Monday 12 March 2012

ပန်းတောင်းမြို့  ပေါ်တော်မူ ( ရှင်ဖြူ ) မြတ်စွာဘုရားကြီး





ပေါ်တော်မူ ( ရှင်ဖြူ ) မြတ်စွာဘုရားကြီး
သမိုင်းအကျဉ်း


နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

သာသနာ သက္ကရာဇ် ၁၆၃၆ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်၌ အရိမဒ္ဒနပုဂံပြည်တွင် အလောင်းစည်သူမင်းဖြစ်တော်မူ၏။ သမုဒ္ဒရာအရပ်သို့ ရှု့ ကြည့်ရန် ရေအားကြည်းအား စုန်တော်မူရာ ပုသိမ်မြို့ တွင် ကွန်းထောက်၍ ရေလမ်းဖြင့် သိန်းဃိုကျွန်းနှင့် ဇမ္ဗုသပြေပင်သို့ရောက်လျှင် ဘုရားရှင်တို့နေရာ ကျောက်ဖျာကို တွေ့ရှိကြည်ညိုတော်မူစဉ် သာသနာမင်းဖြစ်သည်နှင့်လျှော်စွာ သိကြားမင်းသည် ဘိသိတ်သွန်းလောင်းပြီး ကျောက်ဖျာသက္ကဒါန်ဦးကို ( ရှင်ဖြူ ) ဘွဲ့တော်ဖြင့် ဘုရားရုပ်တုတော်တစ်ဆူနှင့် သပြေပင်လက်ျာတောင်ကိုင်းကို ( ရှင်လှ ) ဘွဲ့တော်တစ်ဆူပြုလုပ်ပေးအပ်လေသည်။

အလောင်စည်သူမင်းကြီးသည် နေပြည်တော်သို့ သင်္ကနက်လှေဖောင်တော်တွင် ( ရှင်ဖြူ ) ( ရှင်လှ ) ဘုရားနှစ်ဆူကိုတင်ဆောင်၍ ပြန်ခဲ့ ၏ ။ခရီးလမ်းဝယ် ဗလ၀ါမုက္ခ၀ဲသို့ရောက်၍ လှေဖောင်တော် တုန်လှုပ်ပြီး ( ရှင်ဖြူ ) ဘုရား စင်၍ ရေ၌ ကျလေရာ ဟင်္သာနှစ်ခု အတောင်ယှက်ခံလျှက် သီတင်းသုံးတော်မူ၍ “ အလောင်းစည်သူ ငါ့ကိုယူလော့ ” ဟူ၍ မိန့်ဆိုသဖြင့် ပင့်ယူလေသည်။

သာသနာ ၁၆၅၉ ခုနှစ် ၊ ကောဇာ ၄၇၇ ခုနှစ်သို့ရောက်သော် နန်းတော်တွင် ထား၍ကိုးကွယ်သည်ထက် ခပ်သိမ်းသူတို့၏ စီးပွားအလို့ငှာ မြတ်ဘုရားနှစ်ဆူကိုဖောင်တော်ထက်တင်၍ “ ကိန်းဝပ်တော်မူလိုသောအရပ်၌နှုတ်တော်မြွက်သည်ဖြစ်စေသော် ” ဟူ၍ အဓိဌာန်လျှက် ဆန်တော်မူလေရာ စစ်ကိုင်း ၊ ချောက်မသို့ရောက်သော် “ အမြဲနေပင်ဤချောက်တွင် ” ဟူ၍မြွက်တော်မူသဖြင့် ထိုအရပ်တွင် ဂူတည်၍ကိုးကွယ်သည်။


