Thursday 21 February 2013

ကျွန်မ အနှစ်သက်ဆုံးပန်းများ

ယုဇနပန်းတဲ့.............ယုဇနပင်နဲ့ဖဲကြိုးဝါသီချင်းမှတ်မိကြမှာပေါ့။ယုဇန်ပင်ကပန်းရုံလေးဆိုတော့ဖဲကြိုးချည်လို့ရမှာပေါ့လို့ငယ်ငယ်ကတွေးမိတယ်။ ဆိုင်တော့မဆိုင်ဘူး....သူ့ရနံ့ကလည်း နည်းနည်းပြင်းတယ်။ပန်ပြီးအိမ်ရှေ့မှာနေရင် အိမ်နောက်ဖက်ကအနံ့ရတယ်......







စကားဝါပန်း................
မဂျီးစိတ်ကို ရူးနောက်နောက်ဖြစ်အောင်လုပ်နိုင်တဲ့ပန်းပေါ့....
သူ့အနံ့ကိုရှူမိရင် သူ့ကိုပန်မိရင် စိတ်ကဘယ်လိုမှထိန်းလို့မရအောင် ဖြစ်မိတယ်။ အဖြူ၊အ၀ါ၊အစိမ်းဆိုပြီး ၃ရောင်ရှိတယ်......ဒီထဲမှာမှ အစိမ်းကိုတော့မမြင်ဖူးသေးဘူး။ အစိမ်းကအနံ့ပိုပြင်းတယ်လို့ပြောကြတယ်။ အခုအ၀ါတောင်ဒီလောက်စိတ်ကထိန်းမရတာ အစိမ်းဆိုရင်တော့............






 ပုန်းညက်ပန်း............သူကလည်း ကံ့ကော်နဲ့အပွင့်ပုံစံခြင်းတူတယ်။ 
များသောအားဖြင့်ပွင့်ဖတ်၅ဖတ်ပါတယ်။ ၀တ်ဆံကအ၀ါ အနံ့က မွှေးအိနေတာပဲ................။





 သရဖီပန်း............သူလည်းကံ့ကော်နဲ့အပွင့်တူတယ်။ ၀တ်ဆံကအ၀ါလည်းတူတယ်။ဒါပေမယ့် သူ့ဝတ်ဆံက အရောင်ပိုဖျော့တယ်။ အနံ့ကလည်း မွှေးအီနေတာပဲ.........




 ဒါကတော့နှင်းဆီပန်း ..............မဂျီးက မြန်မာနှင်းဆီကိုပိုကြိုက်တယ်။ သူ့ပွင့်ဖတ်ကပိုကျစ်လျစ်တယ်လို့ခံစားရတယ်။ အနံ့ သင်းသင်းလေး.......







 ဒါလေးကတော့ ထားဝယ်မှိုင်းပန်းလို့ခေါ်တယ်။ သူ့အရွက်နုလေးတွေကို ခူး၊ရေဆေးပြီးသုပ်စားရင် ၀မ်းကိုက်တာသက်သာာတယ်လို့ ငယ်ငယ်ကလူကြီးတွေပြောလို့သိရတယ်.....။အနံ့မွှေးတာကတော့ တခြားပန်းတွေနဲ့မတူဘူး ..........အရောင်စုံပွင်တဲ့ပန်းမို့ အရမ်းကိုဝေေ၀ဆာဆာရှိတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့.........................






 ဆိတ်ဖလူးပန်းတဲ့..............သူ့ရနံ့ကတော့ အရမ်းစူးရှတယ်။ ကြာကြာရှူရင် မူးနောက်လာတဲ့အထိ အနံ့ပြင်းတယ်။ ပွင့်ဖတ် အဖြူလေးတွေမှာ ရိုးတံလိမ္မော်ရောင်နဲ့ပန်းကရှားတယ်။ သူကအရမ်းနုလွန်းလို့လက်ထဲမှာ နည်းနည်းအချိန်ကြာကြာထားရင် နွမ်းသွားတယ်...........။






 ခရေပန်းကိုတော့သိကြမှာပါ။ ဝေလည်းမွှေးကြွေလည်းမွှေးလေးပေါ့.........။ သူ့ကျတော့ သနားစိတ်နဲ့ပိုမြတ်နိုးခံရတာများတယ်....။အကြွေပန်းပေမယ့်ရွှေနန်းကိုရောက်ချင်တဲ့ပန်းကလေးပေါ့။ ရနံ့လေးကရလိုက်တဲ့သူအဖို့ အမောတွေပြေအောင် အေးမြစေတဲ့ အနံ့ပိုင်ရှင်လေး..................






