Thursday 26 January 2012

Facebook timeline မကြိုက်သူများ နဂိုမူလအတိုင်းပြန်ရချင်သူများအတွက်


facebookအရင် စာမျက်နှာကို ပြန်လိုချင်နေသူများအတွက်ပါ။Timelineကို မကြိုက်တော့ဘူးဆိုရင်
အရင်ဆုံး ဖိုင်းယားဖောက်ဘရောက်ဆာရဲ့ အောက်မှာ ပေးထားတဲ့Add Onကိုအင်စတောလ်လုပ်ပြီးဘရောက်ဆာကိုrestartချလိုက်ပါ အင်စတောလိလုပ်ရမဲ့Add Onရဲ့ linkကတော့ 
ဖြစ်ပါတယ်။ restartချပြီးဘရောက်ဇာပြန်ပွင့်လာရင်  Newigation bar(menu) မှာရှိတဲ့  tools အောက်က  Default user agent မှတစ်ဆင့် Internet Explore ထဲကနေ အင်တာနက်အိတ်စ်ပလောယာ 7 ကိုရွေးပေးရမှာဖြစ်ပါတယ်။  အဲ့ဒါဆိုရင်  timeline မဟုတ်တော့ပဲ အရင်  facebook ပုံစံပြန်ရမှာ 
ဖြစ်ပါတယ်။ Chorme ကို အသုံးပြုသူကတော့ ဒက်စတော့ပေးမှာရှိတဲ့ဘရောက်ဆာအိုင်ကွန်ကို  
right click နိပ်ပြီး propreties ကိုရွေး properties dialogue box ကျလာရင် target မှာရှိတဲ့ 
chrome.exe  ၇ဲ့နောက်  window7  ဆိုရင်  user-agent=Mozilla/4.0(Compatible;Msie7.0windows NT6.0) ထည့်။  ၀င်းဒိုး XP အတွက်တော့ useragent=Mozilla/4.0(Compatible;MSIE 7.0Windows NT 5.1) ကိုထည့်။ ပြီးရင် Apply  နိပ်ပြီး အိုကေကို ကလစ်လိုက်ရင်ပြန်ပြောင်းသွားမှာပါ။


နွေမိုးဆောင်း 
26.1.2012
 

ဆားလင်းကြီးမြို့ နယ်...........သို့ခရီးတစ်ခေါက်.....

မုံရွာ ကို ရောက်ပြီး ၂ လအကြာမှာ ဆားလင်းကြီး မြို့နယ်ထဲက မတောင့်တ ရွာဆိုတဲ့ ရွာကလေးတစ်ရွာမှာ ၀ါဆိုသင်္ကန်းသွားကပ်ကြတယ်။ ကျောင်းက ဆရာမတစ်ယောက် ရဲ့ ရွာကလေးပေါ့..... ဖိုလ်ဝင်းတောင်နား မှာ ရှိတယ်လေ.။ အဲဒီ့ကိုမသွားခင် ယင်းမာပင်မြို့နယ်ထဲမှာရှိတဲ့ ကလေးတစ်ယောက်ရဲ့ ရွာကိုအရင်သွားဖြစ်တယ်....အဲဒီ့နေရာမှ မတောင့်တရွာကို ဆက်သွားဖြစ်တယ်လေ.........ရွာ ကို သွားတဲ့ လမ်းတစ်လျှောက် ဟိုးနောက်ကို ကြည့်လိုက်ရင် တောင်တန်းကြီးကသိပ်လှတာပဲ.........တောင်နရံတွေမှာ တိမ်စိုင်တိမ်ခဲ တွေက ခဏတစ်ဖြုတ် ခရီးတစ်ထောက်နားနေတာမြင်ရတော့.... စိတ်ထဲမှာ အဲဒါ ချင်းတောင်တန်း များဖြစ်နေမလား ဆိုပြီး တွေးမိတယ်.....လမ်းဘေးမှာ လည်း ယာမြေ လယ်မြေ တွေမှာ စပါးခင်း နေကြာခင်း တွေအပြည့် ပဲ။
နေကြာခင်း ကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ချင်သေးတယ်.......

လမ်းခရီး တစ်လျှောက် ပန်းတမျိုးမျိုးရဲ့ အနံ့  ရလို့ မေးကြည့်တော့ အဲတာ ပန်းနံ့  မဟုတ်ဘူးတဲ့ စပါးပင်က အနံ့  တဲ့လေ...... မွှေးတယ်သိလား......

ချင်းတောင်းတန်း ကြီးလို့စိတ်ထဲမှာ ထင်နေတဲ့တောင်ကလည်း ပုံတောင်ပုံညာ တောင်တန်း ဆိုတာသိရတယ်.... စစ်ကိုင်းတိုင်းကိုရောက်နေတဲ့ ကာလမှာ ပုံတောင်ပုံညာတောင်တန်းကိုဘာဖြစ်လို့မေ့နေတာပါလိမ့်................. :doh:

သွားရမဲ့ ခရီးက ဝေးတယ်.... ဆိုင်ကယ်နဲ့ သွားတာဆိုတော့ အသားမည်းတာကတော့ ပြောမနေချင်တော့ဘူး....နေကလည်းပူတယ်....ဒါပေမဲ့ ကိုယ်မရောက်ဘူးတဲ့ ဒေသ၊ လူနေမှုပုံစံ၊ ဒေသန္တရဗဟုသုတ နဲ့ ပတ်ဝန်းကျင် အလှအပ တို့ကြောင့် ပင်ပန်းရမှန်းမသိဘူး။
မတောင့်တရွာလေးက ချို့တဲ့တာလား မသိဘူး တစ်ရွာလုံးမှ သင်္ကန်းကတစ်ထည်တည်းရတယ်...ကျောင်း ကဆရာမတစ်ချို့နဲ့ ကလေးတွေ ပေါင်းပြီး သင်္ကန်းတစ်ထည် ရတယ်.... မဂျီးကတော့ ရေစစ်နဲ့ တံမြက်စည်း လှူဖြစ်တယ်............

အဖေ နဲ့ အမေ ကို အမှူးထားပြီး အစ်မတော် အစ်ကိုတော် တွေကို ရည်စူးပြီး လှူတဲ့အလှူပေါ့။
အဲဒီ့နေ့က ၀ါဆို လပြည့်နေ့လေ....ဒါကြောင့် လမ်းတစ်လျှောက်မှာ ဖိုလ်ဝင်းတောင် ကပြန်လာတဲ့ ဘုရားဖူးခရီးသည်တွေနဲ့ တွေရတယ်....ဆုံရတယ်.... ထူးဆန်းတာက သူတို့ခေါင်းမှာ ကျောက်ပန်းခွေ လေးတွေစွပ်ထားကြတယ်....ယောင်္ကျား၊မိန်းမ၊ ကလေး လူကြီးလူငယ် အားလုံးနီးပါး စွပ်ထားတယ်... ၀ါဆိုလပြည့်နေ့က ဖိုလ်ဝင်းတောင် ဘုရားပွဲနေ့လေ...အရမ်းစည်တယ်.....ဒါပေမဲ့ မဂျီး အခုထိမရောက်သေးဘူး..... :|

ဖိုဝင်းတောင် ကိုသွားချင်ပေမဲ့ အရမ်းနောက်ကျနေတာနဲ့ မ၀င်တော့ဘဲ မုံရွာကိုတန်းပြန်လာရတယ်.....
အပြန်လမ်းမှာ မုံရွာ ရဲ့  နာမည်ကြီး ကြေးစင်တောင် ရှိတဲ့ လမ်းကပြန်လာတယ်.....
ကြေးစင်တောင် က ကြေးနီ သတ္တုထွက်တယ်လေ...အဲဒီ ကြေးနီသတ္တုတွေကို နိုင်ငံခြားကုမ္ပဏီ ဖြစ်တဲ့ အိုင်ဗင်ဟို က လေလံဆွဲထားပြီး ကြေးနီတွေ ထုတ်တယ် ပြီးရင် သူတို့ဆီ သယ်သွားတယ်...
အဲဒီ့နေရာနားကလမ်းဆုံလေးရှိတယ်...အဲဒီ့လမ်းဆုံမှာ အတူလာတဲ့ ကလေးတွေဆိုင်ကယ်က လမ်းမှားသွားလို့ သူတို့ကိုလမ်းဆုံမှာ စောင့်နေရတယ်....ဒါနဲ့ပဲ ...

နံမည်ကျော် ကြေးစင်တောင်ကို လှမ်းကြည့်တော့ တစ်သက်မှာ တစ်ခါပဲကြုံနိုင်တဲ့ သဘာဝရားကြီးက ပေးတဲ့အလှတရားကို တွေ့လိုက်ရတယ်...
(နှမြောစရာကောင်းတာက ကင်မရာလေးတစ်လုံးတောင်မပိုင်တဲ့ ဘ၀ မို့ မှတ်တမ်းမတင်ထားရဘူး.............)

