Thursday, 22 August 2013

ကတွတ်သီး နှင့် ကတွတ်ယို


ပြည်မှာပေါ်နေတဲ့ ကတွတ်သီး၊ ကတွတ်ယို ...............

ကတွတ်သီးဟာ O သွေးပိုင်ရှင်တွေအနေနဲ့ အစားသင့်ဆုံး အသီးတစ်မျိုးထဲမှာပါတယ်

ဟု http://myatmhanlay.blogspot.com/2009/04/blog-post_28.html တွင် ဖတ်ရသည်။

တစ်ပတ်ကို ကတွတ်သီး လေးလုံးလောက်မှီဝှဲခြင်းသည် ကိုယ်ခန္ဓာရှိ pH ပမာဏကို ညှိနှိုင်းထားပြီး ရောဂါပိုးမွှားများ ၀င်ရောက်ကူးစက်ခြင်းမှ တားဆီးထားသည်။ ကတွတ်သီးမှာ ပါသည့် အမျှင်ဓာတ်သည် အင်ဆူလင် ပမာဏနှင့် သွေးတွင်း အချိုဓာတ်ပမာဏတို့ကို ကျဆင်းစေကာ ဆီးချိုဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်။

ဟု http://glorious-flower.blogspot.com/ တွင်ဖတ်ရသည်။

ဒီအချက်တွေမသိခင် ဟိုးငယ်ငယ်ကလေးက ကတွတ်ယိုထုတ်လေးတွေကို မက်မောစွာဝယ်စားဖြစ်ခဲ့တယ်။ စားလိုက်ရင် ဇီးထုတ်လို စွန့်ပစ်စရာမပါတာရယ်။ ၀ါးစားရင် ကျလိကျလိဖြစ်တာရယ် ကို သဘောကျလို့ စားဖြစ်ခဲ့တယ်။
ခု ပြည်မှာတာဝန်ကျတော့ ကတွတ်သီးပေါ်ချိန်ဆို အသီးတွေဝယ်၊ သကြားနဲ့ ကိုယ့်စိတ်ကြိုက်နှစ်သက်သလိုထိုးစားဖြစ်တယ်။ စိတ်ကြိုက်ထိုးပြီး မိသားစုအတွက်လည်းလက်ဆောင်ပေးဖြစ်တယ်။ ရောင်းတန်းကကတွတ်ယိုကိုပေးတာထက် ကိုယ်တိုင်ထိုးတဲ့ ကတွတ်ယိုကိုပေးရတာ ပိုနှစ်သက်လာတယ်။

ယိုထိုးနည်းကတော့.............

ဈေးက၀ယ်လာတဲ့ ကတွတ်သီးလေးတွေကိုတော့ သဲစင်အောင် ရေနိုင်နိုင်နဲ့ဆေးရပါမယ်။
သဲစင်အောင်ဆေးပြီးသားအသီးလေးတွေကို လိုသလို ထက်ခြမ်းခွဲ၊ သို့မဟုတ် လေးစိပ်ထိုးပြီး ယိုထိုးမယ့်
ဒယ်အိုး ( သို့ ) ဒန်အိုးထဲထည့်ပြီး အပေါ်ကသကြားဖြူးပြီး ထိုးလိုက်တာပါပဲ....။တစ်ချို့ ကတော့ သကြားကိုကြိုပြီးမှကတွတ်သီးထဲ သကြားရည်နှင့်ထိုးကြသည်။ ဤသို့ထိုးခြင်းက အချိန်ပိုကြာစေသောကြောင့်မဂျီးကတော့ သကြားကောကတွတ်သီးကော ရောထိုးလိုက်တာပဲ...........။

ကတွတ်သီးအလုံးတစ်ရာကို သကြားအစိတ်သားနဲ့ ဆားအနည်းငယ်ထည့်ပြီး ဒယ်အိုးထဲ ထည့်မွှေ၊ ရေခမ်းတော့မှ သံပုရာသီးလေးညှစ်ထည့်လိုက်တော့ အရောင်၊ အနံ့အရသာနဲ့ပြည့်စုံတဲ့ ကတွတ်ယိုလေးရသွားပြီ။ ကိုယ်တိုင်ထိုးတော့ ရေခမ်းခြောက်အောင်ထိုးတယ် ဘာဓါတုဗေဒဆေးမှမပါဘဲ ကျန်းမာရေးနဲ့ပြည့်စုံတဲ့ကတွတ်ယိုလေးဖြစ်တာပေါ့.........။

ကတွတ်သီးတွေမှာ အချိုသီးနဲ့အချဉ်သီး ဟု ၂ မျိုးရှိသည်။
ထို့ကြောင့် သကြားကို ချင့်ချိန်ပြီးထည့်သင်ပါသည်။ 





ထမင်းစားပြီး ကတွတ်ယိုလေးနည်းနည်းလောက် စားလိုက်တာနဲ့ ရင်ချောင်ပြီး အမောကိုပြေစေတယ်။

















Wednesday, 7 August 2013

ရွှေတမာ

အကယ်၍သာ သမီးလေး ခင်မာလာ မွေးဖွား၍မလာပါလျှင်လည်း ဦးထွန်းအေးအဘို့ ထိုမျှစိတ်ပူပန်မည်မဟုတ်ပေ။

    ယခုမှာမူ သမီးလေးကိုမွေးသည့်နေမှစ၍ သူသည် အစဉ်ပူပန်ခဲ့သည်။

    ယနေ့ညလိုအခါမျိုးတွင် အိပ်၍ပင်မရနိုင်လောက်အောင် စိတ်မှာလှုပ်ရှား၍နေပေသည်။ သူ့သမီးလေးသည် အသက်၂၀ပင်ပြည့်ပေတော့မည်။ ထိုအနှစ်၂၀ကာလ
ပတ်လုံး သူသည်စိတ်ပင်ပန်းမှုဝေဒနာကို အစဉ်ခံစား၍လာခဲ့ရပေသည်။

   အိပ်ခန်းမှထ၍ ဘေးတံခါးမကြီးမှ သူသည်ခြံတွင်းသို့ဆင်းလာခဲ့သည်။

မိုးဦးဖြစ်၍လေထဲတွင် မိုးသက်နံ့သည်ပါလာခဲ့လေသည်။ အိမ်ထဲတွင် ပူအိုက်သလိုဖြစ်နေပေသည်။ သူသည် စပယ်ရုံများဘေးရှိခုံတန်းပေါ်တွင်ထိုင်၍ လေကိုမှန်မှန်ရှူနေသည်။
  