 ဒါကတော့ ညမွှေးပန်းလို့လူသိများကြတယ်......ညနေ၅နာရီနောက်ပိုင်းဆို ပွင့်လာပြီလေ။
တစ်ညလုံးမွှေးအီနေအောင်ကို အနံ့ပြင်းပြစူးရှလွန်းတယ်..............အပွင့်သေးသေးလေးနဲ့မလိုက်အောင် အစွမ်းရှိတဲ့ ပန်းပေါ့............ အစုပ်လိုက်ပွင့်တတ်တယ် ။သူ့အရောင်ကထူးဆန်းတယ် အစိမ်းဖန့်ဖန့်လေး.............. ။








 တမာပန်းလည်းကြိုက်သေးတယ်..........
ချစ်စရာအပွင့်သေးသေးလေးနဲ့မလိုက်အောင် အနံ့ကချိုအီလွန်းတယ်။ လေယူရာသယ်ဆောင်လို့ရအောင် အနံ့ကပေါ့ပါးလတ်ဆတ်လွန်းတယ်။ သူ့ရနံ့ကိုအဆုတ်ထဲရောက်အောင်ရှူလိုက်ရင် အဆုတ်သန့်တယ်လို့ပြောကြတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ မုံရွာနေတုန်းတမာတွေပွင့်ရင် ရှူကြတယ်အဆုတ်ထိရောက်အောင်............သူ့အခက်လေးကိုပန်ထားရင် နန်းဆန်တယ်လို့ ကိုယ့်ကိုကိုယ်ထင်မိတယ်............................








 ဂေါ်သဇင်လို့ မဂျီးကသိထားတယ်။ သူ့နံမည်ရှိရင်လည်းရှိမှာပေါ့။
သဇင်ပန်းမကြိုက်တဲ့မဂျီး ဂေါ်သဇင်ပန်းတော့ ကြိုက်တယ် အနံ့လေးသင်းသင်းနဲ့ အခက်ရှည်ရှည်လေး တွဲဖက်ရတာပနံသင့်တယ်။







 စပယ်ပန်းလေး...........
အေးမြလန်းဆန်းတဲ့ ရနံ့ပိုင်ရှင် ဖွေးဖွေးဖြူတဲ့ပန်း.............ဖြူစင်တဲ့အချစ်ကို စံပယ်ပန်းနဲ့တင်စားခံရတဲ့ပန်းလေးပေါ့...............












မဟောဂနီပန်းပါရှင်
တမာပန်းလိုပဲအပွင့်သေးပြီး အခတ်လေးနဲ့ပွင့်တယ်။ အနံ့ကတော့ တမာထက်ပိုစူးတယ်။ အခက်နဲ့အပွင့်က စိမ်းစိမ်းလေးမို့အမြင်ဆန်းတယ်။ သူ့အသီးထဲက အစေ့နဲ့အခေါက်က ဆေးဖက်ဝင်တယ်။ ပန်းကဆေးဖက်ဝင်မ၀င်တော့မသိပါဘူးရှင် ။





 ဒီပန်းကိုမြင်ပြီးဒီပန်းအနံ့ကိုရရင် အရူးအမူးဖြစ်အောင်စွမ်းဆောင်နိုင်တယ်။ အဲ့ပန်းကတော့ ပိတောက်ပန်းပါပဲ.....။ ဘယ်လောက်ထိ အရူးထမိလည်းဆိုရင် ငါသေရင်တောင်
  ဒီပိတောက်ပန်းလှိုင်လှိုင်ပွင့်တဲ့အချိန်မှာ သေချင်တယ်။ ငါ့ရဲ့ ရုပ်ကလာပ်ကို ပိတောက်ပန်းတွေအများကြီးပြင်မယ်ဆိုတဲ့အထိ ရူးသွပ်မိတယ်။ ပန်ရတာအားမရလို့ အိပ်ရာထဲမှာပါ ခင်းကျင်းပြီး အိပ်ဖြစ်အောင်လုပ်နိုင်တဲ့ပန်းပါ။




















 ကံ့ကော်.............
သူ့ကိုအများကြီးအခိုင်လိုက်၊ အပင်မှာဝေေ၀ဆာဆာပွင့်တာမြင်ရင် စိတ်ကိုဘယ်လိုပျော်ရွှင်လည်းဆိုတာ စာဖွဲ့ပြလို့မရဘူး....။ပွင့်ဖတ်လေး ၄ဖတ်၅ဖတ်နဲ့ ၀တ်ဆံတွေတစ်ထွေးကြီးနဲ့ အနံ့လေးက သင်းပျံ့မွှေးကြိုင်တဲ့ရနံ့။ သူ့ကိုနူးနူးညံ့ညံ့လေးကိုင်တွယ်မိအောင် သူက အိနြေ္ဓကြီးတယ်လေ............












