Tuesday 26 July 2011

Hacker အကြောင်းသိကောင်းစရာ

၁။ (က) Hacker ဆိုသည်မှာ

Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Crac...ker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အဖြူဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

White Hat
White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

Black Hat
Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

Grey Hat
Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

*********************************************************************

၁။ (ခ) Hacker အဆင့်အတန်းများ

Script Kiddies
Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

Intermediate Hacker
Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

Elite Hacker
နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။

****************************************************************************

၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။

**************************************************

၂။ Password အကြောင်းသိကောင်းစရာ

Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း
Social Engineering

အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။

Shoulder Surfing Attack
Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

Guessing Attack
များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

Dictionary Attack
Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။

Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

Brute Force Attacks
Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

credit to ညအလင်္ကာ




နွေမိုးဆောင်း
 26.7.2011

အသက်အန္တရာယ် ကင်းကင်းနဲ့ အရက်လုံးဝပြတ်နည်း

အသက်အန္တရာယ် ကင်းကင်းနဲ့ အရက်လုံးဝပြတ်နည်း (အမျိုးသားကျန်းမာရေး အထူးဆောင်းပါး)


    ရောဂါ တစ်ခုခုကြောင့် ဆရာဝန်က ညွှန်ကြားလို့ ဖြစ်စေ၊ မကောင်းဘူးလို့ မိမိကိုယ်တိုင် မြင်လာလို့ ဖြစ်စေ၊ တစ်ဦးတစ်ယောက်က တိုက်တွန်းတောင်းဆိုလို့ ဖြစ်စေ အရက်ကို ဖြတ်ဖို့ ကြိုးစားခြင်းဟာ စနစ်မကျရင် အသက်အန္တရာယ် ရှိပါတယ်။ ဘယ်သူဘယ်ဝါဖြင့် အရက်ဖြတ်လိုက်လို့ ကွယ်လွန်သွားတယ် ဆိုတဲ့ သတင်းတွေ ခဏခဏ ကြားနေရလို့ စနစ်တကျ အရက်ဖြတ်နည်းလေးကို မက်ဖန်ပရိသတ်များသို့ တင်ပြပေးလိုက်ပါတယ်။

    အရက်ဖြတ်ရာမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေနဲ့ အဆင့်ဆင့် စနစ်တကျ ဖြတ်ဖို့ အရမ်းလိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ပါ ရှိတယ်ဆိုတာ စာဖတ်သူများလည်း ကြားဖူး မြင်ဖူးမှာပါ။ အရမ်းကြောက်စရာကောင်းတဲ့ ဆိုးကျိုး ဖြစ်ပါတယ်။ အရက်ဖြတ်ပုံဖြတ်နည်း စနစ်ကျရင် လုံးဝအသက်အန္တရာယ် မရှိပါ။

    အရက်ဖြတ်သူဟာ သောက်လာတဲ့ ကာလကလည်းကြာခဲ့ပြီး နေ့တိုင်းသောက်နေကျ ဖြစ်တဲ့ လူမျိုး၊ တစ်နေ့လုံး သောက်နေတဲ့ ပမာဏကလည်း များပြီး အစာလည်း သိပ်မစားတဲ့ လူမျိုးဆိုရင် သေချာပေါက်ကို အန္တရာယ် ရှိပါတယ်။ အကြောင်းအရင်းကတော့ သူဟာ သူ့ရဲ့ စွမ်းအင်ပင်ရင်း (Energy Source) အဖြစ် အရက်ကိုပဲ မှီခိုနေလို့ အရက်ကို တိကနဲ ဖြတ်လိုက်တဲ့ အချိန်မှာ စွမ်းအင်လုံးဝ မရတော့ဘဲ ဆက်အသက်မရှင်နိုင်တော့တာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အာရုံကြောပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေ ကြောင့်ရောပေါ့။
ဒီလိုမျိုးမဖြစ်ရလေအောင် လုံလောက်တဲ့ အချိန်ယူပြီး မျှဉ်းဖြတ်သွားသင့်ပါတယ်။ ဒါကြောင့် စနစ်တကျအရက်ဖြတ်နည်း နဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ဆရာများကို မေးမြန်းထားသမျှတွေ၊ ကျွန်တော် ရှာဖွေစုဆောင်းထား သမျှတွေ ထဲကနေ အရက်ဖြတ်ဖို့ အစီအစဉ် ပြုလုပ်ပုံနဲ့ ဝေဒနာတွေ ပေါ်လာရင် ကုသတဲ့ ဆေးပညာဆိုင်ရာ နည်းလမ်းများကို စီစဉ်ရေးသား ဖော်ပြပေးလိုက်ပါတယ်။