ကြေးစင်တောင်ရဲ့အထက်ကောင်းကင် မှာ မိုးတိမ်ကြီးတစ်ခုအုပ်ဆိုင်းနေပြီး...တိမ်ဆိုင်တိမ်ခဲအတွင်းကနေ.....နေမင်းကြီးက ထိုးထွက်နေတယ်....မိုးတိမ်ရဲ့ အထက်နဲ့ အောက်ကို  ရောင်ခြည်တွေ ထိုးထွက်နေတာက မီးဆလိုက်ထိုးထားသလိုပဲ....မိုးတိမ်ရဲ့  အောက်ခြေမှာ လည်း မိုးကသည်းသည်းမည်းမည်း ရွာချနေတဲ့ရှု့ ခင်းက အရမ်းလှတဲ့ရှု့ ခင်းပဲ...... စာနဲ့ ရေးဖွဲ့လို့မမှီဘူး.........
လှလိုက်တာအရမ်း ပါပဲ.....ရောက်နေတဲ့နေရာက လမ်းဆုံလမ်းခွဆိုတော့ အရပ်ရှစ်မျက်နှာ ကို လှည့်ကြည့်လိုက်တာနဲ့ ........အရှေ့ဘက်ကျောက္ကာတောင်တန်းဘက်မှာ လည်း မိုးကရွာတဲ့နေရာရွာ တောင်ဘက်မှာလည်း ထို့အတူ၊ မြောက်ဘက်မှာလည်း ထူးမခြားနား၊
အနောက်ဘက်ကလည်း အားကျမခံ အရပ်မျက်နှာ အားလုံးက အလှကိုယ်စီနဲ့ လှနေကြတယ်......
ဒီလိုသဘာဝတရားကပေးတဲ့ အလှတွေကိုခံစားရင်း ကြေးစင်တောင်ရှိတဲ့နေရာကို ရှာကြည့်မိတယ်....အိုင်ဗင်ဟိုကုမ္ပဏီကကြေးနီထုတ်တဲ့ ၂နှစ် ၃နှစ်အတွင်းမှာ ကြေးစင်တောင်ဆိုတာ နာမည်ပဲကျန်ပါတော့တယ်.....နောက်မဂျီးနာမည်မသိတဲ့ တောင်တစ်လုံးတောင် မုန့်စိမ်းပေါင်းလှီးသလို တရိပ်ရိပ်နဲ့ လှီးချနေတာ တောင်ခြေတောင်ရောက်နေပြီ....ဒီလို သဘာဝအရင်းအမြစ်ကိုထုတ်နေတာနဲ့ ပတ်ဝန်းကျင်မှာ ဆိုးကျိုးတွေဖြစ်လာရတယ်..
ပတ်ဝန်းကျင်ကျေးရွာတွေမှာ လယ်ယာမြေတွေဆုံးရှုံးသွားတယ်...ထွက်လာတဲ့ စွန့်ပစ် ပစ္စည်းတွေကြောင့် လယ်ယာမြေတွေမှာ စိုက်ပျိုးလို့မရတော့ ဘူး..... ပူပြင်းခြောက်သွေ့တဲ့အညာမြေမှာ ပိုပူပြင်းခြောက်သွေ့ရတယ်...နောက်ဆိုရင် ကန္တာရများဖြစ်မလားမသိဘူးဆိုတဲ့ အတွေးနဲ့ အတူ ခုဏကပျော်ရွှင်မိတဲ့ ခံစားချက်တွေက တိုက်ခတ်နေတဲ့ လေနဲ့အတူလွင့်စင်သွားတယ်... ......
ပတ်ဝန်းကျင်ကျေးရွာတွေကတော့ ကြေးနီထုတ်လုပ်ရေးရဲ့  စွန့်ပစ်ပစ္စည်းကနေ တစ်ဆင့် ဒုတ္ထာ ကိုပြန်ချက်တဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းကိုလုပ်ကိုင်ကြရတယ်..............
ကျေးရွာနေ ပြည်သူလူထုတင်မဟုတ်ပဲ...သဘာဝသစ်ပင်တွေပါ ရှင်သန်မှုမရှိတော့ဘူး....ရှင်သန်နေတဲ့သစ်ပင်တွေလည်း ရပ်တန့်သွားတယ်...
ခြောက်သွေ့ရင် ဖုန်တစ်ထောင်းထောင်းနဲ့ စိုစွတ်ရင်လည်း ဗွက်တစ်စိစိ နဲ့ စိတ်ညစ်စရာကောင်းတယ်.....ဒီကြားထဲ နိုင်ငံခြားပိုင်ကုမ္ပဏီဆိုတော့ အခြေခံ အလုပ်သမလေးတွေရဲ့ ဘ၀ကို ကြားရတော့ ဘယ်သူ့အပြစ်တင်ရမှန်းမသိဘဲ စပ်စပ်စုစုနိုင်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်.....ဒါနဲ့ပဲ လမ်းမှားသွားတဲ့ ဆိုင်ကယ်၂စီးကို ပြန်မလာရမလားဆိုပြီး ဒေါသ လမ်းလွှဲပြီး မုံရွာ ကို ခရီးဆက်ခဲ့တယ်........


နွေမိုးဆောင်း
26.1.2012

Wednesday 25 January 2012

ဗိုလ်ချု့ပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက်ဇယား

ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တယ် ... :)








.

နွေမိုးဆောင်း
25.1.2012 

Saturday 14 January 2012

အကောက်တောင်ဘ၀ အလှ............

ဧရာဝတီတိုင်း ကြံခင်းမြို့ ကနေ နာရီဝက်ကြာအောင် ကားဖြင့်ခရီးနှင်လျှင် ဆပ်သာရွာဆိုသော ရွာလေးသို့ရောက်သည်။ ဆပ်သာရွာမှတစ်ဆင့် စက်လှေဖြင့် ၁ နာရီကျော်စီးလျှင် အကောက်တောင် ဆိုသော တောင်သို့ရောက်မည်ဖြစ်သည်။ အကောက်တောင်သည် ရခိုင်ရိုးမတောင်တန်းကြီးနှင့် ထိစပ်နေသော တောင်ကြီး ၊ တောင်လတ် ၊ တောင်ငယ် ၃ မျိုးတွင် တောင်ကြီး စာရင်းဝင် အမျိုးစားဖြစ်သည်။  ဧရာဝတီထဲသို့ထိုးထွက်နေသော အကောက်တောင်ကို ကြံခင်းဘက်ကစက်လှေနှင့်လာလျှင် သိသာထင်ရှားစွာမြင်တွေ့နိုင်သည်။
ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်တွင်  မြို့ တော်ဝန်ဦးကောက်ရ ဆိုသူကို အကောက်တောင်ခြေတွင် အကောက်ရုံးဖွင့်စေပြီး မြစ်အတွင်း အစုန်ဆန်သွားလာနေသော လှေသင်္ဘောများကို အခွန်ကောက်ခံစေသည်ကို အစွဲပြု၍ အကောက်တောင်ဟု အမည်တွင်သည်ဟု သိရသည်။ထို့အပြင် အကောက်တောင်ဟုအမည်မတွင်ခင်က ရတနာပုံစတောင်ဟု အမည်တွင်သည်။
မြတ်စွာဘုရားကျေးမင်းဖြစ်တော်မူစဉ် ထိုတောင်ပေါ်ရှိ သစ်သီးသစ်ဥများက ချိုမြိန်အရသာရှိ၍ အစာကောက်သည်ကို အစွဲပြုကာ အစာကောက်တောင်ဟုခေါ်ရာမှ ကာလ ရွေ့လျားကာ အကောက်တောင် ဟု တွင်သည်ဟုလည်း သိရပါသည်။
အကောက်တောင်ရှိနံရံကပ်ဆင်းတုလက်ရာများသည် ကုန်းဘောင်ခေတ်နှင့် ကုန်းဘောင်ခေတ်မတိုင်ခင်ကလက်ရာများ ဟုသိရသည်။ ဧရာဝတီထဲတွင် စုန်ဆန်သွားလာနေသော လှေများသည် ခဏတစ်ဖြုတ်အနားယူ ခရီးတစ်ထောက်နားရာတွင် ကျောက်ဆစ်ပညာရှင်များက ကျောက်တောင်တွင် နှောင်းလူတို့ ပူဇော်နိုင်ရန် ထုဆစ်ခဲ့ကြသည် ဟုသိရသည်။ ကျောက်ဆစ်အတတ်ပညာသည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာမရောက်မီကတည်းက ကျောက်ဆစ်ပညာဖြင့် အရုပ်ပေါင်းများစွာကိုထုဆစ်ခဲ့သော ပညာဖြစ်သည်။ ထိုပညာကို ရှေးခေတ်မင်းများက နှစ်သက်မြတ်နိုး၍ ကျောက်ဆစ်အတတ်ပညာရှင်များကို ချီးမြှောက်ရင်း တိုင်းသူပြည်သားတွေက စိတ်ဝင်စားလေ့လာကြသည်။
ပင်လယ်ရေမှ အနယ်ကျဖြစ်ပေါ်လာသော ကျောက်သားထု ဖြစ်သောကြောင့် ထုဆစ်ရလွယ်ကူသဖြင့် ကောင်းမွန်သောလက်ရာများကို ဖူးတွေ့နိုင်သည်။ ဗုဒ္ဓရုပ်ပွါးတစ်ထောင် အကောက်တောင်လို့ အဆိုရှိ သဖြင့် များပြားလှသော ဆင်းတုတော်များကို လပြည့်နေ့တိုင်း ဆန်တစ်တင်းချက်ဆွမ်းကို ကြေးဇွန်းတစ်ဇွန်းနှင့် ဆွမ်းကပ်လှူဒါန်းခဲ့ရာ ဆွမ်းသာကုန်ပြီး ရုပ်ပွါးတော်များကျန်ရှိခဲ့သည်ဟု သိရပါသည်။ ယခုအချိန်တွင် သဘ၀ဘေးအန္တရာယ်ကြောင့် ဂူနံရံများ ပြိုကျပျက်ဆီးပြီး ရုပ်ပွါးတော်များ ရေခခဲ့ရသောကြောင့် ဆင်းတုတော်ပေါင်း ၃၇၀ သာ ကျန်ရှိတော့သည်ဟုသိရပါသည်။
တောင်ခြေမှ ပေတစ်ထောင်အမြင့်ရှိသည်ပြီး အမြင်ထူးခြားသော ကြည်ညိုဖွယ်ဆင်းတုတော်များကို နိုင်ငံခြားသားများကလာရောက်လေ့လာကြရသည်။ နွေရာသီတွင်ရေကျသောကြောင့် နီးနီးကပ်ကပ် မဖူးမြင်ရဘဲ   မိုးအခါ ရေတက်ချိန်တွင် အနီးကပ်ဖူးမြင်နိုင်သည်။
ခါးအထက်ပိုင်းမတ်မတ်ထားပြီး လက်တော်ထောက်ထားကာ ပုခုံးတော်ပေါ်ဦးခေါင်းတင်ထားသောလျောင်းတော်မူ ကိုထူးခြားစွာတွေ့ခဲ့ရသည်။ လျောင်းတော်မူများသည် မြစ်၏လားရာတူရာတောင်ဘက်ကို ဦးခေါင်းထားသည်ကိုတွေ့ရသည်။ ရေဆုန်အတိုင်း အလိုက်သင့် တည်ရှိသဖြင့် ဘ၀တွင်ရင်ဆိုင်ရသော အခက်ခဲများ၊ အကျပ်တည်းများ အတွက် တိုင်တည်ပူဇော်ထားခြင်းဟု သိရပါသည်။