စစ်ကိုင်းမြို့ တွင် အလောင်းစည်သူမင်း ၄၇၇ ခုနှစ် မှစ၍ ဟံသာဝတီရောက်မင်း လက်ထက် ၁၀၉၈ ခုနှစ်တိုင်အောင် နှစ်ပေါင်းခြောက်ရာကျော် စံပယ်တော်မူခဲ့လေသည်။ ထိုမင်းလက်ထက်၌ ရှင်လှဘုရားကွယ်လေသည်ဟု ရာဇ၀င်တို့၌ ဆို၏။ ထို့ပြင်တလိုင်းတို့တိုက်ခိုက်သောကြောင့် အင်းဝပျက်ဆီး၍ မဏိပူရကသည်းတို့ သည်လည်း စစ်ကိုင်းတိုင်အောင် ဆင်းသက်ဖျက်ဆီးကြကာ ရှင်ဖြူဘုရား ကိုပင့်ဆောင်သွားလေသည်။


ကောဇာသက္ကရာဇ် ၁၁၁၄ ခုနှစ်၌ မြန့်မာကျက်သရေ ဆောင် ဦးအောင်ဇေယျ နန်းတက်တ်ာမူ၍ ၁၁၁၅ ခုနှစ်တွင်  ရတနာသိင်္ခ ကုန်းဘောင်မြို့  တည်တော်မူလျှက် ရာမညတိုင်းမွန်သုံးရပ်နှင့် ကမ္ဗောဇရှမ်းနယ်များသိမ်းပိုက်ပြီးလျှင် မဏိပူရကသည်းပြည်ကိုအောင်မြင်လေသော် ရှင်ဖြူမြတ်စွာဘုရားကိုပြန်လည်ပင့်ဆောင်ခဲ့၍ နန်းတော်ဦး၌ကိုးကွယ်၏။ သက္ကရာဇ်၁၁၂၂ တွင် အလောင်းမင်းတရားကြီးနတ်ရွာစံသဖြင့် နန်းတက်သော သားတော်ကြီးနောင်တော်ကြီးမင်းသည်လည်းကောင်း ၊ ၁၁၂၅ ခုနှစ်တွင် ဆက်လက်နန်းတက်သော ဒုတိယ သားတော် ဆင်ဖြူရှင်မင်း သည်လည်းကောင်း  ၊ ရာတနာသိင်္ခကုန်းဘောင်နန်းဦး၌ ရှင်ဖြူမြတ်ဘုရားကို ကိုးကွယ်ခဲ့ကြလေသည်။

သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် ဆင်ဖြူရှင်မင်းကိုယ်တိုင် ကသည်းပြည်သို့ ကြွချီငြိမ်ဝပ်စေပြီးနောက် အင်းဝနေပြည်တော်ကိုပြန်လည် တည်ထောင်တော်မူ၍ ရတနာသိင်္ခကုန်းဘောင်မှ ပြောင်းရွှေ့ စံမြန်းလေရာ ရှင်ဖြူနန်းဦးဘုရား ကိုပင့်ဆောင် ခဲ့လေသည်။ ပန်းတောင်းမြို့  သူရဲဇီး (တလည်စီးရပ်) မှ ဗိုလ်ဦးငြိမ်းသည် မဏိပူရကသည်းပြည် စစ်ချီစဉ်မှ အင်းဝ တည်ထောင်စံမြန်းသည်အထိ အမှုထမ်းဖြစ်ခဲ့ပေသည်။

ဆင်ဖြူရှင်မင်းသည် ရတနာပူရအင်းဝ ကိုပြန်လည်တည်ထောင်ပြီးသော် အမှုထမ်းကောင်းသူတို့အားလိုရာဆုကို တောင်းခံစေရာ ဗိုလ်ဦးငြိမ်းသည် ရှင်ဖြူမြတ်ဘုရားကို တောင်းခံသဖြင့် တစ်ဦးတည်းပင့်ဆောင်နိုင်ပါက ခွင့်ပေးတော်မူလေသောကြောင့် အဓိဌာန်ပြု၍ ပင့်ဆောင်ခြင်းဖြင့် သူရဲဇီးသို့ ရောက်ခဲ့လေသည်။