မိုးသားများမရှိသေးခင် လ သည်ဝင်းပစွာသာနေသည်။ သူ့မျက်လုံးများသည် စပယ်ပွင့်များပေါ်သို့ ရောက်သွားသည်။ လ ရောင်တို့ဖြင့် ပွင့်အာလာကြပြီဖြစ်သော
စပယ်၏ ငွေဝတ်လွှာများမှာ ရက်ရက်စက်စက်ပင် လှ ပ နေပေသည်။ ချိုအေးသော ရနံ့သည် သူ့ပတ်ဝန်းကျင်ဝယ် သင်းပျံ့ နေ၏။သစ်ရွက်များလည်း ငွေရောင်တောက်၍ ဖြေးညှင်းစွာ
လှုပ်ရှား၍နေပေသည်။
     ထိုကဲ့သို့လှပသော ညများတွင် သူသည် မခင်သူနှင့် တွေ့ခဲ့သည်မဟုတ်ပါလော။ နူးညံ့ပြေပြစ်၍ ယဉ်ယဉ်လေးနှင့်ချောမွေ့သော မခင်သူ၏မျက်နှာကို လ ရောင်အောက်တွင်တွေ့ခဲ့ရလေသည်။
တီးတိုးစွာ နှီးနှောနေကြသည့် ချစ်သူစကားသံတို့မှာ ထိုစဉ်ကနှစ်သိမ့်၍မဆုံးခဲ့ပေ။
     ယခုလို စပယ်ရုံနားမှာတော့ မဟုတ်ပေ။ သူတို့နှစ်ဦးတွေ့စဉ်က မခင်သူတို့၏ခြံထဲရှိ ယုဇနပင်အောက်မှာဖြစ်ခဲ့သည်။ လ ရောင်မှာ ယုဇနရွက်များကြားမှ ကွက်၍ထင်နေသည်။ ညဉ့်၏လေတွင်
ယုဇနပွင့်ရနံ့သည်သင်းပျံ့ လှသည်။ များသောအားဖြင့် သူက ချစ်စိတ်မွှန်တတ်သည်။ မခင်သူလေး၏လိမ္မာမှုကြောင့်ပင် သူတို့ကျူးကျူးလွန်လွန် မဖြစ်ကြ။ ထိန်းသိမ်းနိုင်ခဲ့ကြသည်။
   ငယ်ရွယ်သူချစ်သူချင်း ယခုလိုတိတ်ဆိတ်သောညတွင် တွေ့သည်မှာ ချမ်းမြေ့ရွှင်လန်းဘွယ်ကောင်းသလောက်၊ ကြောက်စရာအခြေအနေဆိုးကိုလည်း ဖန်တီးပေးနိုင်သည်။
မခင်သူက ဓမ္မဆန်ပေသည်။ များသောအားဖြင့်လည်း ဓမ္မကြောင်းကိုယှဉ်၍ပြောတတ်၏။သူသည်မခင်သူ၏ပါးနုနုလေးကို သူ့ပါးနှင့်အပ်၍ ချစ်စိတ်မွှန်တိုင်းပြောချင်ရာပြောခဲ့သည်။
  မေမေတို့က သဘောမတူလဲ _ ခင့်ကိုမောင်က ရအောင်ယူမှာဘဲ။ ခုတောင်နောက်ကောလိပ်မှာ ၃-နှစ်ဘဲနေရတောပမယ်
သူသည်ဒါတွင်မက ဘယ်လောက်ချစ်ကြောင်းကိုလည်း ဋီကာချဲ့ တတ်သေးသည်။ သို့သော် မခင်သူကမူ သူ့ရင်ခွင်ထဲမှ လမင်းကိုမော်ကြည့်ရင်းပင် ဓမ္မဆန်ဆန်ပြောတတ်သည်။
လူတွေတောင်မှမမြဲကြပါဘူးမောင် ၊ အချစ်ဆိုတာလဲ သင်္ခါရပါဘဲ။ တကြိမ်တခါမှာ မုန်းချင်လဲမုန်းပေမှာပါ။ ဘယ်နဲ့လုပ်ပြီးမောင်ဟာ ခင့်ကိုတသက်လုံး ချစ်ရမယ်လို့ ခင်ကပြောနိုင်မလဲ။ ပြီးတော့လဲ ခင်နဲ့မောင်က ခုမှတွေ့ကြဒါ--မိဘဆိုဒါက တသက်လုံးပြုစုကျွေးမွေးပြီးစောင့်ရှောက်လာခဲ့ဒါ--မိဘစကားကိုတော့ဘယ်တော့မှ မလွန်ဆန်နဲ့ပေါ့
မခင်သူကထိုသို့များပြောလိုက်လျှင် သူသည်ဆတ်ဆတ်ခါနာတတ်သည်။ သူယောက်ျားပီသကြောင်း၊သစ္စာမဖောက်ကြောင်းများကို တသီကြီးပြောတတ်သည်။
ဒီလိုပြောလျှင်လဲ မခင်သူက ပြုံးပြုံးလေးပင်နေတတ်သည်။
ဒါပေမင့်--- နောက်ပိုင်းတွင် သူသည်မခင်သူအားသစ္စာဖောက်ခဲ့သည်။
မလိမ့်တပတ်လုပ်၍စွန့်ပစ်ခဲ့ပြီး နွဲ့နွဲ့ရီကိုယူလိုက်သည်။ အတိတ်များသည် တခုပြီးတခုပေါ်လာတိုင်း သူ့စိတ်လှုပ်ရှားမှုသည် ပြင်းပြလာသည်။
သူသည်ယခု ဦးထွန်းအေးဖြစ်၍ မခင်သူသည် ဒေါ်ခင်သူဘ၀ကိုရောက်၍နေပေသည်။ ပထမတော့ သူသည်မခင်သူ၏ အချစ်ကိုဖောက်ဖျက်လိုက်စဉ်က သစ်ရွက်တရွက်ချွေပစ်သလောက်ပင် စိတ်ထဲတွင် အမှတ်မထားခဲ့။
သို့သော် ခင်မာလာမွေးလာသည့်နေ့တွင်  ‘ သမီးလေး ‘ ဟုဆိုလိုက်ကထဲက ရင်ထဲတွင်ထိန်းကနဲဝင်ဆောင့်လိုက်သည်။
“ ဘုရား --ဘုရား ”   သူသည် ဘုရားပင် တ လိုက်မိသည်။ မခင်သူအပေါ်တွင် သစ္စာဖောက်ခဲ့သလို၊ မခင်သူ စိတ်ဆင်းရဲအောင်သူလုပ်ခဲ့သလို၊ သူ့သမီးလေးအပေါ်တွင် တစုံတယောက်က စော်ကားမှာကို သူအင်မတန်မှ စိုးရိမ်လာသည်။
သူ့မှာသမီးနှင့် ဖြစ်လာပေပြီ။ သူသည် ယခုတော့ တွေးခေါ်တတ်လာရပေမည်။ အခြေအနေကသူမတွေးယင်လည်းမဖြစ်တော့ပေ။ ခင်မာလာမှာ ပန်းပွင့်လေးလိုလှသည်။ သည်လိုလှလေလေ သူကစိတ်ပူလွန်းလေဖြစ်သည်။
တခါတခါတွင်လည်း ဒေါ်နွဲ့နွဲ့ရီအားသမီးအတွက်စိုးရိမ်ကြောင်းကို ပြောတတ်သည်။
  အော် ဒက်ဒီနဲ့ကွယ်--သမီးကလိမ္မာပါတယ် ”
သူ့ဇနီးမှာ ခေတ်ဆန်သူပီပီ သူ့ကိုဒက်ဒီဟုခေါ်သည်။ သူရင်ထဲတွင်ပိုဆိုးသွားသည်။ မခင်သူသည်လည်း လိမ်လိမ်မာမာနှင့် ရိုးရိုးသားသားပင်ဖြစ်သည်။
လရောင်မှာ အနည်းငယ်မှိန်သွား၍ သူ့အတွေကိုရပ်နားလိုက်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ မိုးသားတက်လာ၍ မိုးဖွဲလေးပင် တပေါက်နှစ်ပေါက် ကျလာသည်။ ထိုင်နေရာမှထပြီးလျှင် သူမချစ်တော့ပြီဖြစ်သော မခင်သူကို သတိရနေပြန်သည်။ သူသည်မိုးစိုမှာစိုး၍ မခင်သူကို ယုဇနပင်အောက်မှာ ထွေးနေတတ်သေးသည် မဟုတ်ပါလော။
သူသည် တဖြည်းဖြည်းသူဝင်ခဲ့သော ဘေးတံခါးမကြီးမှာ ရပ်၍မှေးမှိန်နေသော လရောင်နှင့် ပြင်ပကိုလှမ်း၍ကြည့်နေမိပြန်သည်။
