Sunday, 17 February 2013

လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း


သိတဲ့ သူငယ်ချင်းတွေလဲ ထပ်တွက် မသိသေးတဲ့ သူငယ်ချင်းတွေ လဲတွက်ပေါ့ ။
ဒီနည်းကတော့ လူတိုင်းရဲ့ ပင်ကိုယ် စရိုက်ကို တွက်နည်းလေးပါ
မြန်မာသက္ကရာဇ်ကို အခြေခံပြီး ဟောတဲ့ နည်းလေးပါ

လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့ မွေးနံကိုသိရင် သူရဲ့ပင်ကိုယ် အတွင်းသဘောကို သိနိုင်တဲ့ နည်းလေးမို့
ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို သူငယ်ချင်းတို့အတွက် တင်ပြလိုက်ပါတယ်
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။
သူငယ်ချင်းတို့ရေ ...ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ် ချစ်သူအတွက်ပဲ ဖြစ်ဖြစ် တွက်ကြည့်လိုက်ကြရအောင်နော်........................။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
ကျွန်တော့်ရဲ့ ခုနှစ်သက္ကရာဇ်က 1353 ခု သောကြာသားဆိုတော့ 6ပေါ့
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့

အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ် .

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....
အကြွင်း (0) လောဘ
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။။။။။။။

အကြွင်း (1) ဒေါသ
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။။။။

အကြွင်း (2)မောဟ
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေ့ပညာရှိတွေက ဆိုပါတယ် ။

Credit - ဆရာ စံဇာဏီဘို

" ခါတပေါင်း "

" ခါတပေါင်း "

ဂိမှန်အတာ လေယဉ်လွင့်ချိန်မို့

မိန်ပြန်ခါ နွေတွင်ပွင့်ရှာကြ
ရွှေအင်ကြင်းငယ်တို့ ရိုးတံနီ။

ခါတပေါင်း ရွက်ဟောင်း အကုန်ကြွေလို့ စုံခြေမှာရော်ဝါရင့်တာက
ကြုံလေနော် ပေါ်လာပွင့်တယ် ပန်းမင်းသရဖီ။

ဥတ္တရာ ဗွေဘုံလမ်းဆီက ကြယ်ပြုဗ္ဗာ ငွေယုန်နန်းဆီသို့
စန်းပြည့်ပြည့်ယှဉ်ခါမှီ ဗာဟီရယ်က အပြောင်း။

နွေချိန်ခါ ငွေမိလ္လာ ပြာရီရောပါလို့
ဥသြဖိုတွန်သံကြည်တော့
သောတာပန် မဟာထေရ်တို့တောင် မဆည်နိုင် မျက်ရည်စို့ရှာလိမ့်
အဘိညာဉ် ဈာန်ယာဉ်ကြို့ ပါလို့ နယ်ရှစ်ခွင် မြူခြည်ဆို့တယ်
လွမ်းဖို့တပေါင်း...............။


ဦးပုည

သတိရခြင်း..........................

လျှောက်ခဲ့ဖူးတဲ့ တော်ဝင်လမ်းကိလည်းသတိရတယ်................
အတူစားခဲ့ဖူးတဲ့ ကန်တင်း ကိုလည်း သတိရတယ်.....................
T-3 T- 4 ရှေ့က ချစ်သူလမ်းကြားလေးကိုလည်း သတိရတယ်..............
ဒဂုံတက္ကသိုလ်ကြီး က မြန်မာစာဌာန ကိုလည်းသတိရတယ်.....................
ရုက္ခဗေဒ ဌာန ကလက်တွေ့ခန်းတွေကိုလည်း သတိရတယ်..........................
ဘွဲ့နှင်းသဘင် ခန်းမ ကိုလည်း သတိရတယ်...............................................
ဆိုးဖော်ဆိုးဖက် မိုက်ဖော်မိုက်ဖက် လိမ္မာဖော်လိမ္မာဖက် သူငယ်ချင်းတွေကိုလည်း သတိရတယ်......
အိုး.............. သတိရခြင်းတွေအားလုံးကိုသတိရတယ်...................

နွေဦးဂီတ

 နွေဦးဂီတ



တစိမ့်စိမ့်နှင့် နှစ်သိမ့်ကြည်နူး
ရွက်သစ်ဖူးသော် ရွှင်မြူးအံ့သြ
ဖော်ချင်းနှော၍ တောင်တောသာခွင့်
ရာသီဖွင့်လျက် ပင်မြင့်ထက်တွင်
ငှက်သဘင်လည်း တူယှဉ်နှစ်ကိုယ်
ချစ်တင်းဆိုသည် မပို၏သို့ ပို၏သို့ ။

တစ်သိမ့်သိမ့်နှင့် ညှင်းငြိမ့်လေပွေ
ထက်ဝန်းဝေလျက် နွေလည်းအ၀င်
ဆောင်းလျှင်အစဲ မတည်ဘဲလျှင်
ဖက်လှဲတကင်း ပန်းနံ့သင်းကို
ချဉ်း၍ချဉ်း၍ ဆောင်ကာဝှေ့လျက်
ရွှန်းမြေ့သလို သွင်းလာပိုသည်
မချို၏သို့ ချို၏သို့။

