Sunday 14 October 2012

အလွမ်း အိမ်မက်



ငါ့ကိုရူးတယ်လို့ ပြောချင်ပြောကြပါ ………

မိုးလေးတဖွဲဖွဲ ရွာနေစဉ် အလွမ်းကဗျာတွေဖတ်ပြီး ငြိမ့်နေမယ် ဆိုတဲ့ အတွေးတွေနဲ့………….
န၀ဒေး ရတုပေါင်းချုပ် နဲ့ ကြည်အေးရဲ့  ကဗျာပေါင်းချုပ်စာအုပ် ကို လှန်လှောဖတ်ရင်း………..
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ က အဖြူရောင်ရင်ခုန်သံတစ်ခုရဲ့  အရိပ်ကိုထိတ်လန့်စွာ တွေ့လိုက်ရတယ် …….။
တိုက်ဆိုင်လိုက်ပုံများ ရင်ခုန်သံပိုင်ရှင်ရဲ့  နှစ် ၂၀ မြောက် နှစ်ပတ်လည် နေ့ ၊ လ ဖြစ်တဲ့ အချိန်ကို ရောက်တော့မယ်……………. ကြာခဲ့ပါပြီ…….. အတော့်ကိုကြာခဲ့လို့ မေ့ပျောက်ပြီးနေလာခဲ့တဲ့ နှစ်တွေလည်း ဆယ်စုနှစ်စွန်းခဲ့ပါပြီ………..

 ငယ်ရွယ်နုနယ်စဉ်…………လမ်းလွဲခဲ့တဲ့ နှလုံးသားတစ်စုံရဲ့  ……. ပိုင်ရှင်……............



အလယ်တန်းကျောင်းသူဘ၀အစ ကျောင်းအသစ်မှာ ကျောင်းစတက်ခဲ့ ရတဲ့နေ့ ခေါင်းမှာပတ်တီးဖွေးဖွေးနဲ့ စာသင်ခန်းထဲဝင်လာတဲ့ကောင်မလေး ကို

‘ ဟဲ့ ….. နင့်ခေါင်းက အနာက အရမ်းနာလား ’

မေးလာတဲ့ ကောင်းလေးရဲ့  ကရုဏာအမေးနဲ့အတူ ဘေးအစွန်၂ ဖက်မှာ
ထိုင်ရင်း သူတို့၂ယောက် အခင်ဆုံးသူငယ်ချင်းဖြစ်သွားကြတယ်………။
 ဒီလိုနဲ့ သူငယ်ချင်းအသစ်တွေနဲ့ ပျော်ရွှင်စွာ ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်များကို အတူ ဖြတ်သန်းခဲ့ကြတယ်။
သူငယ်ချင်းအားလုံး စုစုပေါင်း ၈ ယောက်…………….
ကျောင်းသွားအတူ ပြန်လည်းတတွဲတွဲ ၊ စားလည်း အတူ
သင်္ချာပုစ္ဆာအဖြေရှာလည်း ငြင်းခုန်ကြ ….၊
စာအပြန်အလှန်မေးဖြေလုပ်ရင်း အထက်တန်းကျောင်းသူ / သား ဘ၀ ရောက်လာကြတယ်……….။

ဖြူစင်ရှင်းသန့်တဲ့ ဘ၀လေးကို စတင်အရောင်ခြယ်လိုက်တဲ့ ပုံရိပ်တစ်ချို့  ကြောင့်
တံလျှပ်ကိုရေအဖြစ်ထင်မှတ်သွားခဲ့တဲ့ သူငယ်ချင်းကောင်လေးရဲ ပြောင်းလဲမှုဟာ
စာတစ်စောင်အဖြစ် ကောင်မလေးလက်ထဲရောက်သွားခဲ့တယ်။ ရည်မှန်းချက်မပြည့်ခင် ဆေးရောင်ခြယ်ခြင်း ၊ ပုံရိပ်ထင်ခြင်းမခံချင်တဲ့ ကောင်မလေးရဲ့  စေတနာဒေါသက သက်သေနှင့်တစ်ကွ သက်ဆိုင်ရာ ဆရာမဆီ ထပ်မံရောက်သွားခဲ့တယ်။
အရွယ်မတိုင်ခင်လမ်းလွဲတော့မယ့် တပည့်တွေအပေါ် စံနမူနာအဖြစ်နဲ့ တစ်ခန်းလုံးရှေ့ အပြစ်ပေးခံလိုက်ရတဲ့  ကောင်လေးရဲ့  ခံစားချက်ဟာ နောက်တစ်ရက်ကျောင်းတက်ချိန်ကစပြီး ရက်ပေါင်းများစွာ ပျောက်ခြင်းမလှပျောက်သွားခဲ့တယ် ။
ပျောက်ဆုံးနေတဲ့အရိပ်အကြောင်း စုံစမ်းလိုက်တော့ မိသားစုအားလုံး အပူတပြင်းလိုက်ရှာနေပြီး မိမိသဘောဆန္ဒအရ စစ်ထဲဝင်သွားတာကို အစ်မလုပ်သူရဲ့  ပြောစကားအရသိလိုက်ရတယ်……….. ။