တပေါင်းမိုး

တပေါင်းမိုး

မိုးမင့်နတ်စည် မြည်ပင်မြည်လည်း
မမြည်ဝံ့ဝံ့ မြည်ဝံ့ဝံ့နှင့်
ရွံလျက်သာလျှင် တိုးတိုးပင်တည့်။

မိုးမင့်ဒေ၀ါ ရွာပြန်ပါလည်း
မရွာဝံ့ဝံ့ ရွာဝံ့ဝံ့နှင့်
ရွံလျက်သာလျှင် ဖွဲဖွဲပင်တည့် ။

မိုးသံမပီ မိုးမပီသည့်
အတည်မကျ နွေဦးလတွင်
ပွင့်ကြ၀ါရွှေ မိုးပေါက်ခြွေ၍
မြေခပြန့်ကျင်း ငုပန်းခင်းကို
ရှုရင်းငါ့ဝယ် အသွယ်သွယ်တည့်
ဘယ်ဆီလွမ်းမိ တပ်မသိ။

ဇော်ဂျီ


နွေဦးဂီတ


နွေဦးဂီတ

တစိမ့်စိမ့်နှင့် နှစ်သိမ့်ကြည်နူး
ရွက်သစ်ဖူးသော် ရွှင်မြူးအံ့သြ
ဖော်ချင်းနှော၍ တောင်တောသာခွင့်
ရာသီဖွင့်လျက် ပင်မြင့်ထက်တွင်
ငှက်သဘင်လည်း တူယှဉ်နှစ်ကိုယ်
ချစ်တင်းဆိုသည် မပို၏သို့ ပို၏သို့ ။

တစ်သိမ့်သိမ့်နှင့် ညှင်းငြိမ့်လေပွေ
ထက်ဝန်းဝေလျက် နွေလည်းအ၀င်
ဆောင်းလျှင်အစဲ မတည်ဘဲလျှင်
ဖက်လှဲတကင်း ပန်းနံ့သင်းကို
ချဉ်း၍ချဉ်း၍ ဆောင်ကာဝှေ့လျက်
ရွှန်းမြေ့သလို သွင်းလာပိုသည်
မချို၏သို့ ချို၏သို့။

တငြိမ့်ငြိမ့်နှင့် လှိမ့်၍လှိမ့်၍
လေအဝှေ့ဝယ် ကြွေမြေ့ခမန်း
အသံစမ်းလျက် သာဆန်းရဂုံဘွေ
နွေဦးမေလျှင် မျှော်လေယောင်မော့
တေးကိုကျော့၍ လေးတော့်နတ်သွင်
ထက်ဝန်းကျင်ကို ကြည်ရွှင်ခလို
ချစ်ဖွယ်ဆိုသည် မပျို၏သို့ ပျို၏သို့။

တခြိမ့်ခြိမ့်နှင့် သံနိမ့်သံမြင့်
သံချိုဆင့်၍ ခါသင့်မထင်
မိုးနတ်ရှင်လည်း ရှစ်ခွင်တလွှား
ပြေးကစား၍ လှည့်စားလေဟန်
မိုးရိပ်ဖန်လျက် နဘံတခို
တိမ်ခိုးသိုသည် မညို၏သို့ညို၏သို့။


နန်းညွှန့်ဆွေ

ဗံဒါ

တစ်နှစ်မှာ၃ကြိမ်တိတိကြွေတဲ့ ရွက်ကြွေ
နွေကုန်ရင်လည်းကြွေ
မိုးကုန်ရင်လည်းကြွေ
ဆောင်းကုန်ရင်လည်းကြွေ
ကြွေသလောက်လည်းဝေ
ကြွေပြီးရင်လည်းဝေ
ဝေပြီးတော့ ..............................
.
.
.
ထပ်ကြွေမယ့် ဗံဒါ
အမြဲကြွေပြီး အမြဲဝေမယ့် ဗံဒါ
ပင်ပျို ပင်လတ် ပင်အို အယုတ်အလတ်အမြတ်မရွေး ကြွေဝေမယ့် ဗံဒါ
ကြွေပါ ဝေပါ
ဝေပါ ကြွေပါ ။      ။