တငြိမ့်ငြိမ့်နှင့် လှိမ့်၍လှိမ့်၍
လေအဝှေ့ဝယ် ကြွေမြေ့ခမန်း
အသံစမ်းလျက် သာဆန်းရဂုံဘွေ
နွေဦးမေလျှင် မျှော်လေယောင်မော့
တေးကိုကျော့၍ လေးတော့်နတ်သွင်
ထက်ဝန်းကျင်ကို ကြည်ရွှင်ခလို
ချစ်ဖွယ်ဆိုသည် မပျို၏သို့ ပျို၏သို့။

တခြိမ့်ခြိမ့်နှင့် သံနိမ့်သံမြင့်
သံချိုဆင့်၍ ခါသင့်မထင်
မိုးနတ်ရှင်လည်း ရှစ်ခွင်တလွှား
ပြေးကစား၍ လှည့်စားလေဟန်
မိုးရိပ်ဖန်လျက် နဘံတခို
တိမ်ခိုးသိုသည် မညို၏သို့ညို၏သို့။


နန်းညွှန့်ဆွေ


Unlike · · ·

Sunday, 14 October 2012





ဒီတစ်ခေါက် ရန်ကုန်ရောက်တာ ရွှေတိဂုံဘုရားကို သွားဖူးဖြစ်တယ်.......
ဒါကြောင့် အားလုံးလည်းဖူးဖြစ်အောင် သီးသန့်ရိုက်ကူးပူဇော်လိုက်ပါတယ်....
ဒီလိုပူဇော်ရတဲ့အကျိုးအားကြောင့် ဖြစ်တည်နေတဲ့ မောဟ ၊ သောက နဲ့ ဗျာပါဒတွေ ကင်းစင်ပပျောက်ရပါလို၏ဘုရား..................

ခေါင်းမြီးခြုံအိပ်နေ တစ်ရေးနိုးတော့ ပရိုမိုးရှင်း

(တစ်)

လွန်ခဲ့သော အနှစ်နှစ်ဆယ်ဝန်းကျင်လောက်ကဖြစ်ပါ၏။တမာနံ့သင်းသည့် အညာတက္ကသိုလ်ကျောင်းကလေးထဲ၌ ကျွန်တော်ရှိနေခဲ့စဉ်တစ်နေ့အမှုထမ်းအရာထမ်းတို့၏
လောကသဘာဝအတိုင်း ပရိုမိုးရှင်း ( Promotion ) ဟူသည့် ကျွတ်ကျွတ်ညံစီသည့်အသံများနှင့်အတူ ကွန်ဂရက်ကျူးလေးရှင်း ( Caongratulation) လုပ်သံများပါ ထပ်မံပေါင်းစပ်လျက် တက္ကသိုလ်ဆရာ၊ဆရာမ အ၀န်းအ၀ိုင်းကလေး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ဖူးပါသည် ။
ဟုတ်ပါသည်။ ရာထူးတစ်ဆင့်တိုးတိုင်း ကျွန်တော်တို့သုံးနှုန်းနေကျ ပရိုမိုးရှင်းပဲဖြစ်ပါသည်။ ရာထူးတိုးတော့ဂုဏ်ပြုခြင်း ၊ကွန်ဂရက်ကျူလေးရှင်း
လုပ်ခြင်းတွေလည်းရှိလာခဲ့ပေသပေါ့။နည်းပြတွေလက်ထောက်ကထိကတွေက လက်ထောက်ကထိကဖြစ်၊ လက်ထောက်ကထိကတွေက ကထိကဖြစ်၊
ကထိကတွေကတွဲဖက်ပါမောက္ခဖြစ် စသည် စသည် ။

ဤ၌၀ါရင့်ဆရာကြီးတစ်ယောက်လှမ်းပြောလိုက်သော စကားကြောင့်ဆရာ၊ဆရာမများအားလုံးဝါးခနဲ ရယ်မောလိုက်ကြပုံကိုယနေ့တိုင် ကျွန်တော်
အမှတ်ရနေမိပါသေးသည်။

`` ခင်ဗျားတို့ဘာမှမလုပ်ဘဲခေါင်းမြီးခြုံပြီးအိပ်နေ အချိန်တန်ရင် နှိုးပြီးလာပြောလိမ့်မယ်....ပရိုးမိုးရှင်းလို့ ´´
ဟူသည်။

သည်တုန်းက ကျွန်တော်လည်းရယ်ခဲ့ပါသည်။ နောက်တော့ကျွန်တော်မရယ်ဖြစ်တော့။ရယ်လည်းမရယ်ချင်တော့။ရယ်စရာအချက်အလက်ဟူ၍လည်းမထင်မှတ်တော့။မောစရာကြီးပါ။

(နှစ်)