   ဟင်     သူ့ အသံများပင် ထွက်သွားတော့သည်။ သူမြင်နေရသည်မှာ တကယ်မှပင် ဟုတ်ပါလေစ။ တကယ်တော့ တကယ်ဘဲဖြစ်သည်။
ပိတောက်ပင်အောက်တွင် ယောက်ျားလေးနှင့် မိန်းခလေးနှစ်ယောက်မတ်တပ်ရပ်၍ ဖက်ထားသည်။ တဖက်မှဝင်နေသော လရောင်ဖြင့် မိန်းခလေးကို သူကောင်းစွာ မြင်ရသည်။ မိန်းခလေးမှာ သူ့သမီး ခင်မာလာဖြစ်သည်။ ယောက်ျားပျိုသည် သူ့သမီးကိုယုယစွာနမ်း၍ အပြင်သို့ထွက်သွားသည်။ မကြာခင်ပင် သမီးလေးခင်မာလာမှာ မှောင်ရိပ်တွင် ပျောက်ကွယ်သွားတော့သည်။
သူသည် ကြိုးစား၍ အိပ်ရာခန်းသို့ ရောက်အောင်လာရသည်။ ပြီးလျှင် အိပ်ပျော်အောင် မနဲလုပ်နေရသည်။ သူရဲချောက်ခံနေရသလို ဖြစ်နေတော့သည်။
သူ့ကိုယ်သူ ၀ဋ်လည်ပြီဟု ထင်နေသည်။
   ဘုရား သိကြားမလို့ မခင်သူအပေါ် ငါစော်ကား မိတာတွေတော့ သမီးလေးအပေါ် မကျရောက်ပါစေနဲ့ 
သူသည် ကတုန်ကယင်ပင်ဆုတောင်းနေမိသည်။ ­
                                x                               x                           x
ဒေါ်ခင်သူ၏ခင်ပွန်းမှာ ဦးအောင်ကျော်ဖြစ်သည်။ Collective Farming ကို ပုံဖော်နိုင်ရန်အတွက်
ဦးအောင်ကျော်မှာ သူငယ်ချင်းများနှင့် စုပေါင်း၍ လုပ်ငန်းတခုကို တည်ထောင်ထားသူဖြစ်သည်။
  ပြည်သူ့ကောက်ပဲသီးနှံ ရောင်းဝယ်ရေးလီမိတက်      တွင်မန်နေဂျာဖြစ်ပေသည်။ သူတို့သည်ဆန်စပါးတွင်မက ကြက်ငှက်မွေးမြူရေးနှင့် ရှမ်းပြည်တွင် စည်သွပ်ဘူးလုပ်ငန်းများလုပ်ကိုင်ရာတွင် အတော်တိုးတက်လာပေသည်။ သူသည် လယ်သမားတွေနှင့်လည်း ရောနှောနေသည်။ ကျွဲနွားတွေနှင့်လည်း နေတတ်သည်။
ယနေနံနက်မှာ တနင်္ဂနွေနေ့ဖြစ်သော်လည်း ဦးအောင်ကျော်သည် အစည်းအဝေးတခုအတွက် မနက်အစောကြီးပင် သွားစရာရှိလေသည်။
သူအ၀တ်အစားလဲနေစဉ်တွင် ဒေါ်ခင်သူသည် အနီးသို့ရောက်လာလေသည်။
ဒေါ်ခင်သူမျက်နှာကြည့်ရသည်မှာ နွမ်းနယ်နေပုံရသည်။
   ခင် ညတုန်းက အိပ်လို့မရဘူးလား ”
ဒေါ်ခင်သူမှာ ညက တကယ်ပင်အိပ်၍ မရပေ။
  ဟုတ်တယ် အကိုကြီး၊ သားအကြောင်း စဉ်းစားနေမိလို့ပါ ”
  ခင်ကလဲကွာ  သားက  မငယ်တော့ပါဘူး ။ သူ့ သူငယ်ချင်းအိမ်မှာ အိပ်မယ်ဆိုရင် အိပ်မဲ့အကောင်ပါ။ ညကလယ်မှာ မဟုတ်ပါဘူး။ သူပြန်လာလို့ အိပ်ချင်နေသေးယင်လဲနေပေစေ။
မအိပ်ရင်တော့ ၉ နာရီလောက် ကျယင် ကားနဲ့အကိုကြီးဆီ လွှတ်လိုက်နော်။ အကိုကြီးခုတော့လမ်းလျှောက်သွားမယ် ”
ဦးအောင်ကျော်သည် အ၀တ်အစားလဲပြီး ထွက်သွားတော့သည်။ ဒေါ်ခင်သူမှာ ခြံအတွင်း လမ်းလျှောက်ရင်းပင် သားအကြောင်းကိုစဉ်းစားနေမိသည်။ အထူးသဖြင့် ညက ဦးထွန်းအေးကို တညလုံး သတိရနေသည်ဆိုလျှင် ပိုမို၍မှန်ပေလိမ့်မည်။
  ခင်ရာ တခါတော့ အတွေ့ခံစမ်းပါ။ မောင့်သူငယ်ချင်း အိမ်မှာ ဘုန်းကြီးဆွမ်းကျွေးရှိတယ်ဆိုပြီး၊ မောင်ညဘက် သူငယ်ချင်းအိမ်မှာအိပ်ရင်း ခင်နဲ့လာတွေ့မယ် 
ဦးထွန်းအေးသည် သူ့ကိုဒီလိုဘဲ ပြောခဲ့သည်။ မိဘများကိုလည်း ဆွမ်းကျွေးကိုအကြောင်းပြ၍ အိမ်မှထွက်လာတတ်သည်။ သူ့သားလေးရော ညကများ သူ့ချစ်သူဆီ သွားနေမည်လား….
ဦးထွန်းအေး၏သစ္စာဖောက်မှုကြောင့် ဦးထွန်းအေးအား ကြိုးစား၍မေ့ဖျောက်ပစ်ပေမင့် ဒေါ်ခင်သူအဖို့မှာ တသက်သက်ပင်ဖြစ်နေလေသည်။
သားဦးလေးပင် အသက် ၂၄ နှစ်ကျော်ခဲ့၍ ယခုနှစ်ဆို Bs.c အောင်တော့မည်။ သူကတော့ ဦးထွန်းအေးကို မမေ့နိုင်ပေ။ ဒေါ်ခင်သူမှာ တနည်းအားဖြင့် ကံကောင်းသူဆိုရမည်။ ဦးအောင်ကျော်က သူ့အားငုံထားမတတ် ချစ်ရှာသည်။မခင်သူအပေါ်မှာ သစ္စာရှိပေသည်။ တကယ့်ယောက်ျားပီသပေသည်။
  ခင်ရယ်….ကိုယ့်ကိုမှ သူကမချစ်တော့ဘဲဟာ၊ သိပ်စိတ်ဆင်းရဲမခံပါနဲ့ကွာ 
ဒေါ်ခင်သူတခါတလေ ငိုင်၍နေလျှင် ဒီလိုဘဲ ဦးအောင်ကျော်က ပြောတတ်သည်။ ဦးအောင်ကျော်သည် ဒေါ်ခင်သူဖြစ်ခဲ့သမျှကို အားလုံးသိသူဖြစ်သည်။
    မေမေ 
သားခေါ်သံကြား၍ အတွေးရပ်ကာ ဒေါ်ခင်သူမှာ ခြံဝသို့လှမ်းကြည့်လိုက်၏။
  ဟော --- သားပြန်လာပြီလား ”
ဒေါ်ခင်သူသည် ရှေ့ သို့တိုး၍ သားကိုဖက်လိုက်သည်။
  ဖေဖေရော မေမေ---ကိုအေးဖေတို့သားကိုလိုက်ပို့တယ်။ ခြံဝကပဲပြန်လွှတ်လိုက်တယ်။ သူတို့ဧည့်သည်တွေလိုက်ပို့ရအု့းမယ်  ” စကားပြောနေသောသားမျက်နှာကို ဒေါ်ခင်သူက အကဲခတ်သလိုကြည့်၏။
 ဖေဖေ အစည်းအဝေးသွားတယ်။ ဒီနေ့ မေမေနို့ထမင်းကျိုထားတယ်----ကဲ---ကဲ---လာ   