Sunday 17 February 2013

တောင်းပန်ခြင်း

ကျွန်မ အခုတလော အပျင်းတစ်ပြီး ဘာမှမရေးချင်လို့ သူများရေးထားတာလေးတွေ လိုက်ဖတ်ပြီး ရေသာခိုနေပါတယ် ရှင်.............
ဒါပေမယ့်လည်း ကိုယ်ဖတ်မိပြီးသိစေချင်တာတွေကို တစ်ဆင့်ပြန်ရှယ်ပေးထားပါတယ်
တစ်ချို့ ကိုလည်း ခရက်တစ်ပေးမိပြီး တစ်ချို့ ကိုမပေးမိဘူးထင်တယ်။
ဒါကြောင့် ကျွန်မရဲ့  ပျင်းရိမှုအတွက်တောင်းပန်စကားပြောကြားပါတယ်ရှင်.............။

အမျိုးပျောက်မှာစိုးကြောက်မိသည်။ ဘာသာစကားကိုအလေးထားစေချင်သည်။

ကျွန်မ ဆရာဝန်ကြီးမဖြစ်၍ ၀မ်းမနည်းဖူးပါ။
ကျွန်မ အင်ဂျီနီယာကြီးမဖြစ်၍ ၀မ်းမနည်းဖူးပါ။
ကျွန်မ စီးပွါးရေးပညာရှင်ကြီးမဖြစ်၍ ၀မ်းမနည်းဖူးပါ။
ကျွန်မ တရားသူကြီးမဖြစ်၍ ၀မ်းမနည်းဖူးပါ။
ကျွန်မ အောင်မြင်ကျော်ကြားသူမဖြစ်၍ ၀မ်းမနည်းဖူးပါ။
သို့ပေမယ်....................
ကျွန်မတို့၏ ဘာသာစကားဖြစ်သည့် မြန်မာစာ၊မြန်မာစကားကို နောင်လူငယ်များအလေးမထား၊တန်ဖိုးမထားဘဲ အထင်သေးရှုံ့ ချသည့် စကားလုံးများဖတ်ရ၊ကြားရ၊မြင်ရသောအခါ
ကျွန်မအရမ်းဝမ်းနည်းပါသည်။
ရင်ဘတ်ထဲအောင့်နေပြီး မျက်ရည်ကျမိပါတယ်။
 
 
 
 
ရေးသားသူ- ရဲနောင်၊ ဇွဲဉာဏ်

ပုဂ္ဂလိက အင်တာနေရှင်နယ်ကျောင်းအများစုတွင် သင်ကြားနေသော မြန်မာကျောင်းသားများသည် မိမိကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုတွင် အားနည်းမှုများ ရှိနေကြောင်း ကျောင်းသားမိဘများနှင့် ပညာရှင်အချို့ကသုံးသပ်သည်။

အင်တာနေရှင်နယ်ကျောင်းများ တက်သောကြောင့် ကျောင်းသားများအနေဖြင့် နိုင်ငံတကာစံချိန်မီ ပညာရေးသင်ကြားရသည်ဟူသော အားသာချက်ရှိသော်လည်း မြန်မာစာပေပိုင်း၌ အားနည်းသွားနိုင်သည်။ ထို့ကြောင့် တတ်သိသောပညာရှင်များထံမှ အကြံဉာဏ်များရယူပြီး မိခင်ဘာသာရပ်ကို မသင်မနေရပြဋ္ဌာန်းကာ မည်သည့်အတိုင်းအတာအထိ သင်ကြားရမည်ဟူသော အခြေခံမူရှိသင့်ကြောင်း နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းကပြောသည်။

အင်္ဂလိပ်စာကို အဓိကဘာသာစကားအဖြစ် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးသော်လည်း မြန်မာစာသင်ကြားမှုမှာ အရန်အဖြစ် သင်ကြားပေးခြင်း၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ဝင်စားမှုနည်းခြင်း၊ ကျောင်းသားမိဘအချို့ကလည်း မိခင်ဘာသာစကား မကျွမ်းကျင်မှုအပေါ် နားလည်မှုလွဲမှားစွာ ဂုဏ်ယူမှုများရှိနေခြင်းတို့ကြောင့် အင်တာနေရှင်နယ်ကျောင်းများရှိ ကျောင်းသားများ၏ မြန်မာစာပေတတ်မြောက်မှုနှင့် ယဉ်ကျေးမှုအတွက် စိုးရိမ်ရသည်ဟု ပညာရှင်များကသုံးသပ်သည်။