ကျွန်တော်တို့နိုင်ငံ၌ အခြားခြားသောလောကတွေမှာတော့ဖြင့် မည်သို့ရှိလေသည်မသိ။ ပညာရေးလောက ၊ အထူးသဖြင့်တက္ကသိုလ်ပညာရေးလောကမှာကတော့
ရာထူးဆိုသည်မှာ အချိန်ပဲဖြစ်ပါသည်။  Time Scale ဟု ကျွန်တော်တို့လွယ်လွယ်ခေါ်နေသော စနစ်ပင်ဖြစ်ပါ၏။မည်သူမဆိုလုပ်သက် ခုနှစ်နှစ်ပြည့်လေသောအခါ
နည်းပြ သရုပ်ပြမှသည် လက်ထောက်ကထိကသို့ ရာထူးတက်သွားကြစမြဲ။ နောက်ထပ်လုပ်သက်ငါးနှစ်ပြည့်ပြန်သောအခါ လက်ထောက်ကထိကမှသည် ကထိကသို့ ရာထူးတက်
သွားကြစမြဲ။ ပြဿနာတစ်စုံတစ်ရာမရှိပါက မည်သူမဆို လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တစ်ဆင့်မှတစ်ဆင့်သို့တက်သွားကြစတမ်း။ဥာဏ်တွေပညာတွေ သုတေသနလုပ်ဆောင်ချက်တွေနှင့်လားလားမှမဆိုင် ၊
တစိုးတစိမှမပတ်သက်။ ထို့ကြောင့်ဂုဏ်ပြုလောက် ကွန်ဂရက်ကျူလေးရှင်း လုပ်လောက်သော ရာထူးတက်ခြင်း ပရိုမိုးရှင်းဖြစ်ခြင်းမှဟုတ်ပါလေစ။
ယင်းကိုရည်ညွှန်းကာ မိတ်ဆွေဆရာကြီးက ခေါင်းမြီးခြုံပြီးအိပ်နေလည်း အချိန်တန်တော့ရာထူးက တက်မြဲဟု ဆိုလိုက်ခြင်းဖြစ်ပါသည်။
မြန်မာ့ပညာရေးလောကနှင့်အတူ တက္ကသိုလ်ပညာရေးလောက အသူတစ်ရာချောက်ထဲသို့ပြုတ်ကျခဲ့ရခြင်း အကြောင်းပေါင်းများစွာထဲ၌ ထို Time Scale နှင့်ရာထူးအနိမ့်အ
မြင့်ကို ဆုံးဖြတ်ခြင်းကလည်း အချက်တစ်ချက်အဖြစ် ပါဝင်နေပါသည်။




(သုံး)

ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သော နိုင်ငံများရှိ ကမ္ဘာကျော်တက္ကသိုလ်ကြီးများတွင် တက္ကသိုလ်ဆရာ၊ဆရာမတစ်ယောက်၏ ရာထူးအနိမ့်အမြင့်ကို ဘယ်သောအခါတွင်မှ အချိန်နှင့်မတိုင်းပါ။ အရည်အသွေးနှင့် တိုင်းတာဆုံးဖြတ်ပါသည်။
သူ့ဘာသာရပ်အတွက်သူဘယ်လောက်အလုပ်လုပ်သလဲ ၊ ဘာသာရပ်ဆိုင်ရာ သုတေသနဘယ်လောက်လုပ်သလဲ၊ စာတမ်းတွေဘယ်လောက်ရေးသလဲ ၊ ဘာသာရပ်ထဲမှာ ဘယ်လောက်မွေ့လျော်လိုဘယ်လောက်ထည့်သွင်းပါဝင်( Contribution) သလဲစသည့်ပညာအခြေခံအကြောင်းတရားများကို
ကြည့်ကာ ရာထူနှင့်တကွ ခေါ်ယူခန့်ထားကြခြင်းဖြစ်ပါသည်။

ပညာကိုအခြေခံကာ ရာထူးပေးသောစနစ်ဖြစ်သည့်အတွက် ပညာအခြေခံကောင်းသောလူ နေရာရသည်။ ပညာချွန်သူနေရာရသည့် ထိုဘာသာရပ်ဖွံ့ဖြိုးသည် ။ ဘယ်နှနှစ်ကြာရင် လက်ထောက်ကထိကဖြစ်မယ်လို့ ကထိကဖြစ်မယ်တို့
ဆိုတာမျိုးတွေကို ထိုဂုဏ်သိက္ခာကြီးသောတက္ကသိုလ်ကြီးတွေမှာ ဘယ်သောအခါတွင်မှမလုပ်။

(လေး)