ဒီလိုနဲ့ ………. နာရီစက္ကန့်မိနစ်တွေကို  ရက် ၊ လ တွေအလီလီစားသုံးပြီး ……….
ဧည့်သည်တစ်ယေက်ကို ဘူတာကြီးလိုက်ပို့တဲ့  မနက်……….
ထွက်လုလုနေရောင်အောက်မှာ အချိန်ကာလများစွာရင်းနှီးကျွမ်းဝင်ခဲ့တဲ့  ပုံရိပ်တစ်ခုရဲ့  အလင်းရောင်တစ်ပွင့်ကို ဖြတ်ကနဲတွေ့လိုက်ရတယ်………..
အသားတွေညိုပြီး ပြောင်းလဲသွားတဲ့ ပုံသဏ္ဌာန် နဲ့ တက်ကြွလန်းဆန်းတဲ့ အပြုံးတွေမပြောင်းမလဲ ရှိနေတာကို မော့ကြည့်မိစဉ်………………….

ခဏလေးပါပဲ…….တစ်ကယ့်ကိုမှ ခဏလေးပါ……….

မထင်မှတ်ထားတဲ့ နေရာမှာ မထင်မှတ်ထားတဲ့ သံယောဇဉ် ရထားနှစ်စင်းရဲ့  ကြုံကြိုက်တိုက်မိတဲ့ အရှိန်ပြင်းထန်ပုံဟာ………….
တလိမ့်လိမ့်နဲ့ ထွက်စပြုနေတဲ့ ရထားဘေးမှာလိုက်ပါပြေးရင်း
ပြုတင်းပေါက်ဘောင်ပေါ်လွှဲထိုင်လက်ပြ နှုတ်မဆက်ဘဲထွက်သွားသူကို သဲသဲကွဲကွဲမမြင်ရအောင် ပိတ်ကာထားလိုက်တဲ့ မိုးရေတွေအဖြစ်ကျဆင်းခဲ့ပါတယ်။

ဒါဟာ……….နောက်ဆုံးအကြိမ်ပါ……………
အခုလက်ရှိ ကျန်ရစ်ခဲ့ရတဲ့ အချိန်တွေအထိ မှတ်မှတ်ရရ ရှိနေခဲ့တဲ့ ပုံရိပ်လေးတစ်ခုပါ………။

ပန်းကမ္ဘာမျှော်စင် စခန်းသာမှာ ရေဒီယိုအော်ပရေတာသင်တန်းသွားတက်နေတဲ့ အချိန်ကာလအတွင်း ‘ ရင်ထဲကထာဝရ မိုး ’ အတွက်ဆိုပြီး လွမ်းစာခွေလိုက်တဲ့ ပေဖူးလွှာတစ်စောင်ပဲ ………….သက်သေအဖြစ်ကျန်ရစ်ခဲ့ရအောင် ပါးလိုက်ပါတယ် ။ သင်တန်းဆင်းပြီး ပြန်လာတဲ့ ကာလ ကျရာတာဝန်ထမ်းဆောင်ရင်း မတော်တဆ အမှတ်တမဲ့ကြောင့် ရလာတဲ့ စူးလေးတစ်စူးရဲ့  အဆိပ်နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်နေပါတယ်။

ဥတုသုံးရာသီထဲမှာမှ မိုးဥတု နဲ့ ဆောင်းဥတု ကို ရူးသွပ်စွာတွယ်တာသူရဲ့  အဆိပ်တိုက်ပွဲပြင်းထန်စဉ် အရှိန်ပြင်းစွာကျလာတဲ့
မိုးပေါက်မိုးစက်ကို တမြတ်တနိုးခံယူရင်း ထာဝရ ငြိမ်းချမ်းသွားတဲ့ စိတ်ကူးယဉ် နှလုံးသားပိုင်ရှင်လေး ……………. ။