လျောင်းတော်မူဘုရားများ မှာ

တောင်ဘက်ကိုဦးခေါင်းထားပြီး အရှေ့ ဘက်ကိုမျက်နှာလှည့်ထားလျှင် ရှင်ပင်သာလျောင်း
အရှေ့ ရပ်ကိုဦးခေါင်းထားပြီး မြောက်အရပ်ကိုမျက်နှာလှည့်ထားလျှင်   ပေါင်းလဲကိုယ်တော်
မြောက်အရပ်ကိုဦးခေါင်းထားပြီး အနောက်အရပ်ကိုမျက်နှာလှည့်ထားလျှင် ကုသိနာရုံ  ဟူ၍ ဘွဲ့တော်များ ရှိသည်။ အချို့ ဆင်းတုတော်များများသည် ရေဒဏ်လေဒဏ်သဘာဝဒဏ်ကြောင့် ခန့်မှန်းလို့မရအောင်ကိုပျက်စီး နေတာတွေ့ရသည်။ ရပ်တော်မူ၊ ထိုင်တော်မူ ၊ လျောင်းတော်မူ ဆင်းတုတော်များသည် တစ်ဆူနှင့်တစ်ဆူ မတူသလို သင်္ကန်းရုံထားခြင်း သင်္ကန်းချထားခြင်း များလည်းမတူပေ။ ထို့ပြင် သပိတ်ပိုက်၍ ဆွမ်းခံထွက်နေသော ဆင်းတုတော်ကိုလည်း တွေ့မြင်နိုင်သည်။ မုဒြာအမျိုးမျိုးကို ထူးခြားစွာတွေ့မြင်နိုင်သည်။
 အကောက်တောင်ရင်ပြင်ပေါ်တွင် စေတီတစ်ဆူရှိရာ ထိုစေတီ၏ဘွဲ့တော်မှာ “ ရွှေမြင်တင်” စေတီဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ကျော်က သီရိတံခွန်မင်းကြီး အုပ်စိုးစဉ် ထိုမင်းသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောကြောင့် သိကြားမင်းကပင် မြတ်စွာဘုရား၏ သရီရဓါတ်တော်၃ဆူကိုလာရောက်ဆက်သရသည်။ ထိုအခါ ထိုဓါတ်တော်၃ဆူကို မင်းကြီးက သားတော်အကြီးမဟာပုံစမင်းသားကို တစ်ဆူပေးကာ ရတနာပုံစတောင်ပေါ်သို့ သားတော်အကြီးက သိန္ဓောဝမြင်းပေါ်တင်၍လွှတ်လိုက်ကာ စေတီတည်သောကြောင့် “ ရွှေမြင်းတင် ” ဟု တွင်ရာမှ ယခုအခါ “ ရွှေမြင်တင် ” ဖြစ်လာခဲ့သည်ဟု သိရပါသည်။  ထို့ပြင်သားတော်လတ် စူဋ္ဌာပုံစမင်းသားကိုလည်း ဓါတ်တော်တစ်ဆူပေးရာ သားတော်အလတ်က ရတနာပုံစတောင်၏တောင်ဘက်၁ ဖာလုံအကွာတွင် စေတီတစ်ဆူ ၊ သားတော်အငယ် သံပုံစကိုလည်း ဓါတ်တော်တစ်ဆူပေးရာ မြောက်ဘက် ၁ ဖာလုံအကွာတွင် စေတီတော်တစ်ဆူစီ အသီးသီး တည်ကြသည် ဟု သိရပါသည်။
ယခု အကောက်တောင်ပေါ်တွင်  ဆရာတော် ဦးပညာဒီပ သည် သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး
အကောက်တောင် တောင်တက်လမ်းကို ဆရာတော်မှ ဦးစီးကာ အလုပ်သမားများနှင့်ဖောက်လုပ်ခဲ့သည်။
အကောက်တောင်ပေါ်တွင် ဂျုံးဂျုံးကျရေတံခွန် ၊ ကျောက်တွင်းစမ်းကိုးစမ်းနှင့် ဦးပွါးသိုက်တွင်း ရှိသည်ဟု သိရသော်လည်း တောနက်သည်ကတကြောင်း သွားလာရခက်ခဲသောကြောင့် လမ်းပြနှင့်သွားမှ အဆင်ပြေသောခရီးဖြစ်သောကြောင့်မရောက်ခဲ့ပါ။ သို့သော်သွားချင်ပါကလည်း ဆရာတော်မှ လမ်းပြထည့်ပေးမည်ဟု သိရှိခဲ့ပါသည်။ 
ထို့ပြင် နတ်ရေကန် ၊ ကျောက်ဖား ၊ ကျောက်ရှင် ၊ နဂါးတွင်း ၃ တွင်း နှင့် ၀ါးပဒေသာ တို့ လို ထူးဆန်းသည်များလည်း ရှိပါသေးသည် ။
ကြံခင်းကနေ မော်တော်တိုက်ရိုက်စီးလာလျှင် ၁၇ မိုင်ဝေးပြီး ပဲခူးတိုင်း ရှိ ထုံးဘိုမြို့ မှ တစ်ဆင့် စက်လှေနှင့် သွားပါက ၁၅ မိနစ်ခန့် သာ စက်လှေစီးရပြီး သွားလမ်းသာသည်ဟု သိရပါသည်။ ထို့အတူ ထုံးဘိုမြို့ မှ လည်းခြေလျင်ခရီးဖြင့်သွားနိုင်သည်ဟု သိရပါသည်။
အကောက်တောင်ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်နေ့တိုင်းကျင်းပသည် ဟု သိရပါသည်။



နွေမိုးဆောင်း 
14.1.2012
1: 36 pm

Wednesday 11 January 2012

အကောက်တောင်ခရီး.....အပိုင်း(၄)

ဟင်........ပေပင်ကြီးပါလား ........ပေပွင့်တွေနဲ့ မကြာခင်မှာပေသီးတွေသီးတော့မယ့် ပေပင်ကြီးပါလား ဆိုပြီး ထုံးစံအတိုင်း အတူနေညီမတွေကို နောက်လှည့်ကြည့်တော့ လည်းသူတို့အိမ်မက်ကမ္ဘာထဲကနေမနိုးထကြသေးဘူး .....။ လျင်မြန်တဲ့ကားအရှိန်နဲ့ သူတို့ကိုနှိုးပြီးပြရင်လည်း မြင်မှာမဟုတ်တော့ပါဘူးလေ.....ဆိုပြီး ကိုယ်ဘာသူ သမင်လည်ပြန်ငေးမောရင်း ခုချိန်အခါမှာ မြင်ရခဲ့တဲ့ ရှားပါးသစ်ပင်တစ်မျိုးကို နှမြောတသစိတ်ဖြစ်မိတယ်..........။



ပေပင်က ထန်းပင် အုန်းပင် ဓနိပင်တွေလို အရွက်ဖြာထွက်တဲ့အပင်တစ်မျိုးပါ။  အရွက်က ယပ်တောင်ပုံစံ ပြန့်ပြန့်ကားကားလေးပါ ။
ထန်းရွက်ထက်လည်းကြီးသည်။ အရွက်အပြန့်ကြီးသဖြင့် ပေ၏အရွက်ကို ဘုန်းတော်ကြီးများ တရားဟောရာ၍ ရှေ့ကကာ၍ထားသော ယပ်တောင်ကြီးများ၊ ခရီးသွားလာရာ၌ နေပူဒဏ်ကိုအလွယ်တကူကာကွယ်နိုင်ရန် ပြုလုပ်ထားသော ယပ်ကလေးများစသည်ဖြင့် အသုံးပြုကြသည်။ ထို့ကြောင့် အညာဒေသများတွင် အိုစည်ဝိုင်းသံချပ်ထိုးရာ၌ “ ပေတပင်လုံး ဘုန်းကြီးယပ်တောင် ” ဟုသီဆိုလေ့ရှိ၏။
ပေပင်ကိုမြန်မာပြည်အညာဒေသ မှာပေါက်တာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာအကြီးဆုံးအပင်တစ်မျိုးလို့တွေ့ရှိမှတ်သားရပါတယ်။ အပင်ရဲ့ အမြင့်က ၂၅ မီတာအမြင့်ထိ ရှိတတ်ပြီး အပင်ကြီးရင်ကြီးသလို အခက်အလက်ပေါင်း ၁၃၀ လောက်အထိ ရှိတတ်တယ်လို့သိရပါတယ်......။ပေပင်၏အသက်သည် အနှစ်၆၀ခန့်အသက်ရှည်၍ ပေရွက်၏အသက်မှာ အနှစ်၁၀၀၀ ခန့်အထိ မဆွေးမမြည့်တည်နေသည်ဟု ဆိုကြသည်။



“ ပေ တသီး ကျီးတသား ”  ဆိုသည့်အတိုင်း ပေသည် အသီးတကြိမ်ပဲသီးပြီး ခြောက်သွေ့ကာသေသွားတတ်သည်။
ပေပင်ဟာ တစ်သက်မှာတစ်ခါပဲ အပွင့်ပွင့်ပြီးအသီးသီးတယ်လို့ သိရပြီး အသီးသီးပြီးတဲ့ပေပင်ဟာ သေသွားတတ်ပါတယ်။အပွင့်ပေါင်းသန်းနဲ့ချီပြီးပွင့်တတ်ပြီး အပွင့်အများဆုံးပွင့်တဲ့ အပင်အဖြစ် သတ်မှတ်ထားပါတယ်။ ပေသီးဟာရင့်မာဖို့အတွက် အချိန်တစ်နှစ်ကြာတယ်လို့ သိရပါတယ်.......။



ပေရွက်မှ ရသောပေချပ်များကို စာရေးရန် ပြုလုပ်သုံးစွဲကြသည်။ ပေပင်မှရသော ပေရွက်ပေါ်တွင် အက္ခရာစာလုံးများ ရေးသားထားခြင်းကြောင့် “ ပေ ” နှင့် “ စာ ” ကို ပေါင်းစည်း၍ “ ပေစာ ” ဟူသော ဝေါဟာရ ဖြစ်လာသည်။
ပေရွက်ကို ပေစာအဖြစ် မြန်မာစာပေခေတ်ဦးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပါတယ်.....။ ယခုအချိန်အထိမွေးနေ့မွေးရက်မှတ်တမ်းကို ပေစာပေါ်မှာ မှတ်တမ်းတင်ထားတာကို တွေ့ရှိနေရပါသေးတယ်။ရှေးဘုရင်မင်းမြတ် မင်းညီမင်းသား မှူးမတ်ပညာရှိ စသည့် ပုဂ္ဂိုလ်များသည် ရွှေ ၊ ငွေ ၊ ကြေးတို့ကို ပေရွက်သဏ္ဌာန် အပြားခတ်၍ စာရေးသားသောကြောင့် ရွှေပေ ၊ ငွေပေ ၊ ကြေးပေ ဟု ခေါ်ဝေါ်ကြသည်။
“က ကညစ်ပေကိုခြစ် ”ကို ဆိုပြီး မြန်မာစာသင်ပုန်းကြီးဖတ်စာမှာသင်ကြားခဲ့တာကိုမှတ်မိကြမယ်ထင်ပါတယ်............။






ဒီလို မှတ်တမ်းဝင် ပေပင်မျိုးကို တွေ့ရတော့ ကျောင်းသူဘ၀က သင်ခဲ့ရတဲ့ ရှေးက အင်းဝခေတ် သက္ကရာဇ် ၈၁၁ ပြည့်နှစ် အင်းဝနေပြည်တော်၌ မိုးညှင်းမင်းတရားကြီးထီးနန်းစံ၍ ၁၂ နှစ် ရှိသော်......တောင်တွင်းကြီးမြို့ ၌  ထူးကဲသော တပေါင် ပေါ်ထွက်လာသည်။