ပြင်ပကနေရောက်ရောက်လာတတ်ကြသည့် တက္ကသိုလ်နယ်ပယ်က ပုဂ္ဂိုလ်များ ကျွန်တော်တို့၏တက္ကသိုလ်လောကကို အံ့သြကြတာတစ်ခုရှိပါသေးသည်။
လူတစ်ယောက်က ရာထူးတစ်ခုမှာအကြာကြီးနေနေတတ်တာမျိုးဖြစ်ပါသည်။ ဥပမာ ကထိကတစ်ယောက် ၊ ပါမောက္ခတစ်ယောက်သည် ပြစ်မှုတစ်စုံတစ်ရာမကျူးလွန်မချင်း ဘယ်တော့မှ မပြုတ်ဘဲတာဝန်ထမ်းဆောင်နေတာမျိုး ဖြစ်ပါသည်။
သူတို့ဆီမှာဒါမျိုးမရပါ။ ဆရာတစ်ယောက်ကို အလုပ်စခန့်ကတည်းက တက္ကသိုလ်ကစာချုပ်နှင့်ခန့်ထားခြင်းဖြစ်ပါသည်။ တစ်ချို့ တက္ကသိုလ်တွေကနှစ်နှစ် ၊ တစ်ချို့ ကသုံးနှစ်စသည်။
စတင်ခန့်ထားကတည်းက ကထိကပါမောက္ခစသည်ဖြင့် ခေါ်ယူခန့်ထား လစာညှိနှိုင်းကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး
ထိုဆရာ ၊ဆရာမ ဘာသာရပ်နှင့်ပတ်သက်၍ မည်မျှအလုပ်လုပ်သလဲမလုပ်ဘူးလဲကို ကြည့်ကာ သတ်မှတ်ချိန်ကုန်ဆုံးပြီးနောက် ဆက်လက်ခန့်ထားသင့်၊ မခန့်ထားသင့်ဆုံးဖြတ်ကြခြင်းဖြစ်ပါသည်။
ဘာသာရပ်နှင့်ပတ်သက်၍ အလုပ်ကိုချွန်ချွန်မွန်မွန်လုပကြောင်း စိတ်ကျေနပ်လျှင်ထိုတက္ကသိုလ်က ဆရာ၊ ဆရာမကို
အချိန်မစေ့မီ ကတည်းက ကြိုတင်ကမ်းလှမ်း(Offer) မြဲဖြစ်ပါသည်။ နောက်ထပ်စာသင်နှစ် (သို့) Semester ဘယ်နှစ်ခုဆက်သင်ပေးပါ လစာကမည်မျှစသည်။
အော်ဖာ(Offer) မလုပ်တော့ဘူး။ မကမ်းလှမ်းတော့ဘူးဟုဆိုလျှင် စာချုပ်သက်တမ်း ကုန်လျှင်နားပေတော့။အခြားတက္ကသိုလ်တစ်ခုခုသို့ပြောင်းလျှောက်လိုသော်လျှောက်ပေတော့။
ဆိုလိုသည်မှာ မကြိုးစားသူမနိုးကြားသူအတွက် ထာဝရရာထူးရှိမနေပါဘူးဟူသည့်သဘော။

သို့ဖြစ်ရာ ဆရာ၊ဆရာမတစ်ယောက်ကို အလုပ်ခန့်အပ်ခြင်း၊ မခန့်ခြင်း၊ ရာထူးပေးခြင်း၊မပေးခြင်း ဆိုသည်မှာ တက္ကသိုလ်၏သဘော။ တက္ကသိုလ်တစ်ခု၏လွတ်လပ်စွာစီမံခန့်ခွဲခွင့် (Autonomy)
၌ တစ်ခုအပါအ၀င်ဖြစ်သော Staff Autonomy ဆရာ၊ ဆရာမ၀န်ထမ်းကို မိမိတက္ကသိုလ်ကသာ မိမိစိတ်ကြိုက်စီမံခန့်ခွဲနိုင်သည့် သဘောပင်ဖြစ်ပါသည်။

သည်လိုလုပ်လိုက်သည့်အတွက် ဘာဖြစ်သလဲဟုမေးအံ့။ ခို၍မရ။ ကပ်၍မရ။ မှေးနေ၍မရ။ မှိန်းနေ၍မရ။ ဖြီး၍မရ။ ဖြန်း၍မရ။ အာဏာရှင်စတိုင်နှင့် ဒါအမြဲတမ်းငါ့ထိုင်ခုံလုပ်ထား၍မရ။
တစ်ယောက်က တစ်နေရာကနေအသံပေးဖူးပါသည်။ ကိုယ့်ဘာသာကိုယ်လွတ်လပ်စွာစီမံခန့်ခွဲတော့ ၀န်ထမ်းခန့်တာ၊ ရာထူးတိုးပေးတာ၊ ဖြုတ်ပယ်တာတွေမှာ မျက်နှာလိုက်တာမျိုးရှိမလာနိုင်ဘူးလားတဲ့။
မရှိနိုင်ပါ။ ရှိခဲ့လျှင်လည်းထိုဌာန ထိုတက္ကသိုလ် မချွန်သောမမွန်သော ကိုယ့်လူများနှင့်မောင်းနှင်နေသည့်အတွက်ကြာလေလေနံမည်ပျက်လေနှင့် နောက်ဆုံးတစ်နေ့ ဆိတ်သုဉ်းရမည်သာ။
ပညာရေးကိုပြင်ရာ၌ကျောင်းသားနှင့် သင်ရိုးကိုသာပြင်ရုံမဟုတ်ဘဲ ဆရာ၊ဆရာမ (Staff) ကိုပါပြင်မှရနိုင်ပါသည်။
စာချုပ်နှင့် နှစ်ကန့်သတ်ကာခန့်အပ်ခြင်း၊ ဆက်ခန့်အပ်ခြင်း၊ထုတ်ပယ်ခြင်း ၊လုပ်သက်ကိုအခြေခံ၍ရာထူးမပေးဘဲစွမ်းဆောင်ရည်ဖြင့် ရာထူးပေးခြင်းတို့သည် ကမ္ဘာသုံးဖြစ်ရာထိုလမ်းအတိုင်း မသွားဘဲနှင့်တော့ အားကောင်းမောင်းသန် ပညာရေးလောကဖြစ်ပေါ်လာရန်အကြောင်းမမြင်ပါလေ။



 (မောင်သာချို )

{ 7days ဂျာနယ်ထဲမှ  ဆရာမောင်သာချို၏ ဆောင်းပါးလေးကိုဖတ်မိပြီး နှစ်သက်သောကြောင့် တစ်ဆင့်ကူးယူတင်ပြခြင်းသပ်သပ်ဖြစ်ပါသည်။ }

