Saturday 14 January 2012

အကောက်တောင်ဘ၀ အလှ............

ဧရာဝတီတိုင်း ကြံခင်းမြို့ ကနေ နာရီဝက်ကြာအောင် ကားဖြင့်ခရီးနှင်လျှင် ဆပ်သာရွာဆိုသော ရွာလေးသို့ရောက်သည်။ ဆပ်သာရွာမှတစ်ဆင့် စက်လှေဖြင့် ၁ နာရီကျော်စီးလျှင် အကောက်တောင် ဆိုသော တောင်သို့ရောက်မည်ဖြစ်သည်။ အကောက်တောင်သည် ရခိုင်ရိုးမတောင်တန်းကြီးနှင့် ထိစပ်နေသော တောင်ကြီး ၊ တောင်လတ် ၊ တောင်ငယ် ၃ မျိုးတွင် တောင်ကြီး စာရင်းဝင် အမျိုးစားဖြစ်သည်။  ဧရာဝတီထဲသို့ထိုးထွက်နေသော အကောက်တောင်ကို ကြံခင်းဘက်ကစက်လှေနှင့်လာလျှင် သိသာထင်ရှားစွာမြင်တွေ့နိုင်သည်။
ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်တွင်  မြို့ တော်ဝန်ဦးကောက်ရ ဆိုသူကို အကောက်တောင်ခြေတွင် အကောက်ရုံးဖွင့်စေပြီး မြစ်အတွင်း အစုန်ဆန်သွားလာနေသော လှေသင်္ဘောများကို အခွန်ကောက်ခံစေသည်ကို အစွဲပြု၍ အကောက်တောင်ဟု အမည်တွင်သည်ဟု သိရသည်။ထို့အပြင် အကောက်တောင်ဟုအမည်မတွင်ခင်က ရတနာပုံစတောင်ဟု အမည်တွင်သည်။
မြတ်စွာဘုရားကျေးမင်းဖြစ်တော်မူစဉ် ထိုတောင်ပေါ်ရှိ သစ်သီးသစ်ဥများက ချိုမြိန်အရသာရှိ၍ အစာကောက်သည်ကို အစွဲပြုကာ အစာကောက်တောင်ဟုခေါ်ရာမှ ကာလ ရွေ့လျားကာ အကောက်တောင် ဟု တွင်သည်ဟုလည်း သိရပါသည်။
အကောက်တောင်ရှိနံရံကပ်ဆင်းတုလက်ရာများသည် ကုန်းဘောင်ခေတ်နှင့် ကုန်းဘောင်ခေတ်မတိုင်ခင်ကလက်ရာများ ဟုသိရသည်။ ဧရာဝတီထဲတွင် စုန်ဆန်သွားလာနေသော လှေများသည် ခဏတစ်ဖြုတ်အနားယူ ခရီးတစ်ထောက်နားရာတွင် ကျောက်ဆစ်ပညာရှင်များက ကျောက်တောင်တွင် နှောင်းလူတို့ ပူဇော်နိုင်ရန် ထုဆစ်ခဲ့ကြသည် ဟုသိရသည်။ ကျောက်ဆစ်အတတ်ပညာသည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာမရောက်မီကတည်းက ကျောက်ဆစ်ပညာဖြင့် အရုပ်ပေါင်းများစွာကိုထုဆစ်ခဲ့သော ပညာဖြစ်သည်။ ထိုပညာကို ရှေးခေတ်မင်းများက နှစ်သက်မြတ်နိုး၍ ကျောက်ဆစ်အတတ်ပညာရှင်များကို ချီးမြှောက်ရင်း တိုင်းသူပြည်သားတွေက စိတ်ဝင်စားလေ့လာကြသည်။
ပင်လယ်ရေမှ အနယ်ကျဖြစ်ပေါ်လာသော ကျောက်သားထု ဖြစ်သောကြောင့် ထုဆစ်ရလွယ်ကူသဖြင့် ကောင်းမွန်သောလက်ရာများကို ဖူးတွေ့နိုင်သည်။ ဗုဒ္ဓရုပ်ပွါးတစ်ထောင် အကောက်တောင်လို့ အဆိုရှိ သဖြင့် များပြားလှသော ဆင်းတုတော်များကို လပြည့်နေ့တိုင်း ဆန်တစ်တင်းချက်ဆွမ်းကို ကြေးဇွန်းတစ်ဇွန်းနှင့် ဆွမ်းကပ်လှူဒါန်းခဲ့ရာ ဆွမ်းသာကုန်ပြီး ရုပ်ပွါးတော်များကျန်ရှိခဲ့သည်ဟု သိရပါသည်။ ယခုအချိန်တွင် သဘ၀ဘေးအန္တရာယ်ကြောင့် ဂူနံရံများ ပြိုကျပျက်ဆီးပြီး ရုပ်ပွါးတော်များ ရေခခဲ့ရသောကြောင့် ဆင်းတုတော်ပေါင်း ၃၇၀ သာ ကျန်ရှိတော့သည်ဟုသိရပါသည်။
တောင်ခြေမှ ပေတစ်ထောင်အမြင့်ရှိသည်ပြီး အမြင်ထူးခြားသော ကြည်ညိုဖွယ်ဆင်းတုတော်များကို နိုင်ငံခြားသားများကလာရောက်လေ့လာကြရသည်။ နွေရာသီတွင်ရေကျသောကြောင့် နီးနီးကပ်ကပ် မဖူးမြင်ရဘဲ   မိုးအခါ ရေတက်ချိန်တွင် အနီးကပ်ဖူးမြင်နိုင်သည်။
ခါးအထက်ပိုင်းမတ်မတ်ထားပြီး လက်တော်ထောက်ထားကာ ပုခုံးတော်ပေါ်ဦးခေါင်းတင်ထားသောလျောင်းတော်မူ ကိုထူးခြားစွာတွေ့ခဲ့ရသည်။ လျောင်းတော်မူများသည် မြစ်၏လားရာတူရာတောင်ဘက်ကို ဦးခေါင်းထားသည်ကိုတွေ့ရသည်။ ရေဆုန်အတိုင်း အလိုက်သင့် တည်ရှိသဖြင့် ဘ၀တွင်ရင်ဆိုင်ရသော အခက်ခဲများ၊ အကျပ်တည်းများ အတွက် တိုင်တည်ပူဇော်ထားခြင်းဟု သိရပါသည်။