ဒေါ်ခင်သူသည် သားကိုထမင်းစားခန်းသို့ခေါ်သွားသည်။ နို့ထမင်းနှင့်ကော်ဖီပြင်ခိုင်း၍ သူ့သားအနီးမှာ သူထိုင်နေသည်။
နံနက်ခင်း၏ နေရောင်ခြည်မှာ ပြတင်းမှဝင်၍ အခန်းထဲတွင်လင်းနေသည်။
နံနက်ခင်း၏နေရောင်ခြည်သစ်လို သူ့သားမျက်နှာသည် တောက်ပနေသည်ဟုထင်သည်။ စားပွဲပေါ်မှ နှင်းဆီဖြူကဲ့သို့ သူ့သားမျက်နှာသည် နုပျိုလန်းဆတ်သေည်ဟု သူကထင်သည်။
ကျော်သူသည် နို့ထမင်းသောက်ရင်း တချက်မျှသမ်းလိုက်သည်။
  သား ညကကောင်းကောင်း မအိပ်ရဘူးထင်တယ် ”
ဒေါ်ခင်သူကမေးလျှင် ကျော်သူသည် ရုတ်တရက်မျက်နှာပျက်သွားရာမှ ဣနြေ္ဒဆယ်ကာ ပြန်ပြော၏။
  အိပ်ရပါတယ် မေမေ၊ မနက်ကတော့ ၄ နာရီလောက် ထရလို့ပါ ”
ဒေါ်ခင်သူ စိတ်ထဲမှာထင့်သွားတော့သည်။ ဟုတ်ပါသည် ညက သူ့သားသည် အိပ်ရမည်မဟုတ်ပေ။
  ခင်နဲ့တွေ့တဲ့ညဆို နောက်နေ့မနက်ကျ  သိပ်အိပ်ချင်ဒါဘဲ၊ ဒါပေမင့် မောင့်မှာတနေလုံး ဟန်ဆောင်နေရတယ်။ နေ့ခင်းအိပ်ယင် မေမေတို့က ညကအိပ်ပျက်လားဘာလား စစ်မှာစိုးလို့ 
ဦးထွန်းအေးနှင့်သူ့တုန်းက ဒီလိုဘဲဖြစ်ခဲ့သည်။ ခေတ်များပြောင်းလဲကြသည်နှင့်အမျှ ၀တ်စားတန်ဆာ အနုပညာများ ဂီတများပြောင်းလဲသွားကြမည်ဖြစ်ပေသည်။
ချစ်ခြင်းဆိုသည်မှာတော့ ပြောင်းလဲပေလိမ့်မည်မဟုတ်။ ဦးထွန်းအေး နှင့်ဒေါ်ခင်သူငယ်စဉ်က ချစ်ကြသလိုပင်၊ ကျော်သူသည်သူ့ချစ်သူနှင့် ချစ်ပေလိမ့်မည်။
  ကဲပါလေ----သားခဏမှိန်းလိုက်ယင် ကောင်းမယ်။ မေမေတော့ မင့်ဖေဖေဆီ ကားနဲ့သွားကြိုဘို့ ၀င်းမောင်ကို ပြောလိုက်အုံးမယ် 
ဒေါ်ခင်သူသည် နောက်ဘက်လှေခါးမှ ခြံထဲသို့ဆင်းသွားသည်။
   ညက သိပ်လှဒါ။ လ ကလဲ ၀င်းနေဒါဘဲ ၊ သားမျာတော့ ချစ်သူရှိနေပါပြီလေ----  ” ဒေါ်ခင်သူသည် တယောက်တည်း တွေးတော့သည်။ ကားလွှတ်ပြီး၍ အိမ်ထဲသို့ပြန်လာ၏။
သူ့သား အိပ်နေသောအခန်းသို့ဝင်သွားမိသည်။ ကျော်သူသည်မအိပ်သေး စောင်ခြုံ၍ ပက်လက်လှန်နေသည်။ ပြတင်းမှလေအေးများလည်း အထဲသို့ဝင်နေလေသည်။
ညက ခင်မာလာနှင့် တွေ့ခဲ့သော အချိန်များသည် သူ့နှလုံးသားကို ရိုက်ခတ်နေသည်။ မျက်စိမှိတ်လိုက်တိုင်း ခင်မာလာ၏ ပါးဖြူဖြူနုနုလေးကို မွှေးခဲ့ရပုံများမှာ ထင်ထင်ရှားရှားပေါ်လာသည်။ သူသည် စောင်ကိုလှစ်၍ မျက်လုံးဖွင့်လိုက်၏။
“ မေမေ “       သူလန့်သွားသလို အော်လိုက်၏။
ဒေါ်ခင်သူမှာ သူ့ဘေးတွင် မားမားကြီးရပ်နေသည်။
  သားတော့ အိပ်နိုင်မှာ မဟုတ်ပါဘူးကွယ် 
ဒေါ်ခင်သူက ပြုံး၍ပြောလိုက်၏။
ကျော်သူသည် မလုံတော့ပေ။ မျက်နှာသည်ည်း မထားတတ်သလိုဖြစ်လာတော့၏။ မော့ကြည့်လိုက်တိုင်း မေမေ၏ ပြုံးပြုံးကြိးဖြစ်နေသော မျက်နှာမှာ “ သားညကဘာလုပ်သလဲဆိုဒါ မေမေ သိပါတယ် ” ဟုပြောသလိုဖြစ်နေတော့သည်။ သူသည် ငုတ်တုတ်ထထိုင်လိုက်၏။
  မေမေ 
သူ့ဘေးတွင် ဒေါ်ခင်သူမှာထိုင်နေသည်။
  သားမှာ ချစ်သူရှိနေပြီ 
ဒေါ်ခင်သူက မတုန်လှုပ်ပါ။ နကိုကပင် ရိပ်မိပြီးဖြစ်သည်။
  အေးပေါ့ -----ဘယ်သူလဲ----ရှေ့ နှစ်ဆို သားလဲ ကျောင်းထွက်ရမှာဘဲ 
   သားယူမဲ့ မိန်းမက ခင်မာလာတဲ့။ လယ်ဝန်ဦးထွန်းအေး သမီးဘဲ 
   ကိုထွန်းအေး သမီး ဟုတ်လား 
 ဒေါ်ခင်သူမှာ ဒီတခါတော့အတော် တုန်လှုပ်သွားသည်။ ယခုဘ၀တွင် တဖန်ပြန်၍ မျက်နှာ်ချင်းသော်မှ မဆိုင်လိုတော့ပြီဖြစ်သော ကိုထွန်းအေး၏ သမီးကိုမှ သူ့သားက သွား၍ ချစ်မိပေသည်။
  သား ဖေဖေလာတော့တိုင်ပင်သေးဒါပေါ့လေ ”
ဒေါ်ခင်သူသည် အခန်းတွင်းမှထွက်လာသည်။
ဦးအောင်ကျော်ပြန်လာ၍ ထမင်းကျွေးနေရသော်လည်း သူစိတ်မပါလှပေ။ ထမင်းစားပြီး ပြီးချင်း သူ့အိပ်ခန်းကို တက်လာတော့သည်။ ဦးအောင်ကျော်မှာ နောက်မှဝင်လာ၍ ဒေါ်ခင်သူနှင့်အတူ ကုတင်ပေါ်မှာထိုင်လိုက်သည်။
    ခင် -- နေမကောင်းပြန်ဘူးလား 
   ကောင်းပါတယ်၊ အိပ်ချင်လို့ 
   ခင်က သားကို အစိုးရိမ်လွန်ဒါကိုး။ သားအိပ်ပြီလား ”
   ဟုတ်တယ် 
ဒေါ်ခင်သူသည် စောင်တထည်ခြုံကာ လှဲအိပ်ရင်း ပြတင်းဘက်ကိုငေးနေသည်။
  သားမှာချစ်သူရှိပြီ  အကိုကြီးရဲ့  ။ သူရှေ့ နှစ်ဆန်းမှာ လက်ထပ်ချင်တယ်ထင်ပါရဲ့  ။ ညကခင်ပြောဒါ မမှန်ဘူးလား။ သူ မအိပ်ဘူး 
  ဘာကွဲ့  --- သားကမအိပ်ဘူး  
ဦးအောင်ကျော်သည် ဒေါ်ခင်သူပခုံးကို ဆွဲ၍ မေးလိုက်သည်။
  ဟုတ်တယ်----ဒီလောက်လှတဲ့ညမှာ သားဟာ ခင်မာလာကိုသွားတွေ့ဒါပေါ့။ ခင်မာလာက ကိုထွန်းအေးသမီးတဲ့။ ခင်တော့ဖြင့် ခလေးတွေကို သနားတယ်။ ကိုထွန်းအေးကိုတော့ မျက်နှာချင်းမဆိုင်ချင်တော့ဘူး 