(ဒီလို ဆောင်းပါးကောင်းတစ်ပုဒ်ကို ရေးသားဖြစ်အောင် သူ့မိတ်ဆွေအတွက် စိတ်ပူပန်စွာ မေးမြန်းခဲ့တဲ့ အင်တာနက်ဂျာနယ်က အယ်ဒီတာ ကိုကျော်မျိုးဦး ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်)

အဆင့်တစ်။ ။ အရက်ကို အန္တရာယ်ကင်းကင်းနဲ့ တကယ်ဖြတ်ချင်ရင် ပထမဆုံးလုပ်ရမှာက စိတ်ကို နိုင်အောင် ပိုင်းဖြတ်ပြီး ဆုံးဖြတ်ချက်ချဖို့ပါပဲ။ ဒီနေရာမှာ ဒီတိုင်းဆုံးဖြတ်ချက် ချတာထက် အရက်သောက်ခြင်း မသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို စာရွက်တစ်ရွက် ပေါ်မှာ ချရေးပြီး စဉ်းစားရေတွက် ကြည့်ဖို့ပါပဲ။

(၁) အခုလက်ရှိ အရက်သောက်ခြင်းကနေ ငါရနေတဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ (ဒါဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီကောင်းကျိုးတွေကို တခြားနည်းလမ်း တစ်ခုခုနဲ့ ရအောင်ယူနိုင်ရင် သင်အရက်ပြတ်သွားဖို့ များစွာ အထောက်အကူပြုမှာ ဖြစ်လို့ပါပဲ)

များသောအားဖြင့် လူအများစု တွေးမိလေ့ရှိတဲ့ အဖြေတွေကတော့ အရက်သောက်ခြင်းဟာ စိတ်သောက ပြဿနာတွေကို မေ့စေတယ်၊ သောက်တဲ့အချိန်မှာ ပျော်စရာပဲ၊ ပင်ပန်းတာသက်သာတယ် စသဖြင့် အဖြေတွေ ဖြစ်ပါတယ်။ ဒီကောင်းကျိုးတွေကို တခြားအသိဥာဏ်ပါတဲ့ နည်းလမ်းတွေနဲ့လည်း ရနိုင်တယ်ဆိုတာ ကိုယ့်စိတ်က လက်ခံလာအောင် နှလုံးသွင်းပါ။

(၂) မကောင်းကျိုးတွေကရော ဘာတွေလဲ။ (ဒါကို အဓိက နက်နက်နဲနဲ မှန်မှန်ကန်ကန် တွေးကြည့်ပါ။ လူမှုပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေး၊ အလုပ်၊ ဘ၀အပေါ် ကျေနပ်မှု၊ စိတ်ညစ်ရမှု စတာတွေအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာ သေချာတွေးပါ။ စာရွက်ပေါ်မှာ ချရေးပါ)
ဥပမာ အဖြေတွေကတော့ လူမှုဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်(သောက်ဖော်သောက်ဖက် မဟုတ်သူတွေနဲ့၊ မိသားစုနဲ့ စသဖြင့်ပေါ့)၊ ပြဿနာကို ခဏမေ့ထားတာ ဆိုပေမယ့် ပြဿနာကို ဖြေရှင်းဖို့ ကျန်တဲ့ အချိန်ကို လျော့နည်းသွားစေတယ်၊ တစ်ခါတစ်လေ အရက်ကြောင့် ဖြစ်လာတဲ့ နေရာဒေသ အခြေအနေအချိန်အခါ မရွေးဘဲ လုပ်ချင်ရာလုပ် ပြောချင်ရာပြောတတ်တဲ့ အကျင့်ကြောင့် ကိုယ်တိုင်ရော ပတ်သက်သူတွေပါ အရှက်ရတတ်တယ်၊ အရက်အလွန်အကျွံ နေ့စဉ်သောက်သူဟာ တစ်နေ့နေ့မှာ အသည်းခြောက်ပြီး သေဖို့ တော်တော်နီးစပ်တယ် စတဲ့ အဖြေတွေ ဖြစ်လေ့ရှိပါတယ်။
(ဒီဆောင်းပါးဟာ အရက်ဖြတ်ချင်သူတွေ အတွက် ဖြတ်နည်းကိုသာ အဓိက ဖော်ပြပေးချင်တာမို့ အရက်သောက်ရင် ဖြစ်ရတဲ့ အသည်းရောဂါများ အပါအ၀င် ရောဂါအမျိုးမျိုးကိုတော့ ရေတွက်ပြမနေတော့ပါဘူး)