အလွမ်း အိမ်မက်



ငါ့ကိုရူးတယ်လို့ ပြောချင်ပြောကြပါ ………

မိုးလေးတဖွဲဖွဲ ရွာနေစဉ် အလွမ်းကဗျာတွေဖတ်ပြီး ငြိမ့်နေမယ် ဆိုတဲ့ အတွေးတွေနဲ့………….
န၀ဒေး ရတုပေါင်းချုပ် နဲ့ ကြည်အေးရဲ့  ကဗျာပေါင်းချုပ်စာအုပ် ကို လှန်လှောဖတ်ရင်း………..
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ က အဖြူရောင်ရင်ခုန်သံတစ်ခုရဲ့  အရိပ်ကိုထိတ်လန့်စွာ တွေ့လိုက်ရတယ် …….။
တိုက်ဆိုင်လိုက်ပုံများ ရင်ခုန်သံပိုင်ရှင်ရဲ့  နှစ် ၂၀ မြောက် နှစ်ပတ်လည် နေ့ ၊ လ ဖြစ်တဲ့ အချိန်ကို ရောက်တော့မယ်……………. ကြာခဲ့ပါပြီ…….. အတော့်ကိုကြာခဲ့လို့ မေ့ပျောက်ပြီးနေလာခဲ့တဲ့ နှစ်တွေလည်း ဆယ်စုနှစ်စွန်းခဲ့ပါပြီ………..

 ငယ်ရွယ်နုနယ်စဉ်…………လမ်းလွဲခဲ့တဲ့ နှလုံးသားတစ်စုံရဲ့  ……. ပိုင်ရှင်……............



အလယ်တန်းကျောင်းသူဘ၀အစ ကျောင်းအသစ်မှာ ကျောင်းစတက်ခဲ့ ရတဲ့နေ့ ခေါင်းမှာပတ်တီးဖွေးဖွေးနဲ့ စာသင်ခန်းထဲဝင်လာတဲ့ကောင်မလေး ကို

‘ ဟဲ့ ….. နင့်ခေါင်းက အနာက အရမ်းနာလား ’

မေးလာတဲ့ ကောင်းလေးရဲ့  ကရုဏာအမေးနဲ့အတူ ဘေးအစွန်၂ ဖက်မှာ
ထိုင်ရင်း သူတို့၂ယောက် အခင်ဆုံးသူငယ်ချင်းဖြစ်သွားကြတယ်………။
 ဒီလိုနဲ့ သူငယ်ချင်းအသစ်တွေနဲ့ ပျော်ရွှင်စွာ ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်များကို အတူ ဖြတ်သန်းခဲ့ကြတယ်။
သူငယ်ချင်းအားလုံး စုစုပေါင်း ၈ ယောက်…………….
ကျောင်းသွားအတူ ပြန်လည်းတတွဲတွဲ ၊ စားလည်း အတူ
သင်္ချာပုစ္ဆာအဖြေရှာလည်း ငြင်းခုန်ကြ ….၊
စာအပြန်အလှန်မေးဖြေလုပ်ရင်း အထက်တန်းကျောင်းသူ / သား ဘ၀ ရောက်လာကြတယ်……….။

ဖြူစင်ရှင်းသန့်တဲ့ ဘ၀လေးကို စတင်အရောင်ခြယ်လိုက်တဲ့ ပုံရိပ်တစ်ချို့  ကြောင့်
တံလျှပ်ကိုရေအဖြစ်ထင်မှတ်သွားခဲ့တဲ့ သူငယ်ချင်းကောင်လေးရဲ ပြောင်းလဲမှုဟာ
စာတစ်စောင်အဖြစ် ကောင်မလေးလက်ထဲရောက်သွားခဲ့တယ်။ ရည်မှန်းချက်မပြည့်ခင် ဆေးရောင်ခြယ်ခြင်း ၊ ပုံရိပ်ထင်ခြင်းမခံချင်တဲ့ ကောင်မလေးရဲ့  စေတနာဒေါသက သက်သေနှင့်တစ်ကွ သက်ဆိုင်ရာ ဆရာမဆီ ထပ်မံရောက်သွားခဲ့တယ်။
အရွယ်မတိုင်ခင်လမ်းလွဲတော့မယ့် တပည့်တွေအပေါ် စံနမူနာအဖြစ်နဲ့ တစ်ခန်းလုံးရှေ့ အပြစ်ပေးခံလိုက်ရတဲ့  ကောင်လေးရဲ့  ခံစားချက်ဟာ နောက်တစ်ရက်ကျောင်းတက်ချိန်ကစပြီး ရက်ပေါင်းများစွာ ပျောက်ခြင်းမလှပျောက်သွားခဲ့တယ် ။
ပျောက်ဆုံးနေတဲ့အရိပ်အကြောင်း စုံစမ်းလိုက်တော့ မိသားစုအားလုံး အပူတပြင်းလိုက်ရှာနေပြီး မိမိသဘောဆန္ဒအရ စစ်ထဲဝင်သွားတာကို အစ်မလုပ်သူရဲ့  ပြောစကားအရသိလိုက်ရတယ်……….. ။

ဒီလိုနဲ့ ………. နာရီစက္ကန့်မိနစ်တွေကို  ရက် ၊ လ တွေအလီလီစားသုံးပြီး ……….
ဧည့်သည်တစ်ယေက်ကို ဘူတာကြီးလိုက်ပို့တဲ့  မနက်……….
ထွက်လုလုနေရောင်အောက်မှာ အချိန်ကာလများစွာရင်းနှီးကျွမ်းဝင်ခဲ့တဲ့  ပုံရိပ်တစ်ခုရဲ့  အလင်းရောင်တစ်ပွင့်ကို ဖြတ်ကနဲတွေ့လိုက်ရတယ်………..
အသားတွေညိုပြီး ပြောင်းလဲသွားတဲ့ ပုံသဏ္ဌာန် နဲ့ တက်ကြွလန်းဆန်းတဲ့ အပြုံးတွေမပြောင်းမလဲ ရှိနေတာကို မော့ကြည့်မိစဉ်………………….