“ ဘုရားရှစ်သောင်း လေးထောင် ဆောင်း၍ ကိန်းအောင်းစံရန် ဓမ္မခန်သည် သံတောင်ဖြိုးမြင့် စွင့်လိမ့်လေး.....။
 အကိုက်လေးဘော် မြေမှပေါ်သော် ရှင်ကျော်လေးဦး ခူးလိမ့်လေး ခူးလည်းခူးလတ္တံ ကူးလည်း ကူးလတ္တံ မြူးလည်းမြူးလတ္တံ
ရနံ့ငယ်ကြိုင်လှိုင် မွှေးပျံ့ဆိုင် နှစခိုင်ပွင့်လန်း ပြည်သူ့ပန်း ..............။ ”

ဟုဆိုသည့်အတိုင်း ပေလေးပင်ရှင်လေးပါး ပေါ်ထွက်လာသည်.......။






နွေမိုးဆောင်း
 11.1.2012

အကောက်တောင် ခရီးအစ အပိုင်း(၂) + ( ၃ )

န၀ဒေး တံတားကြီးကို နွေးထွေးစွာဖြတ်သန်းပြီး ပန်းတောင်မြို့ပြင်လမ်းကနေ ခရီးဆက်ခဲ့တယ်။ တောင်ကိုပတ်ပြီး ဖောက်ထားတဲ့လမ်းမို့ တောင်ကုန်းမို့မို့ ၊ လမ်းအကွေ့ကောက်ပြေပြေနဲ့ပေါ့ ။ နံဘေးမှာရွာသေးရွာငယ်၊ရွာကြီးအသွယ်သွယ်ကို ဖြတ်သန်းသွားခဲ့ရင်း ငေးမောရင်း ကိုယ့်ကိုလည်းတစ်ယောက်ယောက်က ပြန်လည်ငေးမောကြည့်နေတာကိုခံစားရပါလား ဆိုတဲ့အသိချက်ခြင်းဝင်လာခဲ့တယ်။ ဒီတော့မှ ပတ်ဝန်းကျင်အလှရှူ့ ခင်းတွေကိုကြည့်ရာက ပြန်လည်ရှာဖွေမိတော့........ဟော........တွေ့ပါပြီ......... ကိုယ်ကပြုတင်းမှန်အတွင်းကနေ အပြင်ကို ကြည့်သလို သူကလည်း အရှေ့ဘက်မိုးကုတ်စက်ဝိုင်းကြီးပေါ် မေးတင်ပြီး ကိုယ့်ကိုပြုံးပြုံးလေးကြည့်နေလေရဲ့  ......... မင်္ဂလာနံနက်ခင်းပါ သူရိန်ရေ.........လို့ နှုတ်ဆက်မိလိုက်တယ်...။ သူကကိုယ့်ကိုဘယ်အချိန်ကတည်းကနှုတ်ဆက်စကားခွန်းခြွေနေလည်း မသိလိုက်လို့ အားနာမိလိုက်တာ..... သဘောကောင်းတာကတော့ သူ့မျက်နှာကိုအပြည့်အ၀ကြည့်ခွင့်ပေးထားတာပဲ.................

မဗေဒါချောင်းရေတကြော စုန်ဆင်းစဉ် ကြုံတွေ့ရသလိုပဲ ကိုယ်တို့ခရီးစဉ်ကလည်း အဆောင့်အကန် အကျောက်အတိုက်တွေနဲ့ ခရီးဆက်ရတယ်။ မဗေဒါကတော့ ကပ်စရာကမ်းမမြင်ပေမယ့် ကိုယ်တို့ကတော့ အကောက်တောင်ဆိုတဲ့ ခရီးကမ်းရှိတော့ ငါတို့ဘ၀က သူ့ထက်သာပါလားလို့ တွေးလိုက်မိသေးတယ်။ မနက်စောစောလုပ်ငန်းခွင်ဝင်နေတဲ့ ယာလုပ်သားကြီးတွေ ယာသူမလေးတွေ အလုပ်ဆင်းသွားတဲ့ မြင်ကွင်းဟာလည်း အားတက်စရာမြင်ကွင်းလေးပဲ.......မြို့ပြမှာ ဒီအချိန်ဆိုအနားယူအိပ်စက်နေတဲ့အချိန်မှာ ကျေးရွာလူထုကတော့လုပ်ငန်းခွင်ဝင်နေကြပြီ......... ခရီးသွားရင်မအိပ်ဘဲ ဘေးပတ်ဝန်းကျင်ရှူ့ခင်းတွေကိုငေးမောတတ်တဲ့အကျင့်လေးကရှိနေတော့ ဖြတ်သွားတဲ့ ရွာစဉ်တန်းတွေရဲ့  အိမ်တစ်အိမ်ရှေ့မှာ  ဆပ်သွားဖူးရုံအကြီးကြီးကိုမြင်လိုက်တော့ အံ့သြ၀မ်းသာပြီး အတူနေညီမငယ်တွေကို ပြမလို့ နောက်လှည့်ကြည့်လိုက်တော့ မချော၂ယောက်က အိမ်မက်ကမ္ဘာထဲရောက်နေသလားမှတ်ရတယ်........ သူတို့ကိုလည်း စာထဲကဗျာထဲမှာပါတဲ့
ဆပ်သွားဖူးရုံဆိုတာအဲ့ဒါပေါ့ ဆိုပြီးပြချင်တာ.......
ဆပ်သွားဖူးဆိုတာ အညာမှာပဲတွေ့ရတတ်တဲ့ပန်းတစ်မျိုးလေ ...အခုမြေလတ်အောက်ပိုင်းမှာ ရုံအကြီးကြီးအဖြစ်လာတွေ့ရတော့ ထူးဆန်းမိတယ်.........။ဆပ်သွားဖူးပန်းရဲ့ထူးဆန်းပြင်းထန်လှတဲ့ ရနံ့ကိုလည်း လွမ်းဆွတ်သတိရသွားမိတယ်.........။
မံရွာမှုာတုန်းက ဆပ်သွားဖူးပန်းကို လှေခါးထောင်ပြီး အခိုင်လိုက်ခူးပေးတဲ့ အိမ်ကို လည်းမျက်စေ့ထဲပြေးမြင်မိတယ်...။ အဆောင်ကအခန်းထဲမှာ ပန်းအိုးနဲ့ရအောင်ထိုးထည့်ပြီး ညတရေးနိုးပြင်းထန်လှတဲ့ အနံ့ကြောင့် အသက်ရှူကြပ်ပြီး အခန်းအပြင်ထုတ်လိုက်ရတာလည်း သတိရမိပြီး ပြုံးလိုက်မိတယ်......။ ပြင်းထန်လိုက်တဲ့ ဆပ်သွားဖူးရယ်....................ဆိုတဲ့အတွေးတွေနဲ့ငေးမောရင်း တောင်ထူတဲ့နေရာသစ်ပင်ကြီးတွေပေါများတဲ့အရပ်မို့ အနွေးထည်မပါတဲ့ ခန္ဓာကိုယ်ကစိမ့်ကနဲအေးလာတယ်........... ရွာဓလေ့ ရွာအခြေအနေတွေကိုငေးမောရင်းနဲ့ ကောင်းကင်မှာထိုးထွက်နေတဲ့ အရာတစ်ခုကိုမြင်တော့ ............ဟင်.........................




နွေမိုးဆောင်း
 11.1.2012

အကောက်တောင်ခရီးအစ အပိုင်း(၁) ............

Edit

အကောက်တောင်ခရီးအစ အပိုင်း(၁) ............








(၆၄) နှစ်မြောက်လွတ်လပ်ရေးနေ့ မနက်အစောကြီး ၅ နာရီ ကတည်းက နာရီ alarm နဲ့အတူ နိုးထလာပြီး ယူသွားမယ့် ပစ္စည်းတွေ ပြင်ဆင်ထည့်ပြီး မျက်နှာသစ် ၊ သွားတိုက် ၊ အလှပြင်ဆင်ပြီး လာကြိုနေတဲ့ BM ကားပေါ် လှူဖွယ်ပစ္စည်းနဲ့အတူ စားစရာခြင်းတောင်း တွေတင် နေရာယူထားလိုက်တယ်။ တက်ကြွလန်းဆန်းလတ်ဆတ်တဲ့ ခြေလှမ်းတွေနဲ့ အတူ စတင်ခဲ့တယ်……………..။
ရာသီဥတုလေးကလည်း လပြာသိုပေမယ့် ခိုက်ခိုက်တုန်အောင်မချမ်းတော့ အနွေးထည်လေးတစ်ထည်တောင်မယူဘဲ...ထွက်လာမိတယ်။ တောင်တက်ခရီးမှာ အပိုဖြစ်မယ့် အရာဆိုပြီးချန်ထားရစ်ခဲ့တယ်……….

စတင်ထွက်လာတဲ့ အချိန်က အရှေ့ ရောင်နီတောင် အစမပြုသေးတဲ့ မနက်၆ နာရီ ၊ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူ အနည်းကျဉ်း၊ ကား ၊ ဆိုင်ကယ် တစ်စီးနှစ်စီး ပဲတွေ့ရတယ်။ တစ်ချို့အိမ်တွေဆို တံခါးတောင်မဟ သေးဘူး ။ ဆောင်းအခါမို့ ညတာရှည်လို့ ရောင်နီပျိုးတာ နောက်ကျလိုက်တာလို့ ဆိုတဲ့အတွေးကို န၀ဒေးတံတား ( ဧရာဝတီ ) ကိုဖြတ်သန်းရင်းတွေးမိတယ်…………..

ဟိုး………..မြစ်အောက်အခြေဘက်ကိုလှမ်းကြည့်လိုက်တော့ ……..အိုး……….. မြူဆိုင်းနေတဲ့ တောင်တန်းတွေကို မြူခိုးမြူငွေ့တွေ ရစ်ခြုံသိုင်းလွှမ်းလျက် မြင်လိုက်ရတော့မှ ကိုယ့်ခန္ဓာကိုယ်လည်း အသာအယာအေးစက်လာတယ်………။ ဒါပေမယ့်…..လေ…..မြစ်ဧရာဝတီစီကေ
န ပျံ့ တက်လာတဲ့ ရေခိုးရေငွေ့ တွေကိုမြင်လိုက်ရတဲ့ တခဏမှာ နွေးထွေးသွားခဲ့တယ်…………။
ဘယ်လောက်ပဲအေးစက်နေပါစေ နွေးထွေးမှုရှိအောင် ဧရာဝတီ ဟာ စွမ်းဆောင်စေနိုင်ပါသလား…………………
…..။
အေးစက်နေတဲ့တောင်တန်း နဲ့အတူ နွေးထွေးစေတဲ့ဧရာဝတီရယ် ကိုယ်ရယ်ဟာ တစ်သားတည်း ဖြစ်သွားခဲ့တယ်………….. ။



နွေမိုးဆောင်း
 11.1.2012

Tuesday 10 January 2012

အကောက်တောင်အလှူ...........