ဦးအောင်ကျော်သည် အတန်ကြာငြိမ်သက်နေရာမှ သူ့ဇနီးကို ဆွဲယူပွေ့ရင်း
  ခင်မာလကို အကိုကြီးမြင်ဘူးပါတယ်။ ပညာလဲတော်သားဘဲ။ လိမ်မာပါတယ်တဲ့။ သတင်းတော့ကြားဘူးပါတယ်။ သားကမေတ္တာရှိနေဘီဘဲကွယ်။ ခင်ရယ်……တခုစဉ်းစားစမ်းပါ။   ကိုထွန်းအေးက ခင့်ကိုသစ္စာဖောက်ပြီး နွဲ့နွဲ့ရီကိုယူသွားတုန်းက ခင်ဘယ်လောက်စိတ်ဆင်းရဲရသလဲ။
သူ့မိဘတွေဘက် လိုက်သွားတာဘဲမို့လား ။ ခုလဲ သားကများ မယူယင် ခင်မာလာ ဘယ်လောက်စိတ်ဆင်းရဲရှာမလဲ။ ခင်စဉ်းစားလေ။ တို့များဟာ တရာမျှတတဲ့ မိဘဖြစ်အောင် ကြိုးစားရမှာဘဲ ခင် 
ဒေါ်ခင်သူသည် ငြိမ်သက်၍ပင်နေ၏။
                         ­x                                    x                                  x
ဦးထွန်းအေး၏ ဂဏာမငြိမ်မှု ရောဂါမှာ အိပ်ရာထဲကပင် ထ၍မရပေ။ နေ့ခင်း ၁၂ နာရီထိုးလေပြီ။ သူ့အမိန့်အတိုင်း ဒေါ်နွဲ့နွဲ့ရီမှာ သမီးကိုစစ်ဆေးနေသည်။ မကြာခင်ပင်သူ့ဇနီးသည် အခန်းထဲသို့  ဓါတ်ပုံတခုကိုကိုင်ရင်းဝင်လာသည်။
  ကဲ---ဒက်ဒီရယ်---စိတ်သိပ်ပူမနေပါနဲ့။ ထစမ်းပါအုံး…. 
ဦးထွန်းအေးကို အိပ်ရာမှ အသာဆွဲထူလိုက်သည်။
  ဒီမှာ---ဒက်ဒီ့ သမက်လောင်း ကြည့်စမ်း။ မာမီအကုန်စုံစမ်းပြီးပြီ။ မန်နေဂျာ သူဌေးကလေး ဦးအောင်ကျော် ဒေါ်ခင်သူ ရဲ့ သားပေါ့ 
ဦးထွန်းအေးသည် ဓါတ်ပုံကိုကိုင်ရင်း တုန်သွားသည်။ မေးရိုးကားကားနားရွက်ကြီးကြီးနှင့် မျက်လုံးမျက်ဖန်ကောင်းသည်။ အမေတူသားပင်ဖြစ်လေသည်။
  ကောင်လေးက သူ့မိတွေကို ရှေ့ နှစ်ဆန်းမှာ လက်ထပ်ဘို့ပြောမယ်တဲ့ ဒက်ဒီမပူနဲ့တော့။ ဒီကောင်လေး ရိုးတာ တော်တာ ပိုက်ဆံရှိတာတွေဟာ အန်တီမြင့် စာရင်းထဲမှာ ရှိပြီးသားပါ။ 
အန်တီမြင့်ဆိုသော အဒေါ်ကြီးမှာ လူဂုဏ်တန် မုဆိုးမကြီးဖြစ်သည်။ အထက်လွှာသားသမီးများကို စာရင်းလုပ်၍ ဖလှယ်ပေးနေသော မိန်းမကြီးဖြစ်သည်။ B.C.S.Class I, Class II များကိုလည်း သူ့စာရင်းထဲတွင် တွေ့နိုင်လေသည်။
ဦးထွန်းအေးသည်း ယခုထိ လှုပ်မရ။ သို့သော် စိတ်တော့အနည်းငယ်အေးသွားလေသည်။ သူ့လိုစော်ကားမည့်သူ မဟုတ်သည်ကိုပင် ၀မ်းထဲမှာ ကျိတ်၍၀မ်းသာမိသည်။
  အေးလေ ဦးအောင်ကျော်နဲ့လဲ ဒက်ဒီနဲ့ခင်သားဘဲ။ စုံစမ်းသေးတာပေါ့ မာမီ 
  အံ မယ်----ဒက်ဒီရယ်---အန်တီမြင့်လက်လွှဲလိုက်ရင် ပြီးတဲ့ကိစ္စပါ 
ဦးထွန်းအေးကမူ လက်ထဲမှ ဓါတ်ပုံကို ခုထိမချသေးပေ။
  မခင်သူနဲ့တူလိုက်လေကွယ်    သူသည် သူ့ဇနီးကိုပင်ပြောနေလေသည်။
ဒေါ်ခင်သူတို့က ဆင်းရဲသူများ မဟုတ်ပေ။ ခင်မာလာ နှင့် မောင်ကျော်သူ လက်ထပ်ရေးမှာ ချောမော၍လာလေသည်။ ယနေ့စေ့စပ်သည့်နေဖြစ်လေသည်။ ပရိသတ်များ အသီးသီးထပြန်သွားကြလေပြီ။ ဦးအောင်ကျော်မှာလည်း ဒေါ်နွဲ့နွဲ့ရီနှင့် စကားလက်ဆုံကျနေသည်။
ဒေါ်ခင်သူသည် ယွန်းသေတ္တာငယ် တခုနှင့်စာတအိတ်ကို ဦးထွန်းအေးအား ပေးခဲ့၍ နှုတ်ဆက်ကာထွက်လာခဲ့သည်။
  ကဲ---အကိုကြီးရေ…..ခင်တို့ပြန်ကြအုံးစို့။ ခွင့်ပြုပါအုံးဒေါ်နွဲ့နွဲ့ရီ 
ဒေါ်နွဲ့နွဲ့ရီမှာ ပြုံး၍ ကျန်ရစ်သည်။ ဦးထွန်းအေးသည် ကားပေါ်သို့တက်သွားသော ဒေါ်ခင်သူ ဇနီးမောင်နှံကို ငေးနေသည်။ ဦးအောင်ကျော်၏ မေတ္တာစစ်ကို ခိုလှုံရသော ဒေါ်ခင်သူမှာ လန်းဆးတ်နုပျိုလျက်ရှိသေးသည်။
ရိုးသားသော အလှသည် ဘယ်တော့မှ မရိုးဆိုသလိုပင်၊ ဒေါ်ခင်သူသည် မရိုးသော အလှဖြင့် လှနေပေသေးသည်။
ဦးထွန်းအေးသည် အိပ်ခန်းသို့ဝင်လာ၍ သေတ္တာလေးကိုဖွင့်လိုက်သည်။ အထဲတွင် စာများဖိုင်တွဲလျက်တွေ့ရသည်။ ငယ်စဉ်က သူရေးခဲ့သော ‘ ချစ်သမျှကို ‘ စာများ--ဖြစ်လေသည်။ တော်ပေသည်။ သူကတော့ မခင်သူ စာများကို မီးမြှိုက်ပစ်ခဲ့လေသည်။ စာများအောက်မှ သူလူပျိုတုန်းက ဓါတ်ပုံဖြစ်သည်။
သူသည် နောက်ဆုံးလက်ထဲရှိ စာအိတ်ကို ဖောက်၍ ဖတ်လိုက်သည်။ စာရွက်ပေါ်တွင်ကား ဒေါ်ခင်သူ လက်ရေးဖြင့်
                           မဲဇလီပင်ပျိုအောက်
                           ပေါက်လာတဲ့ ရွှေတမာ
                           ခါးချက်ကနာ
                           ရေစီးရယ်တခါ
                           ရေသာရယ်တလှဲ့ 
                           သူများလို တို့မရိုင်းတယ်
                           တိုင်းသိပါရဲ့  ။
ထိုကဗျာကလေးဘဲ ပါလာလေသည်။
   ရေးတော့ မခင်သူ ----ရေးတော့------ရေးနိုင်ပါတယ်။ မောင်က ခါးခဲ့မိပေတာကိုး 
သူသည် ကြေကွဲစွာပင် ပြောလိုက်ပါသည်။