“ကျွန်မတို့က ကကြီးရေးနှစ်ချောင်းငင်ကို “ကူ”၊ “မူ” ကို ဘယ်လိုပေါင်းမလဲမေးရင် သူက Mu လို့ ပေါင်းတယ်”ဟု ဒေါ်ဥမ္မာက အင်တာနေရှင်နယ်ကျောင်းတွင် တက်နေသော သူမ၏သားငယ်အကြောင်းကို ပြောသည်။ သူမ၏ကလေးမှာ ကျောင်းတွင် မြန်မာစာကို အရန်အဖြစ်သာသင်ရသည်။ အင်္ဂလိပ်လိုဖတ်ရသည်ကိုသာ အားသန်ပြီး မြန်မာလိုဆိုလျှင် ကြိုးစား၍မဖတ်ချင်။ အင်္ဂလိပ်ကာတွန်းကားများကြည့်လျှင် နားလည်သည်။ မြန်မာစာနှင့်ပတ်သက်၍ အိမ်တွင် အငြိမ်းစားကျောင်းဆရာမကြီး ခေါ်၍သင်ပေးနေရသည်ဟု ဆိုသည်။

အခြားကျောင်းသားမိဘတစ်ဦးကလည်း “သီတင်းကျွတ်ကို ရေးခိုင်းတာ သတင်းကြွတ်လို့ ရေးတယ်”ဟု သူမ၏ကလေး မြန်မာစာအားနည်းမှုကို ပြောပြသည်။

အိမ်တွင်နေထိုင်သည့်အချိန်မှအပ ကျောင်းနှင့်သက်ဆိုင်သည့် ကျောင်းတွင်းကျောင်းပြင်အချိန်များတွင် အင်္ဂလိပ်စကားကိုသာ အဓိကထား၍ ပြောဆိုသုံးစွဲကြသောကြောင့် အင်္ဂလိပ်စာကျွမ်းကျင်မှုရှိသော်လည်း မြန်မာစာကိုမူ ပြန်လည်အချိန်ပေး သင်ကြားရခြင်းများရှိကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ဆရာ စာသွားသင်ပေးနေတဲ့ အင်တာနေရှင်နယ်ကျောင်းက ကျောင်းသားတစ်ယောက်ဆို သူ့နာမည်သူ မြန်မာလို မရေးတတ်ဘူး”ဟု အဆိုပါကျောင်းသူများတွင် မြန်မာစာသင်ကြားပေးနေပြီး မြန်မာစာကထိကတစ်ဦးဖြစ်သူ ဆရာမောင်သာချိုကပြောသည်။

မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှုအတွက် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးအတိုင်း သင်ကြားပေးခြင်း၊ အထွေထွေဗဟုသုတများ သင်ကြားပေးခြင်း၊ ယဉ်ကျေးမှုအတွက် ပြဇာတ်များကခြင်း၊ အထိမ်းအမှတ်နေ့များတွင် အခမ်းအနားများ ပြုလုပ်ပေးခြင်းတို့ဖြင့် သင်ကြားပေးလျက်ရှိသည်ဟု အင်တာနေရှင်နယ်ကျောင်းများမှ တာဝန်ရှိသူအချို့ကပြောသည်။

အဆိုပါကျောင်းများ၏ ရည်ရွယ်ချက်မှာ တက်ရောက်သည့် ကျောင်းသားများ နိုင်ငံတကာတက္ကသိုလ်များသို့ ၀င်ခွင့်ရရေးအတွက်ပင်ဖြစ်သည်။ ဗြိတိန်သင်ရိုး၊ အမေရိကန်ညွှန်းတမ်းများဖြင့် သင်ကြားပေးနေ၍ ဘာသာရပ်အားလုံးမှာ အင်္ဂလိပ်ဘာသာစကားနှင့် သင်ကြားရ၏။ မြန်မာစာဘာသာရပ်ကိုမူ ကျောင်းသားများအနေဖြင့် အရန်(Minor)အဖြစ်သာ သင်ရ၏။

“အင်တာနေရှင်နယ်ကျောင်းတွေက ကျောင်းသားတွေက ပြည်တွင်းစာမေးပွဲဖြေတာ မဟုတ်တဲ့အတွက် ပြည်တွင်းနဲ့မဆိုင်ပါဘူး။ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ သတ်မှတ်ချက်ပဲလိုတယ်။ မြန်မာစာပေနဲ့ ယဉ်ကျေးမှုကို သိဖို့က မိသားစုတွေရဲ့ သတ်မှတ်ချက်ပဲလိုတယ်။ မြန်မာစာပေနဲ့ ယဉ်ကျေးမှုကိုသိဖို့က မိသားစုတွေနဲ့ပဲ သက်ဆိုင်ပါတယ်”ဟု ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်၊ အနော်ရထာမင်းလက်ထက်မှစ၍ မြန်မာစာရေးသားမှု ပေါ်ပေါက်လာသည်ဟု သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကပြောခဲ့သည်။ ထိုခေတ်က မြန်မာလူမျိုးတို့၏ စာပေ၊ ဓလေ့နှင့် ယဉ်ကျေးမှုတို့အကြောင်းကို ထိုသူတို့ ရေးသားခဲ့ကြသော ကျောက်စာ၊ ပေစာများမှတစ်ဆင့် လေ့လာကြရသည်။ အဆင့်ဆင့်ပြောင်းလဲမှုကို သိရှိရသည်။ သမိုင်းကိုလည်း သိရှိရသည်။