စာကြည့်နေတဲ့ ကောင်မလေးအနားတ၀ဲဝဲလည်လည်နဲ့  ပျံသန်းနေတဲ့ လိပ်ပြာဖြူတစ်ကောင်ကို မောင်းထုတ်ခြောက်လှန့်လို့ မရတဲ့ ထူးဆန်းတဲ့အဖြစ်ပျက် နဲ့အတူ........
ပျံသန်းတတ်တဲ့ သတ္တ၀ါ ဆိုအကြောက်ကြီးတဲ့ သူမက ထူးဆန်းစွာတွယ်ကပ်နေတဲ့ လိပ်ပြာအပေါ် မကြောက်မိတဲ့ စိတ်ကို ထူးဆန်းစွာစူးစမ်းနေခဲ့မိတယ်။
မင်္ဂလာမရှိတဲ့ မိုးလင်းတစ်မနက် အ မင်္ဂလာသတင်းဆိုး တစ်ခု အကြားမှာ ထူးဆန်းစွာလိပ်ပြာလေး ပျောက်သွားခဲ့တယ်……….။
မယုံကြည်နိုင်စွာနဲ့ သူငယ်ချင်းနဲ့အတူသွားရောက်စုံစမ်းကြည့်တော့ အခမ်းအနားနဲ့ ကောင်းမွန်စွာ  သဂြိုလ်ပြီးပြီမို့ နောက်ဆုံးခရီးကိုတောင် နှုတ်ဆက်ခွင့်မရလိုက်ပါဘူး ။
စိုးရွံ့ အားနာမှုတွေ ရင်မှာပိုက်ပြီး အားပေးဖော် မိခင် နဲ့အတူ သွားလေသူအတွက်ကုသိုလ်ပြုတဲ့ တစ်ပတ်လည်နေ့မှာ နှတ်မဆက်ဘဲထွက်ခွါသူ ကုသိုလ်ရအောင် ပြုခဲ့ရတဲ့ ခါးသက်လှတဲ့ ခါးသီးမှုကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး ။

ခါးသီးမှုတွေ ……….ခါးသီးမှုတွေ…………

ငယ်သူငယ်ချင်းတွေရဲ့ အပြစ်တင်မုန်းတီးစွာကြည့်တဲ့ မျက်လုံးများ ………… ခါးလိုက်တာ……….

အရွယ်မရောက်သေးဘဲ စိတ်အလိုလိုက်ပြီး မိမိဆန္ဒ နဲ့လျှောက်ခဲ့အောင်လုပ်တာ ငါတဲ့……………
ဒီလမ်းလွဲကိုရောက်လို့ ဒီလိုအဖြစ်ကြုံရအောင် ပြုခဲ့တာ ငါ တဲ့………

ဒါကြောင့် နာကျည်းစိတ်နာလို့ နောက်ဆုံးနှုတ်ဆက်ခွင့်မပြုနိုင်လို့ အကြောင်းမကြားခဲ့ကြတာတဲ့…………
စွပ်စွဲချက်တွေ ပြင်းထန်လိုက်ပုံများ ….................
အခုချိန်ထိ ရပ်ကွက်ထဲမှာ မတော်တဆ ကြုံတွေ့ရင် ခွင့်မလွှတ်နိုင်ကြတဲ့ အကြည့်တွေ………… ။
ရွေးချယ်ရာဘ၀မှာ ကျင်လည်ကျက်စားရင်း ခင်မင်တွယ်တာတဲ့ အပေါင်းအသင်းတွေရဲ့  ပြောစကားအရ နံမည်တစ်လုံး ကို နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့အကြောင်း နောက်ဆုံးထွက်သက်အထိ ဒီနံမည်တစ်လုံးကိုပဲ တမ်းတပြီး နှုတ်ဆက်သွားခဲ့တဲ့အဖြစ်ကို သိရတော့ ကြည်နူးဝမ်းနည်းမိပြီး သူ့မိသားစုအပေါ် အားနာမိရတယ်……..။