ပြည်မြို့ ကိုတာဝန်ကျကတည်းက မုံရွာတုန်းကလို သွားလိုက်အုံးမယ်ဟဲ့ခရီးတွေ ၊ ဘုရားတွေ ၊ ရွာတန်းရှည်တွေ ဆိုပြီးအားခဲထားခဲ့ပေမယ့် မသွားဖြစ်ခဲ့ဘူး။ ခရီးသွားဆောင်းပါး အမှတ်တရတွေလည်း ရေးလိုက်အုံးမယ်လို့ ဆိုပြီးတေးမှတ်ထားခဲ့တာ။ ဒီစိတ်ကူးတွေကိုအခုတော့ အကောင်ထည်ဖော်ပေးတဲ့ သူရှိလို့ သွားဖြစ်ပြီ ရေးဖြစ်ပြီ.............
၃ ရက်လောက်ကစပြီးကြိုသိနေတဲ့ခရီးစဉ်မို့ ကြိုတင်စီစဉ်စရာရှိတာစီစဉ်ခဲ့ရတယ် ။ ပထမ ဆုံး လက်ဆောင်ရထ...ားတဲ့ ကင်မရာလေးနဲ့အတူခရီးထွက်ရမယ်ဆိုတဲ့ အတွေးက စိတ်ကို ပီတိဖြစ်စေတယ်………ဘယ်လိုမျိုးလေး ရှူခင်းပုံလေးတွေ ရိုက်လိုက်မယ် ကိုယ်တိုင်လည်း အလှဓါတ်ပုံကို ဘယ်လိုပိုစ့်နဲ့ရိုက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့အတူ………….စိတ်ကူးယဉ်
ခဲ့မိတယ်……။
4.1.2012 နေ့မှာသွားမှာမို့ 3.1.2012 နေ့ညနေကတည်းက စတင်ပြင်ဆင်ခဲ့ရတယ်။အတူနေညီမ၂ယောက်က ဘုန်းကြီးလှူမယ့် လှူဖွယ်ပစ္စည်းသွားဝယ် ၊ ကိုယ်ကတော့ အနောက်ဈေးထဲကို လိုအပ်မယ်ထင်တာလေးတွေ သွားဝယ်။ ပြန်ရောက်တော့ မနက်ကို ကြာဇံကြော်သွားမှာဆိုတော့ အသီးရွက်တွေ လှီးတန်လှီး ၊ ဖြတ်တောက်စရာ ရှိတာ ဖြတ်တောက် ၊ နွှာစရာရှိတာနွှာနဲ့ အသင့်ပြင်နေတုန်း လှူဖွယ်ပစ္စည်းဝယ်သူတွေပြန်ရောက်လာကြတယ်။ ဘ၀မှာ မထင်မှတ်ဘဲမှားမိတဲ့အမှား အညစ်တွေကင်းစင်အောင် ရည်ရွယ်ပြီး ဆပ်ပြာမှုန့်အကြီးတစ်အိတ် ၊ သောကကင်းပြီး အမိုက်မှောင်ဘ၀ မရောက်စေရန်အတွက် အလင်းပေးမယ့်ဖယောင်းတိုင် ၊ ရှေ့ဆက်ရမယ့်ခရီးတစ်လျှောက်မှာ ကျန်းမာတဲ့ကိုယ်ခန္ဓာကိုပိုင်ဆို
င်မှ အေးချမ်းတဲ့ဘ၀လေးဖြစ်စေရန် ဆေးမျိုးစုံတို့ပါလာတယ်။
ဒီတော့ ကင်မရာအသစ်လေးနဲ့ လှူဖွယ်ပစ္စည်းတွေ ၊ စားသောက်မယ့်စားစရာအတွက်ပြင်ဆင်ထားတဲ့ အရာတွေ ၊ ကော်ဖီ အပါအ၀င် ပစ္စည်းတွေကိုမှတ်တမ်းတင်ထားလိုက်တယ်………..။






...


နွေမိုးဆောင်း 
 
 10.1.2012

သရေခေတ္တရာသို့ အလည်တစ်ခေါက်……………………..

ပြည်ရောက်စ ကသွားခဲ့တဲ့ ခရီးစဉ်လေးတစ်ခုကို အမှတ်တရ ဝေမျှရင်း............




ဧည့်သည်ဆရာမတစ်ယောက်ကို ပြည်မြို့ရဲ့  အထင်ကရဘုရားတွေကို လိုက်ပို့တဲ့ ဆရာမတွေနဲ့အတူ ကိုယ်လည်း လိုက်ပါသွားခဲ့ရတယ်…………။ အဓိက ကမှော်ဇာဘက်ရောက်မယ်ဆိုလို့ လိုက်ချင်တာနဲ့လိုက်သွားခဲ့တယ်………………မှော်ဇာဆိုတာ ရှေးဟောင်းနန်းတော်ဟောင်းရှိတယ် ဆိုလို့ အရမ်းရောက်ဖူးချင်ခဲ့တယ်………..စသွားရတဲ့ ဘုရားက ဇာတ်၅၀၀ ဘုရား ဆိုလို့ ဇာတ်တော်၅၀၀ ကိုဘယ်လိုများ ပုံဖော်ထားမလဲဆိုတဲ့အတွေးနဲ့……………..။

ဘုရားကိုရောက်တော့လည်း ဇာတ်တော်ကြီး၅၀၀ကိုရှာနေမိတယ်……. ဒါပေမယ့်….. သိချင်တာကိုမေးကြည့်မယ်လုပ်တော့လည်း ဂေါပကလူကြီးတွေကိုမတွေ့မိဘူး……… အတူလိုက်ပါတဲ့ ကလေးတွေကလည်း သူတို့သိတဲ့ဘုရားကိုသူတို့လိုက်ပို့တာ ဆိုတော့ ဘုရားသမိုင်းကို သူတို့မသိဘူးဖြစ်နေတယ်……………. ဇာတ်၅၀၀ ဘုရားကနေ ဘုရားမာဘုရားကိုရှေ့ဆက် ခရီးဆက်ကြတယ်………။… ပြည်မြို့ဟောင်းရဲ့  မြို့ ထောင့်စေတီတွေအဖြစ် ကြားဖူးတဲ့ ဘုရားကြီး၊ ဘောဘောကြီး၊ ဘုရားမာ စတဲ့ ဘုရားတွေထဲက ဘုရားတစ်ဆူပဲ……..ဘုရားရဲ့ ဗိသုကာလက်ရာကတော့ ဘုရားသုံးဆူပုံစံတူတူပဲ……… ကောင်းမှုတော်ဘုရားလေက် ထုတည်မကြီးပေမယ့်ွှ ကောင်းမှုတော်ဘုရားလိုပုံစံမျိုးတွေပဲ………..ဘုရားရဲ့  လုံးပတ်လည်ကဘာမှ မရှိတော့ဘူး နှစ်ပေါင်းများစွာကြာလာတဲ့ အခါလေဒဏ်မိုးဒဏ်ကိုခံရလို့ အင်္ဂတေ တွေပြုတ်ကွာနေကြပြီ…..။ သရေခေတ္တရာ လက်ထက်ကဘုရားတွေဆိုတော့ ပုဂံခေတ်ကဘုရားတွေထက်ပိုပြီး ရှေးကျမယ်ထင်တယ်…ဒါပေမယ့် ဘုရားတွေရဲ့  ပုံသဏ္ဍာန်က ချောမွေ့မှုမရှိဘဲ ဖြစ်နေတယ်။ ဘုရားမာကနေတစ်ဆင့် မှော်ဇာရွာက ရှေးဟောင်းသုတေသနပြတိုက်ကိုဝင်ခဲ့ကြတယ်…….။ ရှေးဟောင်းသုတေသနပြတိုက်ကို မရောက်ခင်နန်းမြို့ ရိုးဟောင်းတွေကို တွေ့ခဲ့ရတယ်……….ပြန်လည်တူးဖော်ထားတဲ့ မြို့ ရိုးတွေပေါ့………..။ ပြတိုက်ထဲကို လှည့်ပြီးကြည့်တဲ့အခါမျာ ပျူခေတ်အရိုးအိုးတွေ ပျူခေတ်လက်ရာ အိုးခြမ်းကွဲတွေ ဘုရားဆင်တုတွေ ဒင်္ဂါးပြားတွေ လည်ဆွဲပုတီးတွေကို မှန်ခန်းတွေနဲ့ ထည့်ထားပြီး ပြထားတယ်…………. သရေခေတ္တရာနန်းတော်ဟောင်း မြေပုံနှင့်တစ်ကွ ပျူစာတွေကိုတွေ့ရှိခဲ့တယ်…….။

ရှေးဟောင်းသုတေသနပြတိုက်ဆိုတော့ ကိုယ်သိချင်တဲ့ မြို့ ထောင့်စေတီ ၄ ဆူအကြောင်းမေးမိတော့ ပြတိုက်တာဝန်ခံက သူတို့သိတာလည်း၃ဆူပဲဖြစ်ကြောင်း ဘုရားမာ၊ ဘောဘောကြီး၊ ဘုရားကြီး တို့ဖြစ်ကြောင်း တစ်ဆူကတော့ ပျောက်ပျက်နေတာဖြစ်နိုင်ကြောင်း နဲ့ ဖြစ်နိုင်ချေရှိတဲ့ နေရာကိုလည်း မြေပုံထဲမှာ ပြသလိုက်လို့ သိရှိခဲ့ရတယ်…….။ကိုယ်ကြားဖူးတဲ့ ၄ဆူက ဘုရားမာ၊ ဘောဘောကြီး၊ ဘုရားကြီးနဲ့ ဘဲဘဲဘုရားတို့ဆိုပြီးသိတာ ဟုတ်လားလို့မေးတော့ အတိအကျ မသိဘူးဆိုတာပဲသိရတယ်..။