ခဏလေးပါပဲ…….တစ်ကယ့်ကိုမှ ခဏလေးပါ……….

မထင်မှတ်ထားတဲ့ နေရာမှာ မထင်မှတ်ထားတဲ့ သံယောဇဉ် ရထားနှစ်စင်းရဲ့  ကြုံကြိုက်တိုက်မိတဲ့ အရှိန်ပြင်းထန်ပုံဟာ………….
တလိမ့်လိမ့်နဲ့ ထွက်စပြုနေတဲ့ ရထားဘေးမှာလိုက်ပါပြေးရင်း
ပြုတင်းပေါက်ဘောင်ပေါ်လွှဲထိုင်လက်ပြ နှုတ်မဆက်ဘဲထွက်သွားသူကို သဲသဲကွဲကွဲမမြင်ရအောင် ပိတ်ကာထားလိုက်တဲ့ မိုးရေတွေအဖြစ်ကျဆင်းခဲ့ပါတယ်။

ဒါဟာ……….နောက်ဆုံးအကြိမ်ပါ……………
အခုလက်ရှိ ကျန်ရစ်ခဲ့ရတဲ့ အချိန်တွေအထိ မှတ်မှတ်ရရ ရှိနေခဲ့တဲ့ ပုံရိပ်လေးတစ်ခုပါ………။

ပန်းကမ္ဘာမျှော်စင် စခန်းသာမှာ ရေဒီယိုအော်ပရေတာသင်တန်းသွားတက်နေတဲ့ အချိန်ကာလအတွင်း ‘ ရင်ထဲကထာဝရ မိုး ’ အတွက်ဆိုပြီး လွမ်းစာခွေလိုက်တဲ့ ပေဖူးလွှာတစ်စောင်ပဲ ………….သက်သေအဖြစ်ကျန်ရစ်ခဲ့ရအောင် ပါးလိုက်ပါတယ် ။ သင်တန်းဆင်းပြီး ပြန်လာတဲ့ ကာလ ကျရာတာဝန်ထမ်းဆောင်ရင်း မတော်တဆ အမှတ်တမဲ့ကြောင့် ရလာတဲ့ စူးလေးတစ်စူးရဲ့  အဆိပ်နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်နေပါတယ်။

ဥတုသုံးရာသီထဲမှာမှ မိုးဥတု နဲ့ ဆောင်းဥတု ကို ရူးသွပ်စွာတွယ်တာသူရဲ့  အဆိပ်တိုက်ပွဲပြင်းထန်စဉ် အရှိန်ပြင်းစွာကျလာတဲ့
မိုးပေါက်မိုးစက်ကို တမြတ်တနိုးခံယူရင်း ထာဝရ ငြိမ်းချမ်းသွားတဲ့ စိတ်ကူးယဉ် နှလုံးသားပိုင်ရှင်လေး ……………. ။

စာကြည့်နေတဲ့ ကောင်မလေးအနားတ၀ဲဝဲလည်လည်နဲ့  ပျံသန်းနေတဲ့ လိပ်ပြာဖြူတစ်ကောင်ကို မောင်းထုတ်ခြောက်လှန့်လို့ မရတဲ့ ထူးဆန်းတဲ့အဖြစ်ပျက် နဲ့အတူ........
ပျံသန်းတတ်တဲ့ သတ္တ၀ါ ဆိုအကြောက်ကြီးတဲ့ သူမက ထူးဆန်းစွာတွယ်ကပ်နေတဲ့ လိပ်ပြာအပေါ် မကြောက်မိတဲ့ စိတ်ကို ထူးဆန်းစွာစူးစမ်းနေခဲ့မိတယ်။
မင်္ဂလာမရှိတဲ့ မိုးလင်းတစ်မနက် အ မင်္ဂလာသတင်းဆိုး တစ်ခု အကြားမှာ ထူးဆန်းစွာလိပ်ပြာလေး ပျောက်သွားခဲ့တယ်……….။
မယုံကြည်နိုင်စွာနဲ့ သူငယ်ချင်းနဲ့အတူသွားရောက်စုံစမ်းကြည့်တော့ အခမ်းအနားနဲ့ ကောင်းမွန်စွာ  သဂြိုလ်ပြီးပြီမို့ နောက်ဆုံးခရီးကိုတောင် နှုတ်ဆက်ခွင့်မရလိုက်ပါဘူး ။
စိုးရွံ့ အားနာမှုတွေ ရင်မှာပိုက်ပြီး အားပေးဖော် မိခင် နဲ့အတူ သွားလေသူအတွက်ကုသိုလ်ပြုတဲ့ တစ်ပတ်လည်နေ့မှာ နှတ်မဆက်ဘဲထွက်ခွါသူ ကုသိုလ်ရအောင် ပြုခဲ့ရတဲ့ ခါးသက်လှတဲ့ ခါးသီးမှုကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး ။

ခါးသီးမှုတွေ ……….ခါးသီးမှုတွေ…………

ငယ်သူငယ်ချင်းတွေရဲ့ အပြစ်တင်မုန်းတီးစွာကြည့်တဲ့ မျက်လုံးများ ………… ခါးလိုက်တာ……….

