Sunday 17 February 2013

နွေဦးဂီတ

 နွေဦးဂီတ



တစိမ့်စိမ့်နှင့် နှစ်သိမ့်ကြည်နူး
ရွက်သစ်ဖူးသော် ရွှင်မြူးအံ့သြ
ဖော်ချင်းနှော၍ တောင်တောသာခွင့်
ရာသီဖွင့်လျက် ပင်မြင့်ထက်တွင်
ငှက်သဘင်လည်း တူယှဉ်နှစ်ကိုယ်
ချစ်တင်းဆိုသည် မပို၏သို့ ပို၏သို့ ။

တစ်သိမ့်သိမ့်နှင့် ညှင်းငြိမ့်လေပွေ
ထက်ဝန်းဝေလျက် နွေလည်းအ၀င်
ဆောင်းလျှင်အစဲ မတည်ဘဲလျှင်
ဖက်လှဲတကင်း ပန်းနံ့သင်းကို
ချဉ်း၍ချဉ်း၍ ဆောင်ကာဝှေ့လျက်
ရွှန်းမြေ့သလို သွင်းလာပိုသည်
မချို၏သို့ ချို၏သို့။

တငြိမ့်ငြိမ့်နှင့် လှိမ့်၍လှိမ့်၍
လေအဝှေ့ဝယ် ကြွေမြေ့ခမန်း
အသံစမ်းလျက် သာဆန်းရဂုံဘွေ
နွေဦးမေလျှင် မျှော်လေယောင်မော့
တေးကိုကျော့၍ လေးတော့်နတ်သွင်
ထက်ဝန်းကျင်ကို ကြည်ရွှင်ခလို
ချစ်ဖွယ်ဆိုသည် မပျို၏သို့ ပျို၏သို့။

တခြိမ့်ခြိမ့်နှင့် သံနိမ့်သံမြင့်
သံချိုဆင့်၍ ခါသင့်မထင်
မိုးနတ်ရှင်လည်း ရှစ်ခွင်တလွှား
ပြေးကစား၍ လှည့်စားလေဟန်
မိုးရိပ်ဖန်လျက် နဘံတခို
တိမ်ခိုးသိုသည် မညို၏သို့ညို၏သို့။


နန်းညွှန့်ဆွေ


Unlike · · ·

No comments:

Post a Comment