သရေခေတ္တရာမြို့ ဟောင်းရဲ့  ရှေးဟောင်းအမွေအနှစ်ကိုထိန်းသိမ်းထားတဲ့ ပြတိုက်ထဲမှာ ကိုယ်တွေအဖွဲ့  ကလွဲပြီးဘယ်သူမှမရှိဘူး။ ပြတိုက်တာဝန်ခံကလွဲပြီး ဘယ်သူမှမရှိကြဘူး။ ၀င်ကြေးကတော့ လူကြီးတစ်ယောက်ကို ၂၀၀ကျပ်တဲ့ ………. ကြားဖူးတာက နိုင်ငံတကာက ပြတိုက်တွေဆိုရင် ၀င်ကြေးကလည်းအများကြီးပေးပြီးဝင်ရတယ်။ ပြတိုက်လိုနေရာမျိုးဆိုတာကလည်း လူတွေအများကြီးနဲ့ စည်ကားနေတာတဲ့……….. အခုတော့ ကိုယ်ဆီက ပြတိုက်တွေကို မှန်းကြည့်လိုက်ပါ…………. အမြဲတမ်းခြောက်သွေ့ပြီး တိတ်ဆိတ်ငြိမ်သက်နေတယ်……………သာမန်လူတိုင်းလည်းဝင်ကြည့်ရှု့ ပြီးတဲ့အချိန်မှာ ပြန်ဖို့သတိရလိုက်တော့ ပြခန်းထဲမှာ ကျောင်းသူလေးတစ်ယောက်နဲ့ ကိုယ်နဲ့ပဲကျန်ခဲ့တယ်……….ကျောင်းသူလေးကလည်းမပြောရဲလို့ဆိုပြီး စောင့်နေတာတဲ့ အပြင်ကိုရောက်တော့ အားလုံးကားပေါ်ရောက်ကုန်ပြီ………

ပြတိုက်ကနေအထွက်လမ်းဘေးမှာဘုရားတစ်ဆူ တွေ့လို့ဆင်းပြီး ကြည့်တော့ ရဟန္တာဂူဘုရားတဲ့…….ပုဂံဘုရားတွေလို အတွင်းလှိုဏ်ဂူ ရှိပြီးနရံအုတ်ခွက်ဘုရားတွေ နရံဆေးရေးပန်းချီတွေကိုတွေ့  ရတယ်……….. ။ ဒီလိုရှေးကျတဲ့ ဘုရားမျိုးကို တံခါးမပိတ်ဘဲထားတော့ ရှေးဟောင်းအမွေအနှစ်တွေ ပျောက်ပျက်မှာစိုးရိမ်မိတယ်…….။ ပုဂံမြို့ ဟောင်းမှာတော့ ထိန်းသိမ်းတဲ့ အဖွဲ့တွေရှိတယ်..။ ဒါကြောင့် ပြည်မြို့ကရှေးဟောင်းဘုရားတွေကိုလဲ အမြဲထိန်းသိမ်းတဲ့ သူတွေရှိစေချင်တယ်…..။

ဒွတ္တဘောင်မင်းကြီးနန်းတော်ဦးကနေဘုရားဖူးရအောင်ဆိုပြီး တည်ထားတဲ့ နန်းဦးစေတီကိုဆက်သွားကြတယ်………….
အရင်ကျန်ရှိတဲ့ဘုရားကို ပြန်လည်မွမ်းမံထားပြီးပြန်တည်ထားတာလေ…..။ သာယာတဲ့နေရာလေးတစ်နေရာပါပဲ….. ရှေ့မှာလည်း ရေကန်ဟောင်းတစ်ခုကို တွေ့ခဲ့တယ်….။ပျူမြို့ ဟောင်းဆိုပြီး အထင်အရှားမရှိတော့ ဒီနန်းဦးဘုရားပတ်ဝန်းကျင်ကိုပဲ မှန်းပြီး သြော်……….. တစ်ခါက ဒီနေရာမှာ နန်းတော်ဆိုတာရှိခဲ့ပါလားဆိုပြီး မှန်းမျှော်ရင်း…….ခရီးဆက်ခဲ့တယ်…………..။
ဒီတစ်ခါရောက်တာကတော့ ဘောဘောကြီးဘုရားတဲ့ ။ ဘုရားပုံစံကဘုရားမာဘုရားနဲ့ ဗိသုကာလက်ရာတူတယ်.. နောက်ဆုံးဖူးတဲ့ဘုရားကြီးဘုရားအပါအ၀င် ဘုရား၃ဆူက ပုံစံတူဘုရားတွေ အားလုံးထဲမှာမှ ဘောဘောကြီးဘုရားကထုထည်အကြီးဆုံးဘုရားဖြစ်တယ်……….။
ဘောဘောကြီးဘုရားမှာပါလာတဲ့ လက်ဖက်သုပ်နဲ့ရေနွေးကြမ်း၊ အာလူးကြော် ၊ လိမ္မော်သီး ၊ စပျစ်သီးတွေကို စားရင်းအနားယူကာ စကားတွေပြောဖြစ်ကြတယ်……….။ ( ကလေးတွေ ယူလာတာ…………. )

စားသောက်ပြီးတော့ ရှေ့ခရီးဆက်ခဲ့တာက အောင်မြင်ဗာဟုစေတီကိုသွားကြတယ်……….အောင်မြင်ဗာဟုစေတီကို နံမည်ကြားဖူးကတည်းက စိတ်ဝင်စားနေတာ…………သူက တောနည်းနည်းကျတဲ့ နေရာမှာရှိတယ်……… ။ သာယာတဲ့ နေရာနှင့် သိုက်နန်းတွေပျော်တဲ့ နေရာလို့ကြားဖူးတယ်…….. ဘောဘောကြီးကနေသွားရတော့ ခရီးနည်းနည်းရှည်တယ်….. နောက်ပြီးအဲဒီ့ဘုရားက ဓါတ်ပုံရိုက်လို့မရဘူး ရိုက်ရင်လည်းပုံမထင်ဘူးလို့ပြောတယ်……. အဲတာတွေကြောင့် ဒီဘုရားကိုစိတ်ဝင်စားပြီး လိုက်ပါသွားမိတာလေ……. လမ်းခရီးတစ်လျှောက်လုံးမှာ ပန်းခင်းတွေ သီဟိုဠ်ပင်တွေ ၊ ကျွန်းပင်တွေနဲ့ ဘုရားနားနီးလာလေ တောကနည်းနည်ထူလာလေ…….. တောင်ကနည်းနည်းမတ်လာလေ………. နဲ့ ဘုရားကိုရောက်လာကြတယ်…………. ရှေးဟောင်းဘုရားကိုပြန်လည်မွမ်းမံထားလို့ သစ်လွင်ပြီးတောက်ပနေတယ်……. ဓါတ်ပုံ ဗီဒီယိုမရိုက်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုနေရာအနှံတွေ့ရတယ်……..။ ဒါနဲ့ပဲ ဘုရားဖူးပြီးတော့ အားလုံးနေရာအသီးသီးမှာ ဓါတ်ပုံတွေခိုးရိုက်ကြတယ်……… စမ်းသပ်ကြတာပေါ့……..တောင်ပေါ်မှာရှိတဲ့ဘုရားမို့ ရှုခင်းကတော်တော်လှတယ်…….. ရှေ့ဆက်တက်ရင်လည်း ဘုရားတွေရှိတယ်ဆိုလို့ ရှေ့ဆက်ပြီး သွားဖူးတာသော့ခတ်ထားလို့ အပြင်ကမှန်းမျှော်ဖူးခဲ့ရတယ်……….။တောင်ပေါ်မှာတည်တဲ့ဘုရားပေမယ့် ရေ မီး အပြည့်အစုံနဲ့ စိမ်းစိုနေတာပဲ………….. ဘုရားတွေဖူးပြီးပြန်မယ်ဆိုတော့ ဘုရားဂေါပကလူကြီးကိုဒီဘုရားကဘာလို့ ဓါတ်ပုံမရိုက်ရတာလဲဆိုပြီး မေးကြည့်တော့ ခရီးဆိုတာ အသွားရှိရင်အပြန်ရှိတယ် ဆိုပြီး ရှင်းပြတယ်…. ဘုရားကို တစ်ကယ်ရိုသေတဲ့ စိတ်နဲ့ ဓါတ်ပုံရိုက်မယ်ဆိုရင် ရိုက်သွားပါတဲ့ အဲလိုပြောလိုက်တာနဲ့ ဓါတ်ပုံရိုက်ထားတဲ့ ဆရာမတွေ ကိုယ်ရိုက်ထားတဲ့ ပုံတွေကို အကုန်ဖျက်တော့တာပဲ………. ။ ကိုယ်ကတော့ နောက်တစ်ခေါက် အောင်မြင်ဗာဟုကို ရောက်ချင်သေးတယ်……….။
နောက်ရောက်ခဲ့တဲ့ ဘုရားက ရွှေလက်ရဘုရားတဲ့ ဘုရားကိုရောက်တာနဲ့ ရင်သပ်ရှုမောဖြစ်သွားတယ်……….. ဘုရားပေါ်တက်တဲ့ စောင်းတန်းလှေခါးက နဂါးကြီးအမောက်ထောင်ထားတဲ့ လှေခါးမျိုး…….အရမ်းသပ္ပါယ်ပြီးအေးချမ်းတဲ့ဘုရားတစ်ဆူပဲ…..။ ဘုရားဖူး ၊ ဓါတ်ပုံရိုက်ပြီး ရှေ့ဆက်ခရီးထွက်ခဲ့တော့……… ကိုယ့်ကျောင်းနားက ဘုရားကြီးကို နောက်ဆုံးဝင်ခဲ့တယ်…….. ရှေ့မှာရေးခဲ့တဲ့ ဗိသုကာလက်ရာနဲ့ ပုံစံတူမြို့ တောင့်စေတီတွေလို့ နံမည်ကျော်တဲ့ ဘုရား၎ဆူထဲက တစ်ဆူဖြစ်တယ်…….။ ရောင်ခြည်တော်ကွန့်မြူးပြီးကျော်ဇောတယ်လို့ နံမည်ကြီးတယ်……….

ဒီနေ့ ဖူးခဲ့ရတဲ့ ဘုရားတွေထဲမှာ ထူးဆန်းတာတစ်ခုကိုသတိထားမိတယ်…။ ပြည်မြို့ က ဘုရားတွေမှာ နဂါးရုပ်ထုတွေ ဥစ္စာစောင့် အစ်မတော် မြနန်းနွယ် ရုပ်ထုတွေ သူတို့ စီးဖို့ ဒါန်းလေးတွေကိုထားတာတွေ့ရတယ်…..။ ဘုရားတွေလိုက်ဖူးရင်းနဲ့ ဘာတွေးမိလည်းဆိုတော့ သရေခေတ္တရာ မြို့ ဟောင်းမှာ တစ်ချိန်က နဂါးတွေကြီးစိုးခဲ့တာများလားဆိုပြီး တွေးမိတယ်……….။ ဥစ္စာစောင့်တွေပျော်တဲ့ နေရာမို့ ပြည်မြို့ ကို ကိုယ် တာဝန်ကျလာတာလားဆိုပြီး အတွေးတွေနဲ့ အတူ…………




နွေမိုးဆောင်း
 10.1.2012

2011 - နောက်ဆုံးမှတ်တမ်း..............