  ခင်နှင်းယု                                                                                     ၁၉၅၃ - ဧပြီလ
( ကြေးမုံရိပ်သွင် ) ၀တ္ထုတိုများ
မှတ်ချက်=== ဆရာမကြီးဒေါ်ခင်နှင်းယု၏ (စာပေဗိမာန်ဆုရ ကြေးမုံရိပ်သွင် ၀တ္ထုတိုများစာအုပ် ) ဒုတိယအကြိမ် ထုတ်ဝေသော စာအုပ်ထဲမှ မူရင်းအရေးအသားတိုင်း ပြန်လည်ကူးယူထားခြင်းဖြစ်ပါသည်။ ယနေ့ခေတ်မြန်မာစာလုံးပေါင်းသတ်ပုံနှင့်ကွဲလွဲနေသည်များလည်း ရှိပါသည်။ ထိုခေတ်ကသုံးနှုန်းသောအရေးသားကို သိရှိစေလိုသောကြောင့် ပြင်ဆင်ခြင်းမရှိဘဲ ကူးယူခြင်းဖြစ်ပါသည်။


ဒေါင်းလုတ်လိုချင်သူများအတွက် အောက်မှာလင့်ခ်ပေးထားပါသည်။

http://www.mediafire.com/download/3cqhu3vwmbb3zub/shwe_ta_mar1.pdf




Sunday, 14 July 2013

မြွေနိမိတ်...............