လျောင်းတော်မူဘုရားများ မှာ

တောင်ဘက်ကိုဦးခေါင်းထားပြီး အရှေ့ ဘက်ကိုမျက်နှာလှည့်ထားလျှင် ရှင်ပင်သာလျောင်း
အရှေ့ ရပ်ကိုဦးခေါင်းထားပြီး မြောက်အရပ်ကိုမျက်နှာလှည့်ထားလျှင်   ပေါင်းလဲကိုယ်တော်
မြောက်အရပ်ကိုဦးခေါင်းထားပြီး အနောက်အရပ်ကိုမျက်နှာလှည့်ထားလျှင် ကုသိနာရုံ  ဟူ၍ ဘွဲ့တော်များ ရှိသည်။ အချို့ ဆင်းတုတော်များများသည် ရေဒဏ်လေဒဏ်သဘာဝဒဏ်ကြောင့် ခန့်မှန်းလို့မရအောင်ကိုပျက်စီး နေတာတွေ့ရသည်။ ရပ်တော်မူ၊ ထိုင်တော်မူ ၊ လျောင်းတော်မူ ဆင်းတုတော်များသည် တစ်ဆူနှင့်တစ်ဆူ မတူသလို သင်္ကန်းရုံထားခြင်း သင်္ကန်းချထားခြင်း များလည်းမတူပေ။ ထို့ပြင် သပိတ်ပိုက်၍ ဆွမ်းခံထွက်နေသော ဆင်းတုတော်ကိုလည်း တွေ့မြင်နိုင်သည်။ မုဒြာအမျိုးမျိုးကို ထူးခြားစွာတွေ့မြင်နိုင်သည်။
 အကောက်တောင်ရင်ပြင်ပေါ်တွင် စေတီတစ်ဆူရှိရာ ထိုစေတီ၏ဘွဲ့တော်မှာ “ ရွှေမြင်တင်” စေတီဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ကျော်က သီရိတံခွန်မင်းကြီး အုပ်စိုးစဉ် ထိုမင်းသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောကြောင့် သိကြားမင်းကပင် မြတ်စွာဘုရား၏ သရီရဓါတ်တော်၃ဆူကိုလာရောက်ဆက်သရသည်။ ထိုအခါ ထိုဓါတ်တော်၃ဆူကို မင်းကြီးက သားတော်အကြီးမဟာပုံစမင်းသားကို တစ်ဆူပေးကာ ရတနာပုံစတောင်ပေါ်သို့ သားတော်အကြီးက သိန္ဓောဝမြင်းပေါ်တင်၍လွှတ်လိုက်ကာ စေတီတည်သောကြောင့် “ ရွှေမြင်းတင် ” ဟု တွင်ရာမှ ယခုအခါ “ ရွှေမြင်တင် ” ဖြစ်လာခဲ့သည်ဟု သိရပါသည်။  ထို့ပြင်သားတော်လတ် စူဋ္ဌာပုံစမင်းသားကိုလည်း ဓါတ်တော်တစ်ဆူပေးရာ သားတော်အလတ်က ရတနာပုံစတောင်၏တောင်ဘက်၁ ဖာလုံအကွာတွင် စေတီတစ်ဆူ ၊ သားတော်အငယ် သံပုံစကိုလည်း ဓါတ်တော်တစ်ဆူပေးရာ မြောက်ဘက် ၁ ဖာလုံအကွာတွင် စေတီတော်တစ်ဆူစီ အသီးသီး တည်ကြသည် ဟု သိရပါသည်။
ယခု အကောက်တောင်ပေါ်တွင်  ဆရာတော် ဦးပညာဒီပ သည် သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး
အကောက်တောင် တောင်တက်လမ်းကို ဆရာတော်မှ ဦးစီးကာ အလုပ်သမားများနှင့်ဖောက်လုပ်ခဲ့သည်။
အကောက်တောင်ပေါ်တွင် ဂျုံးဂျုံးကျရေတံခွန် ၊ ကျောက်တွင်းစမ်းကိုးစမ်းနှင့် ဦးပွါးသိုက်တွင်း ရှိသည်ဟု သိရသော်လည်း တောနက်သည်ကတကြောင်း သွားလာရခက်ခဲသောကြောင့် လမ်းပြနှင့်သွားမှ အဆင်ပြေသောခရီးဖြစ်သောကြောင့်မရောက်ခဲ့ပါ။ သို့သော်သွားချင်ပါကလည်း ဆရာတော်မှ လမ်းပြထည့်ပေးမည်ဟု သိရှိခဲ့ပါသည်။ 
ထို့ပြင် နတ်ရေကန် ၊ ကျောက်ဖား ၊ ကျောက်ရှင် ၊ နဂါးတွင်း ၃ တွင်း နှင့် ၀ါးပဒေသာ တို့ လို ထူးဆန်းသည်များလည်း ရှိပါသေးသည် ။
ကြံခင်းကနေ မော်တော်တိုက်ရိုက်စီးလာလျှင် ၁၇ မိုင်ဝေးပြီး ပဲခူးတိုင်း ရှိ ထုံးဘိုမြို့ မှ တစ်ဆင့် စက်လှေနှင့် သွားပါက ၁၅ မိနစ်ခန့် သာ စက်လှေစီးရပြီး သွားလမ်းသာသည်ဟု သိရပါသည်။ ထို့အတူ ထုံးဘိုမြို့ မှ လည်းခြေလျင်ခရီးဖြင့်သွားနိုင်သည်ဟု သိရပါသည်။
အကောက်တောင်ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်နေ့တိုင်းကျင်းပသည် ဟု သိရပါသည်။



နွေမိုးဆောင်း 
14.1.2012
1: 36 pm

No comments:

Post a Comment