“မြန်မာလူမျိုး မြန်မာလို မရေးတတ်၊ မပြောတတ်ရင် ဘာဖြစ်မလဲ စဉ်းစားသာ ကြည့်ပေတော့”ဟု ဆရာမောင်သာချိုကပြောသည်။

ယနေ့ခေတ်ပညာရေးတွင် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာစကားပိုင်းကိုသာ အချိန်ပေးလေ့လာနေကြ၍ မြန်မာစာပေနှင့် ယဉ်ကျေးမှုတွင် အားနည်းလာသည်ဟု မြန်မာစာရေးဆရာများက သုံးသပ်ထားသည်။

အင်တာနေရှင်နယ်ကျောင်းတက်သော ကျောင်းသားများမှာ တစ်နေ့လုံး အင်္ဂလိပ်စကားကိုသာ ပြောနေကြရပြီး အိမ်တွင် မိဘများကပါ အင်္ဂလိပ်လိုပြောနေပါက မြန်မာစကားပြောရန် အချိန်မရှိသောကြောင့် မိမိတို့အိမ်တွင် မြန်မာလိုသာ ပြောဖြစ်သည်ဟု စင်ကာပူနိုင်ငံမှ ပြန်လာသော မူလတန်းကျောင်းသားတစ်ဦး၏ မိဘတစ်ဦးကပြောသည်။

“ကလေးတွေရဲ့ အားနည်းချက်တစ်ခုက မြန်မာလိုပြောမယ်ဆိုရင် ဘာသာပြန်ပြီး ပြောနေသလိုပဲ။ တစ်မျိုးကြီးဖြစ်နေတယ်။ ဗမာစာ တော်တော်ညံ့တယ်”ဟု အင်တာနေရှင်နယ်ကျောင်းတစ်ခုမှ ကျောင်းသားမိဘတစ်ဦးကပြောသည်။

ကျောင်းသားမိဘများ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ မြန်မာစာဆရာ ဂုဏ်ထူးဦးသိန်းနိုင်က “တချို့မိဘတွေက ကိုယ့်ကလေး မြန်မာစကား ရေရေလည်လည်မပြောတတ်တာကို ဂုဏ်ယူနေတတ်ကြတယ်။ အဲဒီကိစ္စက မှားယွင်းမှုတစ်ခုပဲ။ အဲဒီလိုသာဆက်သွားရင် အမျိုးသားရေးစိတ်ဓာတ်တွေ သင်္ဂြိုဟ်လိုက် ရနိုင်တယ်”ဟု ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာစာပေနှင့် ယဉ်ကျေးမှုအပေါ် “ကိုယ့်ရဲ့ဘာသာစကားကို ကိုယ့်ရဲ့သားသမီးတွေ မမေ့အောင် ကြိုးစားကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုကို ကိုယ်ဂုဏ်ယူနိုင်ရမယ်”ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သော အမေရိကန်ခရီးစဉ်၌ မြန်မာမိသားစုများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၁၉၂၀ ခုနှစ်များ၌ မြန်မာစာပေနှင့် ယဉ်ကျေးမှုတို့ မှေးမှိန်ခဲ့ရသော အချိန်ကာလများတွင် အစိုရကျောင်းများ၌ပင် မြန်မာစာကို ကောင်းစွာမသင်လို၊ မြန်မာဗျည်း ၃၃ လုံးမှ ၆ လုံးကို နုတ်ပယ်ရန် ကြံစည်ခဲ့ကြဖူးသည့် အဖြစ်အပျက်ရှိသည်ဟု ဆရာ တက္ကသိုလ်တင်ခက ရေးသားခဲ့ဖူးသည်။

ဖွံ့ဖြိုးတိုးတက်မှု မြင်တွေ့နေရသော မြန်မာနိုင်ငံတွင် နိုင်ငံတကာပညာရေးစနစ် ပိုမိုတွင်ကျယ်လာပြီး အင်တာနေရှင်နယ်ကျောင်းများ ပိုမိုများပြားလာနိုင်၍ မြန်မာစာပေ၊ ယဉ်ကျေးမှုအတွက် စိုးရိမ်မှုများ ရှိနေသော်လည်း ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုဖြင့် ကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ထားသင့်သည်ဟု ပညာရှင်များကအကြံပြုသည်။