ဒီနေ့ ကျောင်းထဲမှာ ထူးခြားမှုအနေနဲ့ မြွေနှစ်ကောင်တွေ့ရတယ်..............
ဂိတ်ဂျူတီကျနေတဲ့အချိန်
နေ့လည်၁၀း၄၀လောက်မှာ ၀န်ထမ်းအစ်မကြီးမတင်ဝင်းဆီက မြွေကြီးမြွေကြီးလို့အော်သံကြားတာနဲ့
ဘယ်မှာလည်းလို့အပြေးလေးသွားကြည့်တော့ လားလား..........နည်းတဲ့မြွေကြီးပါလား ရှည်တာလည်း
အရှည်ကြီးပဲ..........မဂျီးလက်နှစ်ဖက်ဘေးကိုဆန့်ထားတာထက်ကိုပိုရှည်တဲ့မြွေကြီး .......လူသံကြားတော့
သူလည်းအလန့်တကြားထွက်ပြေးသွားတယ် မြက်တောထဲကိုပေါ့.....
ဝန်ထမ်းအစ်မကြီးတွေနဲ့အတူ မဂျီးလည်းနောက်က တကောက်ကောက်လိုက်မိတယ်.....မလှမ်းမကမ်း သဲသဲကွဲကွဲမြင်ရတဲ့
အကွာအဝေးကနေလိုက်ကြည့်မိတယ်..............အမယ် မောင်မင်းကြီးသားက မြက်တောထဲကနေ
ခေါင်းလေးအသာထောင်ကြည့်တော့ လိုက်ကြည့်တဲ့သူအားလုံး ကိုယ်ရှိန်သပ်ပြီး ခေါင်းထောင်တယ်ဟ......ဒါဆို  မြွေဟောက်လို့ သတ်မှတ်လိုက်ကြတယ်။
မဂျီးလည်းအသေချာမမြင်လိုက်ဘူးလေ   ဘာမြွေလည်းမသိဘူး ဆိုတဲ့အတွေးနဲ့ အသာသူ့နောက်ကထပ်ကြပ်မကွာလိုက်ကြည့်တော့......
မြက်ထူထူနေရာမှာ သူက နောက်တစ်ခေါက်ခေါင်းလေးထောင်ကြည့်တော့ ဒီတစ်ခါ မြွေဟောက်အမှတ်အသားဖြစ်တဲ့ လည်ပင်းကအမှတ်မတွေ့ဘူး 
အာ..........ဒါ မြွေဟောက်မဟုတ်ဘူး လင်းမြွေနေမှာ ဆိုပြီး ပိုချစ်ခင်စိတ်ဝင်သွားတယ်
မြွေဟောက်ဆို နည်းနည်းတော့ကြောက်တယ် လင်းမြွေဆိုရင်တော့ မကြောက်ရေးချာမကြောက်
လင်းမြွေက သဘောကောင်းတဲ့မြွေလေ........လှလည်းအင်မတန်လှတယ်....
မုံရွာတုန်းကအဆောင်ပတ်ပတ်လည်မှာ ကင်းစောင့်တတ်တဲ့လင်းဝါကြီးကိုသတိရလိုက်မိတယ်......
သူ့ကိုနံမည်ပေးထားတယ် မြွေမင်းသားလို့.........အပျိုဆောင်ဆရာမတွေအဆောင်မှာလာပြီးစောင့်ရှောက်လို့
အမယ် သူက ရာသီဥတုပူရင် ဆရာမတွေရေချိုးတဲ့ရေကန်မှာခွေခွေလေးအပူငြှိမ်းနေတာလေ...........
အေးရာအေးကြောင်း သူကဟိုဘက်ခြမ်းမှာခွေ ကိုယ်ကဒီဘက်ခြမ်းမှာ အ၀တ်လျှော်ရေချိုးနဲ့ ဟုတ်လို့............ဟိ
(အမှန်ကသူရှိမှန်းမသိဘဲ တစ်ပွေထဲ ရေသူမလုပ်ပြီးသီချင်းတွေအော်ဆိုနေတာ ဒင်းကဟိုဘက်ကနားထောင်ပြီးဇိမ်နဲ့နှပ်......
ကိုယ်ပြီးလောက်ပြီဆိုမှ သူက ရှလောဆိုပြီး...........ထွက်သွားတာလေ နားငြီးတဲ့ဒဏ်မခံနိုင်လို့ထင်ပါ့.......... ဟိ )
သူသွားပုံက ယိမ်းနွဲ့ ပြီးဘယ်လိုကြည့်လို့ကောင်းမှန်းကိုမသိဘူး......
ရှည်လွန်းတဲ့  ကိုယ်ထည်ပြည့်ပြည့် ဖြိုးဖြိုး နဲ့ မြီးတန်သွယ်သွယ် ယိမ်းနွဲ့ပြီး ခေါင်းလေးမော့မော့နဲ့သွားတာ သိပ်လှတယ်....
နေရောင်အောက်မှာ ပြေးသွားလိုက်တာများ......မည်းနက်ပြီးပြောင်နေတာပဲ.........
အုပ်ကြွပ်မိုးအကျိုးပဲ့ ပုံထဲဝင်တိုးလိုက်ပြီး သူ့ကိုယ်လုံးကြီးကို ဖွက်ထားတာတဲ့လေ....
သန့်ရှင်းရေးဝန်ထမ်းဦးလေးကြီးလာပြီး အုပ်ကြွပ်မိုးအကျိုးပုံကို ဖွလိုက်တော့ သူက ဟိုဘက်ဝင်း စစ်တပ်ဝင်းထဲ ၀င်ပြေးတာများ ......သနားစရာ...............
စိတ်ထဲမကောင်းလိုက်တာ......ကိုယ့်အိမ်သားသူများအိမ်နောက်ပါသွားသလိုခံစားလိုက်ရတယ်......
အဖြစ်ပျက်က ၅ မိနစ်လောက်အတွင်းမှာ ဖြစ်ပျက်တွေ့ကြုံလိုက်ရတာမို့ အဆောင်ပြန် ကင်မရာယူပြီးမရိုက်လိုက်ရတာနာလိုက်တာလို့ တဖွဖွပြောနေမိတယ်.......
နေ့လည်ထမင်းစားချိန်အဆောင်ပြန် ထမင်းစားတော့ မျက်စေ့ထဲကမထွက်ဘဲ  သူ့ပြေးဟန်နဲ့ သွားဟန်ကို ..........မြင်နေမိတယ်.....
တွေ့သမျှလူတွေကိုလည်းပြောပြနေမိတယ်........မြွေကြီးကအရှည်ကြီးပဲသိပ်လှတာပဲ........လို့ပေါ့.......
ကြားတဲ့လူတွေကတော့ စိတ်ထဲကနေ မဂျီးကိုဂေါက်နေလားမသိဘူးလို့ထင်မှာသေချာတယ်.....
တစ်ဆက်တည်းမှာပဲ မှန်ပုံးလေးနဲ့ သူ့ကိုမွေးထားချင်စိတ်ပေါက်လာတယ်................
နေ့လည်ထမင်းစားပြီးကျောင်းပြန်မတက်ခင် အဆောင်ကနေ ကျောင်းပေါ်ပြန်တက်လာလည်း  သူ့ပဲမြင်ယောင်နေတုန်း............


ညနေမစောင်းတစောင်းမှာ ထပ်ပြီး အဲ့ဘက်ကိုယောင်လည်လည်ထွက်မိတော့.........မတင်ဝင်းကပဲ အနှင်း မြွေကြည့်အုံးမလားလို့မေးတာနဲ့
ဟင်.............ဟိုမြွေပဲလား ထပ်တွေ့တာလားလို့ စပ်စုအတွေးနဲ့ ရောက်သွားတယ်............
မရောက်ခင်စပ်ကြားလေးမှာပဲ သန့်ရှင်းရေးတစ်ယောက်ရဲ့  တုတ်နဲ့မြေကြီးကိုတဖုန်းဖုန်းရိုက်နေတာမြင်တော့
အာ.......... သတ်နေတာလား ရိုက်နေတာလားလို့ ပြောပြောပြေးပြေးသွားမိတာ မမှီတော့ဘူး............
ခေါင်းကိုရိုက်ထားလို့ သွေးမထွက်ဘဲ  ငြိမ်သက်နေတဲ့ မြွေလေးတစ်ကောင်...........ခုဏက လင်းမြွေကြီးမဟုတ်တော့ဘူး
ဘာမြွေလည်းလို့မေးတော့.........မြွေလက်ပတ် တဲ့ ( စာလုံးပေါင်းမှားချင်မှားလိမ့်မယ် )
သန့်ရှင်းရေးအစ်မကြီးတစ်ယောက် မြက်နှုတ်လိုက်တာ သူ့ခိုက်မိလို့ အဲ့အစ်မကြီးလက်ကိုထိသလားမထိသလားမသိလိုက်ဘူးဆိုတဲ့
ပြောသံတွေတော့ ကြားနေရတယ်....
သူ့တွေ့တဲ့နေရာကလည်း ခုဏက လင်းမြွေကြီး ခဏ ၀င်ပုန်းတဲ့ အုပ်ကြွပ်မိုးအကျိုးပဲ့ ပုံမှာပဲ.............
စိတ်ထဲ တော်တော်တော့မကောင်းဖြစ်သွားတယ် သူတို့ကလည်း အန္တရာယ်ရှိတဲ့မြွေဆိုးမျိုးဝင်မို့ ရိုက်သတ်လိုက်တာပါတဲ့ ..........
နောက်ပြီး သန့်ရှင်းရေးအစ်မကြီးထိ မထိကလည်းမသိသေးဘူးလေ.......
ခေါင်းကချွန်ပြီး  အမြီးကတုတ်တိုနေတာကိုး................
ဒါနဲ့ ဒီထက်မရိုက်ပါနဲ့တော့ ပစ်လည်းမပစ်ပါနဲ့အုံး ကင်မရာယူပြီးဓါတ်ပုံရိုက်ထားပါရစေဆိုပြီး အဆောင် အမြန်ပြန်ပြီး ကင်မရာယူ အပြေးအလွှားရိုက်ယူရတယ်...
နေကလည်းနည်းနည်းပူနေတော့ အလင်းပြန်လို့ အရိပ်ထဲရွှေ့ပြီး သေချာမှတ်တမ်းတင်မိတယ်...........