သက္ကရာဇ် ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် စနေနေ့ အမရပူရနေပြည်တော်မှ ဘိုးတော်မင်းတရားကြီး အမိန့်ဖြင့် ရခိုင်ပြည်သို့ ချီလာသော သားတော်အိမ်ရှေ့ ဥပရာဇာ ( သီဟသူ ) သည် ပန်းတောင်းတောင်ကုတ်လမ်း ( ဥယျာဉ်ပု  လမ်းကြောင်း ) ဖြင့်ကြွရောက်စဉ် ခေတ္တကွန်းထောက်ရာ ယာယီနန်း၌ ရှင်ဖြူဘုရားကိုပင့်ဆောင်ကိုးကွယ်ခဲ့သဖြင့် ပန်းတောင်း တပ်ကုန်းရပ်သို့ဒေသစာရီ ကြွချီခဲ့ရပါသည်။

ဘိုးတော်မင်းတရားလက်ထက်၌ပင် ပန်းတောင်း ယာယီနန်းအနီးတွင် ရွှေဂူစေတီတည်ထားသဖြင့် ရှင်ဖြူဘုရားသည် ရွှေဂူသို့ ပင့်ယူရောက်ရှိခဲ့ပါသည်။

သက္ကရာဇ် ၁၁၈၆ ခုနှစ် ဘကြီးတော်မင်းလက်ထက်၌ မြန်မာ_ အင်္ဂလိပ် ပထမ စစ်ပွဲဖြစ်လေရာ ဧရာဝတီမြစ်တလျှောက် အင်္ဂလိပ်တပ်များရန်ကြောင့် ပန်းတောင်းမြို့ သူ မြို့ သားတို့ တိမ်းရှောင်ကြစဉ် ဘူမိယတ်သိုက်သမားတို့ ရှင်ဖြူဘုရား၏ ပလ္လင်အောက်ကိုတူးဖော်ရှာဖွေကြ၍ မြေတွင်းဖြစ်စေသည့်ပြင် ဧရာဝတီမြစ်ရေ လျှံတက်မှုကြောင့် မြေအတွင်းသက်ဆင်း ကျရောက်နေသောဘုရားပေါ်သို့ ညွန်ပျောင်းနှစ်များဖုံးလွှမ်းသဖြင့် မြေအောက်နန်းတွင်စံမြန်းတော် မူရလေသည်။

သာသနာသက္ကရာဇ် ၂၄၁၈ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၂၃၆ ခုနှစ် ၊ တော်သလင်းလကွယ် ၁၅ ရက် ( ၁၀၊၁၀၊ ၁၈၇၄ )  စနေနေ့ ည ၅ နာရီခန့် တွင် တန်ခိုးတော်ဖြင့် မြေပေါ်ကြွရောက်ပေါ်ပေါက်တော်မူလာသောကြောင့်  “ ပေါ်တော်မူမြတ်စွာဘုရား ” ဟူ၍ သမုတ်ခေါ်ကြလေသည်။

၁၉၆၃ ခုနှစ် ရိုက်နှိပ်သော မြန်မာ့စွယ်စုံကျမ်း အတွဲ ၇ ပန်းအက္ခရာ အခန်း ၌ ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့ ရှိ ( ပေါ်တော်မူ ) ကို ရှင်ဖြူဘုရား ဖြစ်ကြောင်း ဖော်ပြထားသည်။

မူလပေါ်တော်မူသောနေရာတွင် ၅၂ နှစ်ကြာမျှ ကြာသော် မြစ်ရေအန္တရာယ်ကြောင့် စုပေါင်းလုပ်အားဒါနဖြင့် ပြုလုပ်သော ယခုတည်နေရာ သီရိမင်္ဂလာကုန်းတော်သို့ ၁၂၈၈ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်မှ စ၍ ပြောင်းရွှေ့  ပူဇော်ကြရာ လပြည့်နေ့ ညနေ ၅ နာရီ တွင် ပလ္လင်နန်း၌ ကြွမြန်းစံပယ်တော်မူလေသတည်း ။

ဗုဒ္ဓသာသနံ စိရံ တိဌတု ။

ဂေါပကအဖွဲ့
ပေါ်တော်မူ ( ရှင်ဖြူ ) မြတ်စွာဘုရားကြီး
ပန်းတောင်းမြို့ 




 နွေမိုးဆောင်း
March _ 12.3.2012
3:55 pm

No comments:

Post a Comment