မြန်မာစာပေသည် မြန်မာလူမျိုးတို့အတွက် ယဉ်ကျေးမှုအမွေအနှစ်ပင်ဖြစ်သည်။ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာ၌ စာပေသည် အဓိကကျသောအရာပင် ဖြစ်သည်။ “စာပေမြင့်မှ လူမျိုးတင့်မည်”ဟု ညွှန်းဆိုမှုသည် မိမိနိုင်ငံနှင့်လူမျိုးအတွက် အမျိုးသားစာပေ၏ လေးနက်မှုကို ဖော်ပြလျက်ရှိသည်

အိမ်မြှောင်လေး..........

အိမ်မြှောင်လေး တစ်ကောင်......

ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်
သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။

အိမ်မျြောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ ) နှစ်ကြာကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့် သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့ လေ့လာကြည့်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက် အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။

( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။ မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊ အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေးမှာလား......။
အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီး မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို ဒီလိုပြုစုပေးမှာလား..............။

သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့ လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........
ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို ....အလုပ်များတယ်.....လို့မပြောပါနဲ့။
နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။

Credit by စိတ်ကူးပျော်ရာ

စမ်းကြည့်ပါရှင်................


DAM 999

မနေ့ညက DAM 999 ရုပ်ရှင်ကားကြည့်ဖြစ်တယ်။
ဒီရုပ်ရှင်ကားကိုကြည့်ပြီး မြစ်ဆုံစီမံကိန်း အကောင်ထည်မဖော်ဖြစ်တာ သက်ပြင်းချမိတယ်။
နျူကလီးယားဗုံးထက်ပိုကြောက်ဖို့ကောင်းတဲ့အရာဟာ ရေကာတာ ဆည်တမံကြီးတွေပဲ၊
ဇာတ်ကားထဲမှာပြောတဲ့ " မင်းက အပေါက်သေးသေးကိုစိတ်ပူပြီးကြောက်နေတာလား ဆည်အဟောင်းတွေမှာသွားကြည့် အပေါက်တွေပွလို့ " တဲ့.............. :(
နောက်ပြီး သူတို့ဒေသ သူတို့အရပ်မှာလည်း လာဘ်စားမှုကိုတွေ့ရတယ်။ ဆည်ကိုတည်ဆောက်တဲ့ အင်ဂျီနီယာကိုယ်တိုင် နောက်ဆုံးဝန်ခံပြီး အမှားကိုသိပေမယ့် အရာရာနောက်ကျသွားခဲ့တဲ့ဖြစ်ရပ်မျိုး ငါတို့တွေမကြုံချင်ဘူး။ သို့ပေမယ့်လည်းလေ............ကံကြမ္မာက သူ့ဟာသူ ဖန်တီးခဲ့ပြီးသားမို့.............
ဆုတောင်းနေယုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူးလေ............

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


သိတဲ့ သူငယ်ချင်းတွေလဲ ထပ်တွက် မသိသေးတဲ့ သူငယ်ချင်းတွေ လဲတွက်ပေါ့ ။
ဒီနည်းကတော့ လူတိုင်းရဲ့ ပင်ကိုယ် စရိုက်ကို တွက်နည်းလေးပါ
မြန်မာသက္ကရာဇ်ကို အခြေခံပြီး ဟောတဲ့ နည်းလေးပါ

လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့ မွေးနံကိုသိရင် သူရဲ့ပင်ကိုယ် အတွင်းသဘောကို သိနိုင်တဲ့ နည်းလေးမို့
ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို သူငယ်ချင်းတို့အတွက် တင်ပြလိုက်ပါတယ်
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။
သူငယ်ချင်းတို့ရေ ...ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ် ချစ်သူအတွက်ပဲ ဖြစ်ဖြစ် တွက်ကြည့်လိုက်ကြရအောင်နော်........................။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
ကျွန်တော့်ရဲ့ ခုနှစ်သက္ကရာဇ်က 1353 ခု သောကြာသားဆိုတော့ 6ပေါ့
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့

အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ် .