မျှော်လင့်အားထားစရာ သားတစ်ယောက်ပဲ ပါလာတဲ့ မိသားစုကို နာကျင်ကြေကွဲခြင်းတွေ ငါပေးမိပြီလား………… ငါ့ကြောင့်များလားလို့ ဒွိဟ သံသယစိတ်တွေနဲ့ အတူ
ဓါတ်ပုံမှန်ဘောင်ရဲ့ မလှမ်းမကမ်း ပန်းအိုးထဲက နှင်းဆီပွင့်မှာ ပျံထွက်ဖို့အားယူနေတဲ့ လိပ်ပြာဖြူ တစ်ကောင်ကို တိတ်တဆိတ်နှုတ်ဆက်နေမိတယ်…………

ငါ့ ကိုခွင့်လွှတ်ပါ………ဟင့်အင်း မဟုတ်ဘူး ……….ငါ့ကိုခွင့်မလွှတ်လိုက်ပါနဲ့ ……သူငယ်ချင်းရယ်…………..

ဒီလိုနဲ့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ဆီ အရောက်သွားရင်းတစ်ခါတစ်လေ … မတော်တဆ အစ်မ နဲ့ ဆုံလိုက်ရင် လောကမှာ အပြစ်ရှိတဲ့ လူသားအဖြစ်ကိုယ့်ကိုကိုယ် ခံယူရင်း  ရွက်ဟောင်းတွေမြေခပြီး ရွက်နုသစ်တွေဝေခဲ့တာ နှစ်ခါပြန်ရှိနေခဲ့ပြီ။
ညတစ်ညရဲ့  ညဉ့်လယ်မှာ လိပ်ပြာဖြူပိုင်ရှင်ကို ရုတ်တရက်မြင်လိုက်ရတာက….. ရွှေတိဂုံဘုရား အနောက်ဘက်မုခ် ရွေ့လျားစက်လှေခါး ရှိတဲ့ မုခ်ရဲ့  ဘေးစောင်းတန်းလှေခါးတလျှောက်မှာ မြင်အပ်မမြင်အပ် ကျင်လည်ကျက်စားနေသူတွေအများကြီးထဲမှာမှ ညှိုးရော်နွမ်းလျပြီး မှိုင်တွေစွာ ထိုင်နေတဲ့ လိပ်ပြာဖြူလေး တစ်ကောင်ကို တွေ့လိုက်ရတယ် ။
ကိုယ့်ကိုပြန်ကြည့်နေတဲ့ မျက်လုံးတွေကတစ်ဆင့် ကြားလိုက်ရတာက ……...........

‘ ငါ့ ကို ဒီ ရွှေတိဂုံဘုရားမှာ သင်္ကန်းတစ်စုံနဲ့ အတူ နင်ကိုယ်တိုင် ကုသိုလ်လာလုပ်ပြီး အဲ့ ကုသိုလ်ကို ငါ့ကိုပြန်မျှပေးနိုင်မလား ’

ဆိုတဲ့ တောင်းဆိုသံကြောင့်ထိတ်လန့်တကြား လန့်နိုးခဲ့ရတယ် ………. ဘုရားဘုရား ……..လိပ်ပြာလေး မလွတ်လပ်ဘဲ တောင်ပံငြိနေပါလား…………ဆိုတဲ့ အတွေးနဲ့ …................

အဆက်သွယ်ပြတ်နေတဲ့  အစ်မလုပ်သူကို ကျောင်းမှာပြန်ရှာ….အကျိုးကြောင်းပြောပြတော့ ဘာစကားမှမပြောနိုင်ဘဲ အစ်မလုပ်သူ ချုံးပွဲချငိုတာကိုရင်နာနာနဲ့ ကြည့်ခဲ့ရတယ်။

ဒီလိုနဲ့ ကျောင်းပိတ်ရက် သူ့မွေးနေ့မှာ အစ်မလုပ်သူနဲ့အတူ ဘုရားသွား ၊ ကြားသိရသလိုကုသိုလ်လုပ်ပြီး ပြန်လည်အမျှပေးဝေခဲ့တယ် ။ ညဉ့်ဦးယံချိန်ရောက်တော့ တောက်ပနေတဲ့ လိပ်ပြာဖြူတစ်ကောင် လွတ်လပ်စွာ ပျံသန်းသွားတာ တွေ့လိုက်ရတော့............