အရွယ်မရောက်သေးဘဲ စိတ်အလိုလိုက်ပြီး မိမိဆန္ဒ နဲ့လျှောက်ခဲ့အောင်လုပ်တာ ငါတဲ့……………
ဒီလမ်းလွဲကိုရောက်လို့ ဒီလိုအဖြစ်ကြုံရအောင် ပြုခဲ့တာ ငါ တဲ့………

ဒါကြောင့် နာကျည်းစိတ်နာလို့ နောက်ဆုံးနှုတ်ဆက်ခွင့်မပြုနိုင်လို့ အကြောင်းမကြားခဲ့ကြတာတဲ့…………
စွပ်စွဲချက်တွေ ပြင်းထန်လိုက်ပုံများ ….................
အခုချိန်ထိ ရပ်ကွက်ထဲမှာ မတော်တဆ ကြုံတွေ့ရင် ခွင့်မလွှတ်နိုင်ကြတဲ့ အကြည့်တွေ………… ။
ရွေးချယ်ရာဘ၀မှာ ကျင်လည်ကျက်စားရင်း ခင်မင်တွယ်တာတဲ့ အပေါင်းအသင်းတွေရဲ့  ပြောစကားအရ နံမည်တစ်လုံး ကို နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့အကြောင်း နောက်ဆုံးထွက်သက်အထိ ဒီနံမည်တစ်လုံးကိုပဲ တမ်းတပြီး နှုတ်ဆက်သွားခဲ့တဲ့အဖြစ်ကို သိရတော့ ကြည်နူးဝမ်းနည်းမိပြီး သူ့မိသားစုအပေါ် အားနာမိရတယ်……..။

မျှော်လင့်အားထားစရာ သားတစ်ယောက်ပဲ ပါလာတဲ့ မိသားစုကို နာကျင်ကြေကွဲခြင်းတွေ ငါပေးမိပြီလား………… ငါ့ကြောင့်များလားလို့ ဒွိဟ သံသယစိတ်တွေနဲ့ အတူ
ဓါတ်ပုံမှန်ဘောင်ရဲ့ မလှမ်းမကမ်း ပန်းအိုးထဲက နှင်းဆီပွင့်မှာ ပျံထွက်ဖို့အားယူနေတဲ့ လိပ်ပြာဖြူ တစ်ကောင်ကို တိတ်တဆိတ်နှုတ်ဆက်နေမိတယ်…………

ငါ့ ကိုခွင့်လွှတ်ပါ………ဟင့်အင်း မဟုတ်ဘူး ……….ငါ့ကိုခွင့်မလွှတ်လိုက်ပါနဲ့ ……သူငယ်ချင်းရယ်…………..

ဒီလိုနဲ့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ဆီ အရောက်သွားရင်းတစ်ခါတစ်လေ … မတော်တဆ အစ်မ နဲ့ ဆုံလိုက်ရင် လောကမှာ အပြစ်ရှိတဲ့ လူသားအဖြစ်ကိုယ့်ကိုကိုယ် ခံယူရင်း  ရွက်ဟောင်းတွေမြေခပြီး ရွက်နုသစ်တွေဝေခဲ့တာ နှစ်ခါပြန်ရှိနေခဲ့ပြီ။
ညတစ်ညရဲ့  ညဉ့်လယ်မှာ လိပ်ပြာဖြူပိုင်ရှင်ကို ရုတ်တရက်မြင်လိုက်ရတာက….. ရွှေတိဂုံဘုရား အနောက်ဘက်မုခ် ရွေ့လျားစက်လှေခါး ရှိတဲ့ မုခ်ရဲ့  ဘေးစောင်းတန်းလှေခါးတလျှောက်မှာ မြင်အပ်မမြင်အပ် ကျင်လည်ကျက်စားနေသူတွေအများကြီးထဲမှာမှ ညှိုးရော်နွမ်းလျပြီး မှိုင်တွေစွာ ထိုင်နေတဲ့ လိပ်ပြာဖြူလေး တစ်ကောင်ကို တွေ့လိုက်ရတယ် ။
ကိုယ့်ကိုပြန်ကြည့်နေတဲ့ မျက်လုံးတွေကတစ်ဆင့် ကြားလိုက်ရတာက ……...........

‘ ငါ့ ကို ဒီ ရွှေတိဂုံဘုရားမှာ သင်္ကန်းတစ်စုံနဲ့ အတူ နင်ကိုယ်တိုင် ကုသိုလ်လာလုပ်ပြီး အဲ့ ကုသိုလ်ကို ငါ့ကိုပြန်မျှပေးနိုင်မလား ’

ဆိုတဲ့ တောင်းဆိုသံကြောင့်ထိတ်လန့်တကြား လန့်နိုးခဲ့ရတယ် ………. ဘုရားဘုရား ……..လိပ်ပြာလေး မလွတ်လပ်ဘဲ တောင်ပံငြိနေပါလား…………ဆိုတဲ့ အတွေးနဲ့ …................