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....
အကြွင်း (0) လောဘ
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။။။။။။။

အကြွင်း (1) ဒေါသ
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။။။။

အကြွင်း (2)မောဟ
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေ့ပညာရှိတွေက ဆိုပါတယ် ။

Credit - ဆရာ စံဇာဏီဘို

" ခါတပေါင်း "

" ခါတပေါင်း "

ဂိမှန်အတာ လေယဉ်လွင့်ချိန်မို့

မိန်ပြန်ခါ နွေတွင်ပွင့်ရှာကြ
ရွှေအင်ကြင်းငယ်တို့ ရိုးတံနီ။

ခါတပေါင်း ရွက်ဟောင်း အကုန်ကြွေလို့ စုံခြေမှာရော်ဝါရင့်တာက
ကြုံလေနော် ပေါ်လာပွင့်တယ် ပန်းမင်းသရဖီ။

ဥတ္တရာ ဗွေဘုံလမ်းဆီက ကြယ်ပြုဗ္ဗာ ငွေယုန်နန်းဆီသို့
စန်းပြည့်ပြည့်ယှဉ်ခါမှီ ဗာဟီရယ်က အပြောင်း။

နွေချိန်ခါ ငွေမိလ္လာ ပြာရီရောပါလို့
ဥသြဖိုတွန်သံကြည်တော့
သောတာပန် မဟာထေရ်တို့တောင် မဆည်နိုင် မျက်ရည်စို့ရှာလိမ့်
အဘိညာဉ် ဈာန်ယာဉ်ကြို့ ပါလို့ နယ်ရှစ်ခွင် မြူခြည်ဆို့တယ်
လွမ်းဖို့တပေါင်း...............။


ဦးပုည

သတိရခြင်း..........................

လျှောက်ခဲ့ဖူးတဲ့ တော်ဝင်လမ်းကိလည်းသတိရတယ်................
အတူစားခဲ့ဖူးတဲ့ ကန်တင်း ကိုလည်း သတိရတယ်.....................
T-3 T- 4 ရှေ့က ချစ်သူလမ်းကြားလေးကိုလည်း သတိရတယ်..............
ဒဂုံတက္ကသိုလ်ကြီး က မြန်မာစာဌာန ကိုလည်းသတိရတယ်.....................
ရုက္ခဗေဒ ဌာန ကလက်တွေ့ခန်းတွေကိုလည်း သတိရတယ်..........................
ဘွဲ့နှင်းသဘင် ခန်းမ ကိုလည်း သတိရတယ်...............................................
ဆိုးဖော်ဆိုးဖက် မိုက်ဖော်မိုက်ဖက် လိမ္မာဖော်လိမ္မာဖက် သူငယ်ချင်းတွေကိုလည်း သတိရတယ်......
အိုး.............. သတိရခြင်းတွေအားလုံးကိုသတိရတယ်...................

နွေဦးဂီတ

 နွေဦးဂီတ



တစိမ့်စိမ့်နှင့် နှစ်သိမ့်ကြည်နူး
ရွက်သစ်ဖူးသော် ရွှင်မြူးအံ့သြ
ဖော်ချင်းနှော၍ တောင်တောသာခွင့်
ရာသီဖွင့်လျက် ပင်မြင့်ထက်တွင်
ငှက်သဘင်လည်း တူယှဉ်နှစ်ကိုယ်
ချစ်တင်းဆိုသည် မပို၏သို့ ပို၏သို့ ။

တစ်သိမ့်သိမ့်နှင့် ညှင်းငြိမ့်လေပွေ
ထက်ဝန်းဝေလျက် နွေလည်းအ၀င်
ဆောင်းလျှင်အစဲ မတည်ဘဲလျှင်
ဖက်လှဲတကင်း ပန်းနံ့သင်းကို
ချဉ်း၍ချဉ်း၍ ဆောင်ကာဝှေ့လျက်
ရွှန်းမြေ့သလို သွင်းလာပိုသည်
မချို၏သို့ ချို၏သို့။

တငြိမ့်ငြိမ့်နှင့် လှိမ့်၍လှိမ့်၍
လေအဝှေ့ဝယ် ကြွေမြေ့ခမန်း
အသံစမ်းလျက် သာဆန်းရဂုံဘွေ
နွေဦးမေလျှင် မျှော်လေယောင်မော့
တေးကိုကျော့၍ လေးတော့်နတ်သွင်
ထက်ဝန်းကျင်ကို ကြည်ရွှင်ခလို
ချစ်ဖွယ်ဆိုသည် မပျို၏သို့ ပျို၏သို့။

တခြိမ့်ခြိမ့်နှင့် သံနိမ့်သံမြင့်
သံချိုဆင့်၍ ခါသင့်မထင်
မိုးနတ်ရှင်လည်း ရှစ်ခွင်တလွှား
ပြေးကစား၍ လှည့်စားလေဟန်
မိုးရိပ်ဖန်လျက် နဘံတခို
တိမ်ခိုးသိုသည် မညို၏သို့ညို၏သို့။


နန်းညွှန့်ဆွေ


Unlike · · ·