၂၀၁၁ ဆိုတဲ့ နှစ်တစ်နှစ်ကုန်ဆုံးတော့မယ့်အချိန် မကြာခင်ကျရောက်တော့မယ် …. ၂၀၁၁ အတွက် ဘယ်လိုမှတ်တမ်းမျိုးထားရစ်မလဲ….ထားရစ်ပြီးပြီလဲ ဆိုတဲ့အတွေးလေးနဲ့အတူ ဒီပိုစ့်လေးကို ချမ်းအေးလှတဲ့ ပြည်ဆောင်းညတစ်ညမှာ အခါးရည်တစ်ခွက်ကိုအဖော်ပြုရင်း အစပျိုးခဲ့မိတယ်…………………….
2011 ခုနှစ်မှာ ပြောင်းလဲမှုမျိုးစုံကို မကြုံစဖူး ကြုံခဲ့တဲ့ နှစ်တစ်နှစ်လို့ သတ်မှတ်ရမယ် …. ဒါပေမယ့် ကမ္ဘာကြီးရဲ့  မှတ်တမ်း ၊ တိုင်းပြည်ရဲ့  မှတ်တမ်းဆိုတာကို ကိုယ့်အနေနဲ့မှတ်တမ်းမတင်ရဲပါဘူး ၊ ဒါကြောင့် ကိုယ့်ဘ၀ရဲ့  နှစ်တစ်နှစ်ကိုပဲ မှတ်တမ်းတင်ပါရစေ……ဘယ်လိုပဲဖြစ်စေ ဒါဟာလည်း တစ်ဦးတစ်ယောက်ရဲ့  မှတ်တမ်းပဲမဟုတ်လား…………..

လမ်းအကွေ့တစ်ခုမှာ ဘွားကနဲတွေ့လိုက်ရတဲ့ မြစ်ဧရာဝတီကတော့ ဆက်လက်ရှင်သန် စီးဆင်းနေတာတွေ့ရတယ် ….. ဒါကလည်း ၂၀၁၁ ရဲ့  သမိုင်းဝင်မော်ကွန်းတစ်ခုအနေနှင့် မှတ်တမ်းတင်ရမှာပါ။ကိုယ့်ကိုကိုယ် မြစ်တစ်စင်းကို ချစ်တတ်တဲ့သူလို့ မထင်မိဘဲ အမှုမဲ့ အမှတ်မဲ့နေလာခဲ့တယ်လို့ထင်ခဲ့မိတယ် …ဒါပေမယ့် ပြန်ဆန်းစစ်ကြည့်တော့မှ မုံရွာမှာတုန်းကလည်း ချင်းတွင်းကို မသိသလိုခပ်စိမ်းစိမ်းနဲ့ချစ်ခဲ့ ဂရုစိုက်ခဲ့တာကို ပြန်မှတ်မိလာတယ်……အခုလည်း ဧရာဝတီက ကိုယ့်ကို ချင်းတွင်းလောက် မရင်းနှီး မကျွမ်းဝင်ပေမယ့် ငယ်စဉ်ကတည်းက ကိုယ့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးကအမေပေးတဲ့သွေးအပြင် ဧရာဝတီရဲ့  သွေးတွေပါ စီးဆင်းနေတာကို သိလိုက်ရတယ်……….ဒါကြောင့် အံ့သြမိခဲ့တယ်………ဧရာဝတီ………။

၂၀၁၁………..၂၀၁၁………နှစ်တွေများစွာကို နှစ်ပေါင်း ၃၀ကျော် ရင်းနှီးခဲ့ပေမယ့် ဒီ ၂၀၁၁ ကိုမှ ဘာလို့ အမှုမဲ့အမှတ်မဲ့ နေလို့မရတာလည်း …. ၂၀၁၁ မှာ ကိုယ်နဲ့အတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အလုပ်ကရပ်နားကြတယ်… ပြောင်းရွေ့ ကြတယ်…. မိတ်ဆွေအပေါင်းသင်းတွေနဲ့ ကွေကွင်းရတဲ့ခံစားမှုက ရင်ကိုနာကျင်စေတယ်… ဒါပေမယ့် ကိုယ့်ကိုကိုယ်တောင်မပိုင်တဲ့ မမြဲတဲ့လောကကြီးလေ………. ဘယ်တတ်နိုင်မှာလဲ…….တစ်ချို့  ညီမငယ်တွေကလည်း သူတို့ဘ၀ရဲ့  တက်လမ်းတစ်ဆင့်ကို မြှင့်တင်ဖို့ သွားကြတယ်………..ဒီလိုမျိုးလည်း ခွဲခွါတာကိုခံရပေမယ့် ဒါမျိုးကြတော့ ဂုဏ်ယူမိရပြန်တယ်…..
နောင်တောက်ပမဲ့ အနာဂတ်ရဲ့  ကြယ်တစ်စင်း နဂါးငွေ့တန်း တစ်စင်းဖြစ်စေချင်တယ်……ဒါကြောင့် ရဲရဲဝံ့ဝံ့ နဲ့ရှေ့ဆက်လျှောက်လှမ်းဖို့အားပေးတိုက်တွန်းမိတယ်…….

ဘ၀မှာ လူတိုင်းကတစ်ခါတော့ အမှားနဲ့ကြုံဖူးကြမှာပါ……..လူတိုင်းအမှားနဲ့မကင်းတဲ့လောကကြီးမှာ ကိုယ်လိုလူကတော့မှားပြီးရင်းမှားရင်းပေါ့ ………၂၀၁၁ ခုနှစ်ဟာအမှားတွေနဲ့ကြုံ
ရတဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်… အမှားကိုအမှားလို့လက်ခံမိပေမယ့် မပြင်နိုင်ဘဲ ရှေ့ဆက်လျှောက်နေမိတဲ့ ကိုယ့်ကိုနားလည်ပေးခဲ့တဲ့ သူငယ်ချင်းကလည်း တဖြည်းဖြည်းနဲ့ စွန့်ခွါသွားတာကို ကြုံရတယ် ………အမှားကိုအမှားမှန်းသိပေမယ့် ရှေ့ဆက်လျှောက်နေတဲ့ ကိုယ့်ကို ဂရုဏာဒေါသောနဲ့ စိတ်ဆိုးပစ်ခွါသွားတဲ့သူငယ်ချင်းကိုလည်း အပြစ်မယူချင်ဘူး ……ဒါကြောင့်  အမှားကိုမက်မက်မောမော ဖက်တွယ်ထားနေတဲ့ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးပါ သူငယ်ချင်းရယ်………..

အခက်အခဲအတိုက်ခိုက်ကိုလူတိုင်းကိုယ်စီ ခံစားကြုံဖူး ရတာပဲ… အဲ့အချိန်တိုင်း လက်တွေခိုင်ခိုင်မြဲမြဲပြီး တွဲကိုင်ထားပြီး မပြိုလဲအောင် မယိုင်လဲအောင် အားပေးကူညီခဲ့တဲ့ သူကော ကြုံဖူးကြရဲ့ လား ….ကိုယ်ကတော့ ဒီ ၂၀၁၁ မှာကြုံဖူးတယ် ….အလုပ်ထဲမှာ ကြုံတွေ့လာတဲ့ အခက်ခဲတွေကို အချင်းချင်းအားပေးကူညီပြီး ဖေးမ ခဲ့တဲ့ သူတွေကို မှတ်တမ်းတင်ထားချင်တယ်… တစ်ယောက်တည်း ရပ်တည်ရတဲ့ ဘ၀မှာ အားငယ်မှု ၊ စိုးရိမ်သောကတွေပြေပျောက်ခဲ့ရတာကိုဘယ်လိုမှမေ့လို့မရလို့ဘဲ…………ဒါကြောင့် ဆက်လက်ချီတက်ကြပါစို့ ဘော်ဒါတို့………

ဒါပေမယ့်လည်းလေ……….. ဘ၀မှာ ဘယ်အရာမှ အဆိုးတစ်ခုတည်းမရှိဘူးနော်…. အဆိုးနဲ့အကောင်းဒွန်တွဲနေတာဆိုတော့ ……တစ်ယောက်တည်း အမြဲတမ်းအားငယ် အထီးကျန်နေတဲ့ကိုယ့်မှာ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ရှိတယ် ……..တာဝန်တွေနဲ့  စိတ်ဖိစီးနေတတ်တဲ့ ကိုယ့်ကိုအမြဲ အားပေးဖေးမ ကူညီပေးခဲ့တယ်.. လိုအပ်တဲ့အချိန် အလိုရှိတဲ့ အချိန်တိုင်း သူငယ်ချင်းကောင်းပီသခဲ့တယ်…..ညီအစ်ကိုမောင်နှမအရင်းအချာမရှိတဲ့ ကိုယ့်အတွက်  အစ်ကိုရင်းတစ်ယောက်ထက် ဂရုစိုက်ခဲ့တာ ခံခဲ့ရလို့ ဒီ ၂၀၁၁ ကပျော်ရွှင်မှု ကျေနပ်မှုတွေနဲ့ ကြုံဆုံခဲ့ရပြန်တယ်…..တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အားပေးကူရင်း ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်ခဲ့ဘူး ။ ဒါကြောင့်……..ကြိုးတကာ့ကြိုးတွေထဲမှာ အခိုင်မြဲဆုံး ကြိုးနဲ့ချည်နှောင်ခံခဲ့ရတဲ့သူငယ်ချင်းကို ကျေးဇူးကမ္ဘာပါလို့……….ဒီနှစ်မှာမော်ကွန်းထိုးပါရစေ……ဘယ်တော့မှ မပြောင်းလဲဘဲ ရှိနေပေးပါသူငယ်ချင်း…………..