အဆက်သွယ်ပြတ်နေတဲ့  အစ်မလုပ်သူကို ကျောင်းမှာပြန်ရှာ….အကျိုးကြောင်းပြောပြတော့ ဘာစကားမှမပြောနိုင်ဘဲ အစ်မလုပ်သူ ချုံးပွဲချငိုတာကိုရင်နာနာနဲ့ ကြည့်ခဲ့ရတယ်။

ဒီလိုနဲ့ ကျောင်းပိတ်ရက် သူ့မွေးနေ့မှာ အစ်မလုပ်သူနဲ့အတူ ဘုရားသွား ၊ ကြားသိရသလိုကုသိုလ်လုပ်ပြီး ပြန်လည်အမျှပေးဝေခဲ့တယ် ။ ညဉ့်ဦးယံချိန်ရောက်တော့ တောက်ပနေတဲ့ လိပ်ပြာဖြူတစ်ကောင် လွတ်လပ်စွာ ပျံသန်းသွားတာ တွေ့လိုက်ရတော့............

သြော်……….. ဒီတစ်ခါတော့  နှုတ်ဆက်ပြီး မှ ထွက်ခွါသွားပါလားဆိုကာ ၀မ်းသာပီတိနဲ့ အတူ ဆိုနင့်ခဲ့ရတယ်….။
အစ်မ ဖြစ်သူက အစွဲလမ်းကြီးလှတဲ့ မောင်လုပ်သူရဲ့  ကျန်ရစ်ခဲ့တဲ့ တစ်ပုံတည်းသော ဓါတ်ပုံလေးကို လက်လွှဲပေးခဲ့တာမို့ ယခုတိုင် သိမ်းထားခဲ့တဲ့ အမှတ်တရ တွေထဲမှာ ရှိနေဆဲ….မျက်ဝန်းနက်နက်လေးတစ်စုံပါ…….။

ကြာခဲ့ပါပြီ………………. အတော့်ကိုကြာခဲ့ပါပြီ………….

ဒါပေမယ့်…..တိုက်ဆိုင်မှုနဲ့ကြုံလာတိုင်း ခံစားချက်တွေ ဟာ အသစ်လို လတ်ဆတ်စွာ
ခံစားရပြီး အရှိန်ပြင်းစွားကျခဲ့တဲ့ ဇူလိုင်လ မိုးစက်မိုးပေါက်များလို ၀မ်းနည်းမှုတဖြိုင်ဖြိုင်ဖြစ်နေရမြဲပါ…….။

 ဘ၀မှာ ရှင်သန်လှည့်လည်ရင်း နှလုံးသားခံစားချက်တွေ နာကျင်ကြေကွဲထိခိုက်မှုကို ခံစားရတိုင်း အဖြူရောင် ရင်ခုန်သံကို ပြန်လည်ကြားယောင်မိခဲ့ပါတယ်။ နှုတ်ဆက်ထွက်ခွါသွားခါနီး အဖြူရောင် ရင်ခုန်သံပိုင်ရှင်ရဲ့  ခံစားချက်အမှန်ကို မသိခဲ့ရသူမို့ ကိုယ့်ခံစားနာကျင်ရတိုင်း သူများ ငါ့ နှလုံးသားကို ကျိန်စာတိုက်ခဲ့လေသလား လို့ သံသယများစွာ  ဖြစ်မိခဲ့တယ်။ ဒီသံသယတွေနဲ့အတူ ၀ဋ်ရှိရင်လည်း ကျေပါတော့ ငါ့ကိုကျိန်စာများတိုက်ခဲ့မိရင် စိတ်ကွက်မိခဲ့ရင် ပြန်လာပြီး ဖြည်ပေးပါလို့ တမ်းတစွာ သတိရမိတယ်………. သတိရမိတိုင်းလည်း ငယ်ရွယ်နုနယ်တဲ့ နှလုံးသားတစ်စုံရဲ့  မေတ္တာကို အလေးနက်မထားမိခဲ့တဲ့ စောကားသလိုပြုခဲ့မိတဲ့ မေတ္တာရဲ့  စူးရှခြင်းကို ပြန်ခံစားနေရတာလို့ အတွေးတွေနဲ့ စိတ္တဇညတွေကို ကျော်ဖြတ်နေမိတယ်။




ဒါကြောင့် ပြန်လာပါ အိမ်မက်လေးရယ် ………….

အရင်လို ငါတို့ရဲ့ ဘ၀တွေ ပြန်လည်ရှင်သန်ဖို့ ရက်စက်စွာခါးသီးခဲ့တဲ့ ည တွေထဲက ငါ့ကို ဆွဲထုတ်ပေးပါ။
ဒါမှမဟုတ် ……………ငါ့ရဲ့  လိပ်ပြာကို ဆွဲထုတ်ခေါ်ဆောင်သွားပါ ။

ငါ မွန်းကြပ်လှပြီ…………… ဇူလိုင်လတွေရောက်တိုင်း မွန်းကြပ်မှုတွေနဲ့ ငါ ကြောက်လန့်နေခဲ့တာကနေ လွတ်မြောက်ချင်ပြီ……….
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ……..................

ငါ့ကို ရူးတယ်လိုပဲပြောပါ……..ပြောချင်ပြောကြပါစေ…………..

ငါ တို့ အိမ်မက်ထဲမှာ ပြန်ဆုံကြမယ်……………




 နွေမိုးဆောင်း
28.6.2012
1:30 Am