Wednesday 11 January 2012

အကောက်တောင်ခရီး.....အပိုင်း(၄)

ဟင်........ပေပင်ကြီးပါလား ........ပေပွင့်တွေနဲ့ မကြာခင်မှာပေသီးတွေသီးတော့မယ့် ပေပင်ကြီးပါလား ဆိုပြီး ထုံးစံအတိုင်း အတူနေညီမတွေကို နောက်လှည့်ကြည့်တော့ လည်းသူတို့အိမ်မက်ကမ္ဘာထဲကနေမနိုးထကြသေးဘူး .....။ လျင်မြန်တဲ့ကားအရှိန်နဲ့ သူတို့ကိုနှိုးပြီးပြရင်လည်း မြင်မှာမဟုတ်တော့ပါဘူးလေ.....ဆိုပြီး ကိုယ်ဘာသူ သမင်လည်ပြန်ငေးမောရင်း ခုချိန်အခါမှာ မြင်ရခဲ့တဲ့ ရှားပါးသစ်ပင်တစ်မျိုးကို နှမြောတသစိတ်ဖြစ်မိတယ်..........။



ပေပင်က ထန်းပင် အုန်းပင် ဓနိပင်တွေလို အရွက်ဖြာထွက်တဲ့အပင်တစ်မျိုးပါ။  အရွက်က ယပ်တောင်ပုံစံ ပြန့်ပြန့်ကားကားလေးပါ ။
ထန်းရွက်ထက်လည်းကြီးသည်။ အရွက်အပြန့်ကြီးသဖြင့် ပေ၏အရွက်ကို ဘုန်းတော်ကြီးများ တရားဟောရာ၍ ရှေ့ကကာ၍ထားသော ယပ်တောင်ကြီးများ၊ ခရီးသွားလာရာ၌ နေပူဒဏ်ကိုအလွယ်တကူကာကွယ်နိုင်ရန် ပြုလုပ်ထားသော ယပ်ကလေးများစသည်ဖြင့် အသုံးပြုကြသည်။ ထို့ကြောင့် အညာဒေသများတွင် အိုစည်ဝိုင်းသံချပ်ထိုးရာ၌ “ ပေတပင်လုံး ဘုန်းကြီးယပ်တောင် ” ဟုသီဆိုလေ့ရှိ၏။
ပေပင်ကိုမြန်မာပြည်အညာဒေသ မှာပေါက်တာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာအကြီးဆုံးအပင်တစ်မျိုးလို့တွေ့ရှိမှတ်သားရပါတယ်။ အပင်ရဲ့ အမြင့်က ၂၅ မီတာအမြင့်ထိ ရှိတတ်ပြီး အပင်ကြီးရင်ကြီးသလို အခက်အလက်ပေါင်း ၁၃၀ လောက်အထိ ရှိတတ်တယ်လို့သိရပါတယ်......။ပေပင်၏အသက်သည် အနှစ်၆၀ခန့်အသက်ရှည်၍ ပေရွက်၏အသက်မှာ အနှစ်၁၀၀၀ ခန့်အထိ မဆွေးမမြည့်တည်နေသည်ဟု ဆိုကြသည်။



“ ပေ တသီး ကျီးတသား ”  ဆိုသည့်အတိုင်း ပေသည် အသီးတကြိမ်ပဲသီးပြီး ခြောက်သွေ့ကာသေသွားတတ်သည်။
ပေပင်ဟာ တစ်သက်မှာတစ်ခါပဲ အပွင့်ပွင့်ပြီးအသီးသီးတယ်လို့ သိရပြီး အသီးသီးပြီးတဲ့ပေပင်ဟာ သေသွားတတ်ပါတယ်။အပွင့်ပေါင်းသန်းနဲ့ချီပြီးပွင့်တတ်ပြီး အပွင့်အများဆုံးပွင့်တဲ့ အပင်အဖြစ် သတ်မှတ်ထားပါတယ်။ ပေသီးဟာရင့်မာဖို့အတွက် အချိန်တစ်နှစ်ကြာတယ်လို့ သိရပါတယ်.......။



ပေရွက်မှ ရသောပေချပ်များကို စာရေးရန် ပြုလုပ်သုံးစွဲကြသည်။ ပေပင်မှရသော ပေရွက်ပေါ်တွင် အက္ခရာစာလုံးများ ရေးသားထားခြင်းကြောင့် “ ပေ ” နှင့် “ စာ ” ကို ပေါင်းစည်း၍ “ ပေစာ ” ဟူသော ဝေါဟာရ ဖြစ်လာသည်။
ပေရွက်ကို ပေစာအဖြစ် မြန်မာစာပေခေတ်ဦးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပါတယ်.....။ ယခုအချိန်အထိမွေးနေ့မွေးရက်မှတ်တမ်းကို ပေစာပေါ်မှာ မှတ်တမ်းတင်ထားတာကို တွေ့ရှိနေရပါသေးတယ်။ရှေးဘုရင်မင်းမြတ် မင်းညီမင်းသား မှူးမတ်ပညာရှိ စသည့် ပုဂ္ဂိုလ်များသည် ရွှေ ၊ ငွေ ၊ ကြေးတို့ကို ပေရွက်သဏ္ဌာန် အပြားခတ်၍ စာရေးသားသောကြောင့် ရွှေပေ ၊ ငွေပေ ၊ ကြေးပေ ဟု ခေါ်ဝေါ်ကြသည်။
“က ကညစ်ပေကိုခြစ် ”ကို ဆိုပြီး မြန်မာစာသင်ပုန်းကြီးဖတ်စာမှာသင်ကြားခဲ့တာကိုမှတ်မိကြမယ်ထင်ပါတယ်............။






ဒီလို မှတ်တမ်းဝင် ပေပင်မျိုးကို တွေ့ရတော့ ကျောင်းသူဘ၀က သင်ခဲ့ရတဲ့ ရှေးက အင်းဝခေတ် သက္ကရာဇ် ၈၁၁ ပြည့်နှစ် အင်းဝနေပြည်တော်၌ မိုးညှင်းမင်းတရားကြီးထီးနန်းစံ၍ ၁၂ နှစ် ရှိသော်......တောင်တွင်းကြီးမြို့ ၌  ထူးကဲသော တပေါင် ပေါ်ထွက်လာသည်။

“ ဘုရားရှစ်သောင်း လေးထောင် ဆောင်း၍ ကိန်းအောင်းစံရန် ဓမ္မခန်သည် သံတောင်ဖြိုးမြင့် စွင့်လိမ့်လေး.....။
 အကိုက်လေးဘော် မြေမှပေါ်သော် ရှင်ကျော်လေးဦး ခူးလိမ့်လေး ခူးလည်းခူးလတ္တံ ကူးလည်း ကူးလတ္တံ မြူးလည်းမြူးလတ္တံ
ရနံ့ငယ်ကြိုင်လှိုင် မွှေးပျံ့ဆိုင် နှစခိုင်ပွင့်လန်း ပြည်သူ့ပန်း ..............။ ”

ဟုဆိုသည့်အတိုင်း ပေလေးပင်ရှင်လေးပါး ပေါ်ထွက်လာသည်.......။






နွေမိုးဆောင်း
 11.1.2012

No comments:

Post a Comment