သြော်……….. ဒီတစ်ခါတော့  နှုတ်ဆက်ပြီး မှ ထွက်ခွါသွားပါလားဆိုကာ ၀မ်းသာပီတိနဲ့ အတူ ဆိုနင့်ခဲ့ရတယ်….။
အစ်မ ဖြစ်သူက အစွဲလမ်းကြီးလှတဲ့ မောင်လုပ်သူရဲ့  ကျန်ရစ်ခဲ့တဲ့ တစ်ပုံတည်းသော ဓါတ်ပုံလေးကို လက်လွှဲပေးခဲ့တာမို့ ယခုတိုင် သိမ်းထားခဲ့တဲ့ အမှတ်တရ တွေထဲမှာ ရှိနေဆဲ….မျက်ဝန်းနက်နက်လေးတစ်စုံပါ…….။

ကြာခဲ့ပါပြီ………………. အတော့်ကိုကြာခဲ့ပါပြီ………….

ဒါပေမယ့်…..တိုက်ဆိုင်မှုနဲ့ကြုံလာတိုင်း ခံစားချက်တွေ ဟာ အသစ်လို လတ်ဆတ်စွာ
ခံစားရပြီး အရှိန်ပြင်းစွားကျခဲ့တဲ့ ဇူလိုင်လ မိုးစက်မိုးပေါက်များလို ၀မ်းနည်းမှုတဖြိုင်ဖြိုင်ဖြစ်နေရမြဲပါ…….။

 ဘ၀မှာ ရှင်သန်လှည့်လည်ရင်း နှလုံးသားခံစားချက်တွေ နာကျင်ကြေကွဲထိခိုက်မှုကို ခံစားရတိုင်း အဖြူရောင် ရင်ခုန်သံကို ပြန်လည်ကြားယောင်မိခဲ့ပါတယ်။ နှုတ်ဆက်ထွက်ခွါသွားခါနီး အဖြူရောင် ရင်ခုန်သံပိုင်ရှင်ရဲ့  ခံစားချက်အမှန်ကို မသိခဲ့ရသူမို့ ကိုယ့်ခံစားနာကျင်ရတိုင်း သူများ ငါ့ နှလုံးသားကို ကျိန်စာတိုက်ခဲ့လေသလား လို့ သံသယများစွာ  ဖြစ်မိခဲ့တယ်။ ဒီသံသယတွေနဲ့အတူ ၀ဋ်ရှိရင်လည်း ကျေပါတော့ ငါ့ကိုကျိန်စာများတိုက်ခဲ့မိရင် စိတ်ကွက်မိခဲ့ရင် ပြန်လာပြီး ဖြည်ပေးပါလို့ တမ်းတစွာ သတိရမိတယ်………. သတိရမိတိုင်းလည်း ငယ်ရွယ်နုနယ်တဲ့ နှလုံးသားတစ်စုံရဲ့  မေတ္တာကို အလေးနက်မထားမိခဲ့တဲ့ စောကားသလိုပြုခဲ့မိတဲ့ မေတ္တာရဲ့  စူးရှခြင်းကို ပြန်ခံစားနေရတာလို့ အတွေးတွေနဲ့ စိတ္တဇညတွေကို ကျော်ဖြတ်နေမိတယ်။




ဒါကြောင့် ပြန်လာပါ အိမ်မက်လေးရယ် ………….

အရင်လို ငါတို့ရဲ့ ဘ၀တွေ ပြန်လည်ရှင်သန်ဖို့ ရက်စက်စွာခါးသီးခဲ့တဲ့ ည တွေထဲက ငါ့ကို ဆွဲထုတ်ပေးပါ။
ဒါမှမဟုတ် ……………ငါ့ရဲ့  လိပ်ပြာကို ဆွဲထုတ်ခေါ်ဆောင်သွားပါ ။

ငါ မွန်းကြပ်လှပြီ…………… ဇူလိုင်လတွေရောက်တိုင်း မွန်းကြပ်မှုတွေနဲ့ ငါ ကြောက်လန့်နေခဲ့တာကနေ လွတ်မြောက်ချင်ပြီ……….
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ……..................

ငါ့ကို ရူးတယ်လိုပဲပြောပါ……..ပြောချင်ပြောကြပါစေ…………..

ငါ တို့ အိမ်မက်ထဲမှာ ပြန်ဆုံကြမယ်……………




 နွေမိုးဆောင်း
28.6.2012
1:30 Am

No comments:

Post a Comment