(၃) မသောက်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ သေချာတာကတော့ အရက်ဖြတ်ပြီးသွားရင် သင်ရဲ့ ကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ တိုးတက်မှုတွေ ရှိလာမှာ ပါပဲ။ ဒါဆို မိသားစုတွင်းရေး အပါအ၀င် လူမှုရေးတွေလဲ ကောင်းလာပါလိမ့်မယ်။ ကာယဥာဏအားနဲ့ အချိန်ဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီး နှစ်ခုလည်း ပိုရလာမှာဖြစ်လို့ အလုပ်မှာလည်း အောင်မြင်မှု ပိုရလာမှာ အသေချာပါပဲ။
(၄) မသောက်ခြင်းရဲ့ မကောင်းကျိုးတွေကကော ဘာတွေ ဖြစ်နိုင်မလဲ။

သောကဖိစီးမှုကနေ လတ်တလော ထွက်ပေါက်ရှာ ပြေးရှောင်လို့ မရတော့ဘူးပေါ့။ (မရတော့ကော ဘာဖြစ်လဲ။ ပုန်းရှောင်ခြင်းဟာ အကောင်းဆုံးနည်းလမ်း မဟုတ်မှန်း သင့်အသိဥာဏ်က သိနေတာပဲ)
သောက်ဖော်သောက်ဖက် ဘော်ဒါတွေနဲ့ အကန့်တွေ ပျက်သွားနိုင်တယ်။ (ဒီကိစ္စကတော့ နည်းနည်း စဉ်းစားရမယ်။ တကယ်အရေးပါတဲ့ မကင်းရာမကင်းကြောင်း အထက်လူကြီးတွေ စတဲ့သူတွေနဲ့တော့ မိတ်ပျက်လို့ မဖြစ်ဘူးလေ။ ဒါပေမယ့် သင်ဥာဏ်ရှိရမှာပေါ့။ မသောက်မဖြစ် သောက်ရမယ့် အနေအထားမှာ အနည်းဆုံးပဲ သောက်မယ်၊ နေ့စဉ်စွဲမသောက်ဘူးဆိုရင် အရက်စွဲနေသူ မဖြစ်တော့ဘူးပေါ့။ ဒါဆို အထက်ကဆိုးကျိုးတွေ ဝေးမှာပါ။ အဓိက ကတော့ မိုးလင်းတာနဲ့ အရက်နဲ့ မျက်နှာသစ်ရမှ နေသာထိုင်သာရှိတဲ့ အရက်စွဲနေသူ မဖြစ်ရင် အထက်မှာဖော်ပြခဲ့တဲ့ ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းမှာပါ)

အထက်ပါ အမှတ်စဉ် (၁) (၂) (၃) (၄) မှာ ရေးချခဲ့တဲ့ အချက်တွေကို ကောင်းကျိုး ဆိုးကျိုး အပြန်အလှန် တွက်ချက် သုံးသပ်ပြီး သင်အရက်ဖြတ်ဖို့ တကယ်ထိုက်တန်ကြောင်း ကျေနပ်စွာ ဆုံးဖြတ်ချက်ချပါ။

အဆင့်နှစ်။ ။ အရက်ပြတ်မယ့် အချိန်ကို အတိအကျ ရည်မှန်းပြီး တကယ် စတင် အကောင်အထည်ဖော်ပါ။ သေချာစာရွက်ပေါ်မှာ ချရေးသင့်တဲ့ အချက်တွေ ပါတဲ့ ဖောင်လေးတွေ အရက်ဖြတ်တဲ့ ဆေးရုံဆေးခန်းတွေမှာ သုံးကြပါတယ်။ တကယ်စည်းစနစ်ကျပြီး တကယ်ထိရောက်တဲ့ စာရွက်ကလေး ဖြစ်ပါတယ်။ (မူရင်းစာသားများကိုလည်း ဖော်ပြပေးလိုက်ပါတယ်)
Plan to stop using alcohol

You can complete the highlighted fields on this form online and then print the form for easy reference. Only text that is visible on the form is printed; scrolled text will not print. Any text you enter into these fields will be cleared when you close the form; you cannot save it.