အချစ်ကိုလူတွေကအမျိုးမျိုးတင်စားကြတယ်...ခိုင်းနှိုင်းကြတယ် ပန်းသီးနဲ့တစ်မျိုး ကော်ဖီနဲ့တစ်ဖုံ ချော့ကလက် ၊ ပန်းနဲ့ တစ်နည်း မျိုးစုံ ပဲတင်စားတာကို တွေ့ရတယ် …….ကိုယ်ကတော့လေ…… အချစ်ကိုအချစ်နဲ့ပဲတင်စားချင်တယ် …………ဟုတ်တယ် …… အချစ်=အချစ် ပါပဲ……..ကိုယ်ကလည်း သူ့ကိုချစ်တယ်….. သူချစ်တာကိုလည်း ကိုယ်သိတယ်……. ဒါဆိုပြီးပါပြီ….. ကိုယ့်အတွက်လုံလောက်ပါပြီ…… ၂၀၁၁ ခုနှစ်ရဲ့ အချစ်က ကိုယ့်အတွက်တော့ လိုအပ်တာထက်ပိုရခဲ့ပါတယ်……ပျော်ရွှင်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊ ကြည်နူးခြင်း ၊ နှစ်သိမ့်ခြင်း စတာတွေကို လိုအပ်တာထက် မျှော်လင့်ထားတာထက် ပိုပြီးရခဲ့ပါတယ်……ဘယ်အရာတွေကိုပဲရခဲ့ပါစေ ကိုယ့်ချစ်သူကပေးတဲ့ လက်ဆောင်လို့သတ်မှတ်ပြီး ဘ၀ရဲ့  အဆုံးသတ်အချိန်ထိ အမှတ်တရ သိမ်းထားမှာပါ…… ကြုံဆုံခဲ့ရတဲ့ ချစ်ခြင်းတွေနဲ့အတူ ဘ၀တစ်သက်တာမှတ်တမ်းတင်ထားမှာပါ ……….. ကိုယ်ကရယူခြင်းသပ်သပ်တစ်ခုပဲလို့တော့ထင်နေရင်မှားမှာပေါ့……… ကိုယ့်ဘက်ကလည်း ကိုယ့်ချစ်သူကို ထာဝရအတွက် ပေးဆပ်ပြီးသားပေးခဲ့ပြီးသားပါ…….။ ချစ်သူရဲ့ ဘ၀မှာ မဆုံဖူးတဲ့ အရာတွေ ဖြစ်တဲ့ ပျော်ရွှင်ခြင်း ၊ ကြည်နူးခြင်း ၊ စိတ်ညစ်ခြင်း ၊ ကြေကွဲခြင်း တွေနှင့် အတူ ဘ၀ နဲ့ အချစ် ကိုပါ ပေးခဲ့ပြီးပြီမို့ ဒီတစ်သက် အတူမဆုံနိုင်ခဲ့ကြဘူးဆိုရင်တောင်  ကျေနပ်နေမှာပါ ချစ်သူ…… ဒါကြောင့်……… အကွာဝေးတွေဘယ်လောက်ပဲ ဝေးပါစေ……..လူချင်းဘယ်လောက်ပဲဝေးပါစေ……..နှလုံးသားချင်းနီးနေတယ်ဆိုတဲ့ စိတ်လေးတစ်ခုတည်းနဲ့ ကိုယ့်အတွက် ပြည်ံစုံလုံလောက်ပါပြီ……..ချစ်သူ ။
ဆောင်းမှာနှင်းတွေဝေပြီး မိုးမှာရွာသွန်းတဲ့ မိုးရေစက်တွေနဲ့ အတူ ပူပြင်းနဲ့နွေအခါမှာ အစဉ်ထာဝရ အေးချမ်းနေပါစေ………..

၂၀၁၁ ခုနှစ်က ကိုယ့်အတွက် ဘ၀ ဇာတ်ဆ၇ာပေးတဲ့ လက်ဆောင်တစ်နှစ်လို့လည်းတင်စား ပြီးမှတ်တမ်းတင်ချင်သေးတယ်………၂၀၁၁ နှစ်စကတည်းက ချစ်သူခင်သူမြတ်နိုးသူတွေပေးတဲ့ လက်ဆောင်တွေကို ကိုယ့်တစ်သက်မှာ ဒီတစ်နှစ်ဒီတစ်ခါဘဲ ကြုံဆုံဖူးတယ်........ ရရှိခဲ့ဖူးတယ်………… ဒါကြောင့် ……….ဒီနှစ် ၂၀၁၁ နှစ်ဟာ အမှတ်တရတွေထဲက အမှတ်တရ နှစ်တစ်နှစ်ပါပဲ…………..
ကြေကွဲခြင်း ၊ နာကျင်ခြင်း ၊ ပျော်ရွှင်ဝမ်းသာခြင်း တွေကို ခံစားရတာ ရင့်နဲ့မမျှအောင် ခံစားရပေမယ့် ဒီလိုနှစ်မျိုး နောင် နှစ်တိုင်းနှစ်တိုင်း ကြုံဆုံချင်တယ်……..

ဒီ၂၀၁၁ နှစ် ဟာ ……..ကိုယ့်မိသားစု အသိုင်းဝိုင်းမှာလည်း ဘယ်လိုမှမထင်မှတ်ထားတဲ့ အဖြစ်ပျက်တစ်ခု ကို မှတ်တမ်းတင်ထားချင်သေးတယ် ……..ဘယ်လိုမှ ပြန်မတွေ့နိုင်တော့ဘူလို့သတ်မှတ်ထားတဲ့ သား ကို တွေ့ချင်စိတ်ဇွဲရှိရှိနဲ့ ကျန်းမာစွာစောင့်နေတဲ့ အဘွားတစ်ယောက်ရဲ့  ကံကိုလည်း မော်ကွန်းထိုးချင်တယ်……… ဒါကိုတွေ့ ကြုံ ခံစားခဲ့ရတဲ့ ကိုယ့်အဖို့က ဇွဲ ရှိရင် ဘယ်အရာမဆို ကျော်လွှားနိုင်မယ်ဆိုတဲ့ message တစ်ခု ရလိုက်တယ်…….
အဓိက က စိတ် ကအခြေခံပြီး ဇွဲရှိရင် ဘယ်အရာမဆို ကိုယ့်စီ ကို ကိုယ်မျှော်လင့်ထားသလို ရောက်လာမယ်ဆိုတာကို လက်ခံလိုက်ရတယ်……………. ဒါကြောင့် ………ကိုယ့်ကိုကိုယ် ရှေ့ဆက် ပြီးလာမယ့်နှစ်တွေမှာ ပြင်းပြတဲ့ စိတ်ဆန္ဒရယ်……. ဇွဲ ရယ် ………ကိုလက်ကိုင်ထားပြီး ဆက်လက်ချီတက်ရအုံးမယ်…………….



နွေမိုးဆောင်း
 10.1.2012

နိုဝင်ဘာ 30 အလွမ်း........

မိုး .......
နွေနှောင်းလွန်ကုန် ရွာလေမိုးက
သည်းထန်ချိပ်မည်း မိုးပန်းမိုးပေါက်
အစစ်မှန်လား အတုလေလား
ချစ်သူ့နှုတ်ဖျား မြွက်ဟဆိုခဲ့
တွေးတွေးဆဆ ယုံမှားခက်ခဲ့.......။
ခိုးငွေ့ကုန်စင် ဝေးလင့်ဝဿန်
ကြာရှည်မခံ နှုတ်ဆက်ခဲ့ကာ
နှလုံးကြေကွဲ ၀ိညာဉ်လွင့်သည်
အိမ်မက်တိုင်းမှာ မိုး ရွာမည်.........။

နှင်း
မိုးကုန်နှင်းလွန် ဆောင်းတွင်းမြူကျ
ခရီးလွန်ရ ပိန်းပိတ်ဝေနှင်း
နောင့်နှုတ်ဖျားက ပေါက်ဖောက်တဖြုတ်
တုစစ်လုပ်လား ယုံမှယုံမှား...............။
နေထွက်သည်နှင့် ဖြေဖြည့်စိတ်ဖြေ
ဝေးလွင့်မြူနှင်း နှုတ်ဆက်စကား
သည်းအူကြေပြတ် ၀ိညာဉ်ပြေးသည်
အိမ်မက်တိုင်းမှာ နှင်း ဝေမည်...........။

လွမ်း
ဆောင်းကုန်နွေလယ် မိုးဦးအလွန်
လွမ်းရာသီိစုံ ချစ်ရင့်ကျူးသံ
အငုံအဖူး အေက့်မေ့မျှော်ခိုက်
နှလုံးခွေပျောင်း တံ့ချုပ်အသက်
အက်အက်ကွဲကြေ စိတ်တစ္ဆေသည်
အိမ်မက်တိုင်းမှာ လွမ်းနေမည်...........။



နွေမိုးဆောင်း
 10.1.2012

ရေးမိရေးရာ.................

မကြာခင်မှာအိမ်မက်က နိုးထရတော့မယ်..............
ဒီအိမ်မက်က မနိုးထချင်ပေမယ့် အချိန်တန်တော့လည်း အသစ်တဖန် ပြန်စရအုံးမယ် ....
ဘ၀ကိုပါ အသစ်က ပြန်စလို့ရရင် ကောင်းမှာပဲ.........အခုကတော့ ပြန်စရမယ့် ဘ၀အသစ်ရဲ့ 
နှလုံး သားတစ်စုံက ကွဲအက်ကြေမွနေရပြီ.......... အကောင်း ပကတိအတိုင်း ဘယ်ရနိုင်တော့မှာလည်း
ဒီလိုမျိုးတွေ တွေ့ကြုံဆုံရတဲ့ ဘ၀ကြီးကခါးသီးလိုက်တာ...............
ခေါင်တောက်ရယ်လို့ .....တွေးလိုက်မိတိုင်း မျက်ရည် အလိုလိုစီးကျလာတယ် ဒါပေမယ့်  ဒါဟာ ငိုတာမဟုတ်ပါဘူး ...
နှလုံးသားက နာကျင်တဲ့ ဒဏ်ကိုမခံစားနိုင်တဲ့ သက်သေတွေပါ......ကျောင်းတက်တုန်းက ပျော်ရွှင်ခဲ့ရတဲ့ ရက်တွေကို လွမ်းဆွတ်နေမိတယ်.....
ဒါကကော မှားလား......... လုပ်ခဲ့တဲ့ အပြုမူတွေ ကြုံတွေ့ရတဲ့ အဖြစ်ပျက်တွေ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေ နာကျင်ခဲ့ရတဲ့
ခံစားချက်တွေဟာ မှားခဲ့တယ်...မှားနေတယ်....မှားနေစဲ ဆိုရင် ငါဟာငါအဖြစ် ဖြစ်တည်လာတာကိုက စမှားတာပေါ့..........
ဒါဆိုရင် ငါဘာဆက်လုပ်ရမလဲ..............
သေချာစဉ်းစားလိုက်မိရင် လုပ်သင့်တာတစ်ခုပဲရှိတယ်...........
ဒါပေမယ့် ငါကြောက်တယ်..........ငါကြောက်နေမိတယ်.............


" 1500 ထက်ပိုပြီး တောအုပ်ကြီးထက်ကြီးသော ချစ်ခြင်း "

နိဂုံးချုပ်တော့မှာလား ?
နှစ်ကုန်ပိုင်းကျရင်..........ဒီလိုလေးပဲနေရတော့မယ်.......... :(



နွေမိုးဆောင်း  
10.1.2012