခံသူရဲ့  အံဝင်ခွင်ကျမှုမရှိတဲ့ အသည်းနှလုံး ၂ ခုကို ထပ်တူညီအောင် ကျွန်မ တာဝန်ယူနေရတာကို တဖြည်းဖြည်းနဲ့ကြောက်ကြောက်လာတယ်....................။






29.5.2012
2:30pm