My plan to stop drinking alcohol


1. I will stop drinking any alcohol on:

2. I have written down my reasons for not drinking and placed the list:

3. I have discussed my plan with my family and asked for their support. They will support me by:

4. When offered a drink, I will say:

5. When I am tempted to drink alcohol, I will:

6. I will write in my diary (specify how often):

7. Other things that I plan to do to prevent myself from drinking (such as attending a support group) include:

8. I will evaluate my progress on:

9. I will reward my accomplishments by:

အဲဒီဖောင်လေးကို ဘာသာပြန်ပေးရရင်………
အရက်ဖြတ်ရန် အစီအစဉ်


1. ငါ ဘယ်နေ့၊ ဘယ်လ မှာ အရက်လုံးဝ ပြတ်နေစေရမယ်။ (ဖြစ်နိုင်လောက်တဲ့ ရက်စွဲအကွာအဝေးတစ်ခုကို ချရေးပါ။ မနီးလွန်း မဝေးလွန်းပါစေနဲ့။ တစ်လအတွင်းဆို သင့်တော်ပါတယ်)

2. ငါ့ရဲ့ အရက်ဖြတ်သင့်တဲ့ အကြောင်းအရင်းများ (နံပတ်စဉ်တပ်ပြီး စာရင်းလုပ်ပါ)

3. ငါ့ရဲ့အစီအစဉ်ကို မိသားစုကို ပြောပြပြီး သူတို့ဆီက အကူအညီတောင်းရမယ်။ သူတို့လည်း ကျေနပ်ပျော်ရွှင်စွာနဲ့ ကူညီကြမှာပဲ။ (ကူညီကြမယ့် နည်းလမ်းတွေကို ချရေးပါ)

4. အရက်သောက်ဖို့ လာခေါ်တဲ့သူ၊ တိုက်တဲ့သူ ပေါ်လာရင် ငါပြောမယ့် စကား……………..

5. အရက် ပြန်သောက်ဖို့ ကြိုးစားမိရင် ကိုယ့်ကိုယ်ကိုယ် ပြောမယ့်စကား…………….

6. တစ်နေ့တစ်နေ့ လျှော့သောက်ဖြစ်တဲ့ ပမာဏတွေ၊ မသောက်ဘဲ နေနိုင်တဲ့ အနေအထားတွေကို သေသေချာချာ ဒိုင်ယာရီ ရေးရန်………..

7. သောက်နေကျ အချိန်မှာ မသောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းမယ့် အစီအစဉ်တွေ……… (ဥပမာ အရက်ဖြတ်ပေးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ဆေးရုံမှာပဲ နေမလား စသဖြင့်)

8. ကိုယ့်ရဲ့ တိုးတက်မှုကို ဘယ်လို ပြန်လည်သုံးသပ်မလဲ (ကိုယ့်ကိုယ်ကို သိနိုင်မယ့် နည်းကို ရေးပါ)

9. ဒီကိစ္စအောင်မြင်သွားရင် ငါ့ကိုယ်ငါ ဘယ်လို ဂုဏ်ပြု ဆုချမလဲ…………..

စတဲ့ အချက်တွေကို အရက်ဖြတ်ချင်တဲ့သူကို သေချာ စဉ်းစားပြီး ဖြည့်စွက်စေပါတယ်။ ဒီလို အစီအစဉ် အသေးစိတ် ဆွဲလိုက်တော့ လုပ်ရမယ့် အလုပ်တွေက တိကျပြီး လွယ်ကူနည်းပါးသွား စေပါတယ်။
ပြီးတော့ လျှော့သောက်မယ့် အစီအစဉ်ကို အခုလို အတိအကျ ချမှတ်နိုင်ပါသေးတယ်။

“တစ်နေ့ကို ပမာဏအားဖြင့် ဘယ်လောက်နည်းနည်းစီ လျှော့ချသွားမယ်၊ အကြိမ်အားဖြင့်လည်း ဘယ်လောက်လျှော့ချမယ်၊ တစ်ပတ်မှာ ဘယ်နှရက်ထက် မပိုစေရဘူး………. စသဖြင့်ကနေ တဖြည်းဖြည်း ဆက်လက်ပြီး လျှော့ချသွားနိုင်ရမယ်”

“ဘယ်နှပတ်ကြာရင် ငါဟာ တစ်ပတ်မှာ ဘယ်နှရက်၊ ဘယ်နှပက်ပဲ သောက်တဲ့သူ ဖြစ်စေရမယ်” စသဖြင့် တိတိကျကျ သေသေချာချာ ချမှတ်ရပါမယ်။

• လုပ်ငန်းစတဲ့ အနေနဲ့ သင့်အိမ်နဲ့ ရုံးခန်း စတဲ့ သင်နေနေကျ နေရာတွေမှာ ရှိတဲ့ အရက်တွေ အပါအ၀င် အရက်သောက်ခြင်းနဲ့ ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖယ်ရှား ပစ်ပါ။

• သင့်ရဲ့ ရည်မှန်းချက် အစီအစဉ်ကို လူသိရှင်ကြား ကြေငြာပါ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးပါပါစေ။ (ဒီအထဲမှာ သင်လေးစားကြောက်ရွံ့ရတဲ့ အထက်လူကြီး စတာတွေ ပါရင် ပိုကောင်းပါတယ်) သင့်ရဲ့ အစီအစဉ်ကို အထောက်အကူ ပြုပေးဖို့ပြောပါ။ သင့်ရှေ့မှာ သူတို့ သောက်မပြဖို့ ဒါမှမဟုတ် သင့်ကို မခေါ်ဖို့ စည်းရုံးပါ။

• သင့်ရဲ့ နည်းနည်းလျှော့ထားတဲ့ ရေချိန်အသစ်ကို သင်ရအောင်ထိန်းပါ။ အရက်သေစာ တည်ခင်းဧည့်ခံတဲ့ ပွဲမျိုးကို တတ်နိုင်သမျှရှောင်တာ ဒါမှမဟုတ် လူမှုရေးအတွက် မဖြစ်မနေ အနည်းဆုံးပဲ သောက်တာမျိုး လုပ်ပါ။

• သင့်အစီအစဉ်ကို ဖျက်တဲ့ စကားတွေကို နားမယောင်ပါနဲ့။ သင့်အတွက် တကယ်ဖြစ်သင့်လို့ လိုအပ်လို့ သေချာတွက်ဆပြီးမှ ရည်ရွယ်ချက်ရှိရှိ သံန္နိဌာန် ချထားတာကို မပျက်ပါစေနဲ့။ ဒီလိုလူတွေနဲ့ ခဏတော့ ဝေးဝေးသာ နေလိုက်ပါ။

• အရင်တုန်းက အရက်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးတာ ရှိရင် ဘာလို့မအောင်မြင်ခဲ့သလဲ ဆိုတာ ပြန်တွေးပါ၊ သင်ခန်းစာယူပါ၊ အဲဒီလို ပြန်မကြုံရအောင် ရှောင်ပါ။

ငါတကယ် အရက်ဖြတ်နိုင်ပါ့မလား ???
ဒီလို သံသယ ၀င်လာပြီး ယုံကြည်မှုတွေ မလျော့ပါးပါစေနဲ့။ သင်အရက် လုံးဝပြတ်သွားဖို့ လိုအပ်တဲ့ အချိန်ဟာ သင်ရဲ့ အရက်သောက်သုံးခဲ့ခြင်းရဲ့ များပြားမှု ပြင်းထန်မှု နဲ့ တိုက်ရိုက် အချိုးကျ နေတာမို့ မလောပါနဲ့။ စိတ်ရှည် လက်ရှည် စနစ်တကျ ဖြတ်မှ ရမှာပါ။
အရက်သောက်သုံးမှုကို လျှော့ချရမယ့် စနစ်တကျ အစီအစဉ်လေးများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

• သင်နေ့စဉ် လျှော့ချ သောက်သုံးသွားမယ့် ပမာဏကို သင် စ သတ်မှတ်ပါ။ အရက်စဖြတ်မယ် ဆိုတဲ့ လူတစ်ယောက်ဟာ အမျိုးသားဆိုရင် တစ်နေ့ ၂ ကြိမ်၊ အမျိုးသမီးဆိုရင် တစ်နေ့ ၁ ကြိမ်ထက် လုံးဝ ပို မသောက်သင့်ပါဘူး။ ဖြစ်နိုင်ရင် သင့်ရဲ့ ပက်ချိန်ကန့်သတ်ချက်ကို စာရွက် တစ်ရွက်ပေါ်မှာ ရေးထားပြီး ထမင်းစားခန်းတို့ ရေခဲသေတ္တာတို့မှာ သင့်အတွက် မြင်သာထင်သာ နေရာတွေမှာ ကပ်ထားသင့်ပါတယ်။

• ဒိုင်ယာရီဆန်ဆန် မှတ်တမ်းတစ်ခု ထားသင့်ပါတယ်။ ဒီအထဲမှာ သင်ဘယ်နေ့က အရက်စဖြတ်တယ်၊ အဲတုန်းက တစ်နေ့ ဘယ်လောက်သောက်တယ်၊ ဒီနေ့တော့ ဘယ်လောက်ကို လျော့ကျသွားပြီ၊ သောက်တဲ့ အကြိမ်အရေအတွက်ကလဲ အရင်က တစ်ပတ်ကို ဘယ်နှရက်၊ အခုဘယ်နှရက်ပဲ ရှိတော့တယ် ဆိုတာမျိုးတွေ မှတ်သားသင့်ပါတယ်။ ဒါလုပ်ရတာ အလုပ်ရှုပ်တယ် ထင်ရပေမယ့် သင့်ရဲ့ လွယ်ကူစွာ အရက်ပြတ်ရေးမှာ ကြီးစွာသော အထောက်အကူပေးပါတယ်။

• သောက်စရာ ပစ္စည်းတွေကို ခါတိုင်းလို အလွယ်တကူ နေရာတွေမှာ မထားပါနဲ့။ ခဲရာခဲဆစ် အပြင်ထွက်သောက်ရတာမျိုး၊ ၀ယ်သောက်ရတာမျိုး ဖြစ်အောင် အရက် အမြည်း စတာတွေကို အိမ်မှာ အဆင်သင့် သိုမှီးထားတာမျိုး မလုပ်ပါနဲ့။

• သောက်တဲ့ အချိန်မှာ ခါတိုင်းထက် ဖြည်းညင်းစွာ သောက်ပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနည်းဆုံး နာရီနဲ့ချီခြားပါ။ ဆိုဒါရောပါ။ ရေရောပါ။ သဘာဝ သစ်သီးရည် ရောနိုင်ရင် သင့်ကျန်းမာရေး အတွက် တော်တော် ကောင်းပါတယ်။ အစာမရှိဘဲ လုံးဝ မသောက်ပါနဲ့။ သောက်ရင် အမြည်းပါပါစေ။ အာဟာရပြည့်အောင် အမြဲစားပေးပါ။

• အနားယူတဲ့ နေ့ထားပါ။ အရင်ဆုံး တစ်ပတ်ကို တစ်ရက် (သို့) နှစ်ရက် လုံးဝ (လုံးဝ) မသောက်တဲ့ရက် သတ်မှတ်ပါ။ (စိတ်ရှည် အချိန်ယူရမယ်ဆိုတာ လုံးဝမမေ့ပါနဲ့) တဖြည်းဖြည်းနဲ့ လေး ငါး ရက်လောက် ရလာပြီဆိုရင် တစ်ပတ်တိတိ ရအောင် နေကြည့်ပါ။ သင့်ရဲ့ အရက်ကို သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အင်အားတွေက ဘယ်လောက်တွန်းလှန်နိုင်မလဲ စောင့်ကြည့်ပါ။ တစ်ခါအောင်မြင်သွားပြီ ဆိုတာနဲ့ သင်ဟာ ပိုမို နေသာထိုင်သာ ရှိလာပြီး အရက်လုံးဝပြတ်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

• ဒီနေရာမှာ အကောင်းဆုံး အကူအညီကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီက ရယူဖို့လည်း လိုအပ်လှပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အရက်နာကျတဲ့ ဝေဒနာတွေအတွက် ဆရာဝန်ရဲ့ ကုသမှု မဖြစ်မနေ လိုအပ်လှပါတယ်။ ဒီလို မဟုတ်ရင် သင့်အတွက် အန္တရာယ် ရှိပါတယ်။

အဆင့်သုံး။ ။ဆေးဝါးကုသမှု အကူအညီများ

1. အရက် ပုံမှန်သောက်သူအားလုံးဟာ Vitamin B1 ချို့တဲ့မှု သေချာပေါက် ရှိနေနိုင်တာမို့ အားဆေးတစ်ခုခု မှီဝဲပေးသင့်ပါတယ်။ ဘယ်လိုမှ မတတ်နိုင်ရင်တောင် ဘားပလက်ဆေးပြားလောက်တော့ သောက်ပေးသင့်ပါတယ်။ multivitamin အားဆေးကောင်းကောင်း တစ်ခုခု ပုံမှန်သောက်သင့်ပါတယ်။

2. ရေများများ သောက်ပေးသင့်ပါတယ်။

3. စိတ်ပိုင်းဆိုင်ရာ အားပေးမှု လိုအပ်ပါတယ်။ (ပတ်သက်သူများ၊ မိသားစုဝင်များ စသည်)

4. ဒီအချိန်မှာ အရက်နာကျခြင်းရဲ့ ဆိုးကျိုး (သို့) အရက်ဖြတ်လိုက်တဲ့ နောက်ဆက်တွဲ အနေနဲ့ ဒေါသအရမ်းထွက်ချင်နေခြင်း၊ သောကတွေများနေခြင်း၊ ဂနာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်းတွေ ခံစားရနိုင်လို့ ဆေးရုံဆေးခန်းတစ်ခုခုမှာ သွားရောက် ဖြတ်သင့်ပါတယ်။ အရမ်းဆိုးရင် တက်တာတောင် ဖြစ်နိုင်ပါတယ်။ ချွေးတွေပြန်၊ လက်တွေတုန်ပြီး ရင်တုန် ဒေါသထွက်စိတ်ရှုပ်ခြင်းတွေ အတွက် ဆေးကုသမှု (Medical Treatment) မဖြစ်မနေ ယူရမှာ ဖြစ်ပါတယ်။

5. အရက်နာကျတာကို ဆေးအနေနဲ့ ဒိုင်ရာဇီပင် (Diazepam) ၁၀-၂၀ မီလီဂရမ်ကို ဝေဒနာတွေ ပြင်းထန်မှု အပေါ် မူတည်ပြီး တစ်ပတ်လောက် မှီဝဲရမှာ ဖြစ်ပါတယ်။ ဆရာဝန်ဆီမှာ ဆိုရင်တော့ ထိုးပေးပါလိမ့်မယ်။ ဒီဆေးက ဆရာဝန်လက်မှတ်နဲ့ပဲ ၀ယ်ရတဲ့ ဆေးမို့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကယောင်ကတမ်းတွေ ဖြစ်လာရင် Haloperidol ထိုးပေးဖို့ လိုသလို တခြားလိုအပ်တဲ့ ထောက်ပံ့ကုသမှု (Supportive Treatment) လိုရင်လည်း ဆရာဝန်မှပဲ လုပ်ပေးတတ်မှာပါ။

6. ဒိုင်ရာဇီပင် မရနိုင်လို့ ရှိရင် Chlomethizole သို့မဟုတ် Chorodiazepoxide စတဲ့ဆေးတွေကို အစားထိုးနိုင်ပါတယ်။ Chorodiazepoxide ကို အရက်နာကျ သူတွေမှာ ပေးတဲ့ ပမာဏကတော့ အကြမ်းဖျဉ်း 25-100 mg ၆ နာရီခြား ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်ပါ။

7. အရက်ဖြတ်တဲ့ဆေးလို့ အရပ်ထဲမှာခေါ်တဲ့ Disulfram ကို တစ်ရက်ကို 125-250 mg ၆လသောက်ရမှာ ဖြစ်ပါတယ်။

အဆင့်အားလုံး စနစ်တကျ လုပ်ရင် အသက်အန္တရာယ် ကင်းကင်းရှင်းရှင်း နဲ့ အရက်ရဲ့ ကျေးကျွန်ဘ၀ကနေ သင်ဟာ သေချာပေါက် လွတ်မြောက်မှာ ဖြစ်ပါတယ်။



နွေမိုးဆောင်း
26.7.2011