(အသက်မရှိတော့တဲ့ မြွေလေးကိုလက်ကကိုင်ပြီးမရိုက်လိုက်မိဘူး.........ထပ် နာပြန်ပြီကွာ...)
ကိုယ်ထည်ကနေ့လည်မှာတောင် ခရမ်းရောင်ပြေးနေပြီး သိပ်လှတယ်...........
အကွက်စိပ်စိပ်လေးတွေနဲ့ အသေချာအနီးကပ်ကြည့်ရင် အကြေးကွက်လေးတွေက အသည်းပုံလေးတွေလည်းပါတာတွေ့ရတယ်.......
မယုံရင်အနီးကပ်Zoomဆွဲကြည့်......
ငါ့ဝမ်းပူဆာမနေသာလို့ အစာရှာထွက်တာ အစာတောင်မကြေသေးဘူး ဇိဝိန်ကချုပ်ရှာတယ်...............
စိတ်ထဲကနေ ပြုထားသမျှလေး ကမန်းကတန်းအမျှတန်းပေးဝေမိတယ်.......
သနားလိုက်တာ စိတ်ထဲလေးလေးပင်ပင်နဲ့ ပျော်ရွှင်တဲ့စိတ်တွေမရှိတော့ဘဲဖြစ်သွားတယ်..............

သူ့ကို မဂျီးတို့ အဆောင် ရေချိုးကန်နားမှာ ညည ခဏခဏတွေ့ရတယ်.........အနောက်သွားတဲ့အခါ ဓါတ်မီးလေးကိုင်သွားရတယ်.......
သူ့လိုအကောင်မျိုးတွေ့ရင်မှောင်တာနဲ့ သိပ်မမြင်ရဘူးလေ......
သူ့မြင်ရင်လည်း သူကအမှောင်ထဲမှာ ဓါတ်မီးရောင်အောက်မှာ သိပ်လှတယ် သူ့ကိုယ်ထည်အကြေးခွံကခရမ်းရောင် မရမ်းရောင်တွေပြေးနေတာ .......
အရောင်ကိုထွက်လို့...........
သူကိုက်လို့ ဒါမှမဟုတ် သူပေါက်တာခံရရင် လူက ချက်ခြင်းမသေဘဲ အရိုးတွေအဆစ်တွေ တစ်ဆစ်ချင်းပြုတ်ပြီးဆွေးကျပြီးမှသေတာတဲ့ ........
သူက မြွေဆိုးမျိုးနွယ်ဆိုတာ ဖြစ်နိုင်တယ်..........လူသံကြားရင် အမြီးကိုခွေလိုက်ပြီး ငြိမ်နေတော့တာပဲ.........သူ့ကိုတို့လိုက်ရင်လည်းမပြေးဘူး.........
ငြိမ်နေတယ်........ဒါကြောင့်လူတွေက သူ့ကိုပဲရှောင်ထွက်ပေးရတယ်........ခဏနေသွားပြန်ကြည့်မရှိတော့ဘူး.........ထွက်သွားပြီလေ........

ဆိုးတဲ့အရာများ လူနဲ့တိရိစ္ဆာန်အတူတူပဲ.......လူတွေဆိုလည်း ပေကပ်ကပ်နဲ့ ကန့်လန့်တိုက်ချင်ကြတယ်နော်...........
ဒါလုပ်ဆိုမလုပ်ချင်ဘူး ဒီမသွားနဲ့ဆိုသွားချင်တယ်
ကဲ.........သွားဆိုရင် မသွားတော့ဘူး ထုံပေပေနဲ့..........သူလည်းဆိုးတဲ့သတ္တ၀ါအမျိုးစားထဲပါတော့ ဇာတ်သိမ်းမလှတော့ဘူးပေါ့..........
နေ့လည်ကတွေ့တဲ့  လင်းမြွေကျတော့ သူကသဘောကောင်းတဲ့ မြွေမျိုးဆိုပြီး အကောင်းဇယားထဲထည့် သတ်မှတ်ကြတယ်လေ..........
ဒီတော့ ကဲ ပြေးပြေး လွတ်ရာကျွတ်ရာမှာသွားနေ နင့်လည်းငါတို့ဘာမှမလုပ်ဘူး နင့်နေရာနင်နေဆိုပြီး ဇိဝိတဒါန လုပ်ကြတယ်လေ.............
တစ်ဝမ်းတစ်ခါးကြောင့်အဆာရှာထွက်သူအချင်းချင်း ကံကြမ္မာက မတူတော့ဇာတ်သိမ်းတွေလည်းမတူကြဘူးပေါ့......နော်
ဒီအကြောင်းအရာ နှစ်ခုကို ချိန်ထိုးပြီး တနင်္လာနေ့ နဲ့ အင်္ဂါနေ့ မဂျီးရဲ့  ၀မ်းမနာသားတွေကို ပြောပြပြီးဆုံးမရမယ်...........
လူတစ်ယောက်နဲ့တစ်ယောက်က  ဖြစ်တည်လာကြတာချင်းတူပေမယ့် ရပ်တည်ပုံချင်းမတူဘူး
သူတို့က မြွေသတ္တ၀ါမို့ ကံကိုပြုပြင်လို့မရကြတော့ဘူး။
ရလာတဲ့ ကံကြမ္မာအတိုင်းဇာတ်သိမ်းကြရတယ်.......
အဲ လူအဖို့ကတော့ ကံဆိုတာလူကပြုလုပ်ရတာမို့ ကံမကောင်းဘူးလို့ကိုယ့်ကိုကိုယ်ထင်နေတဲ့သူတွေက
ကံကို အချိန်မှီပြုပြင်ရင် ကံပြန်ကောင်းပြီး ဇာတ်သိမ်းလှမယ် ဆိုပြီး လူနဲ့ တိရိစ္တာန်ကွဲပြားမှုကို ဆုံးမအုံးမှ...................
ကိုယ်က ဆုံးမစကားအခွန်းတစ်ရာပြောမိလို့ သူတို့နားထဲ တစ်ခွန်းလောက်ဝင်ပြီး ဆင်ခြင်ကာ မှတ်မိတယ်ဆိုရင်ပဲ အမြတ်ထွက်ပြီး ကျေနပ်နေရတာပါ။
ကိုယ်လေကုန်တာကတော့အရင်းပေါ့.........:)

မဂျီးအတွက်က မြွေမြင်ရင် နိမိတ်ပဲလေ...............
ဒါကြောင့် ဒီနေ့ မြွေနှစ်ကောင်ထူးထူးခြားခြားတွေ့တော့ ဘာတွေများသတင်းတွေကြားပြီးဘာတွေများဖြစ်မလဲလို့ စိုးထိတ်နေတာ...........
ည ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်နေတုန်း အိမ်ကိုအရမ်းသတိရလို့ရယ်  တစ်ယောက်တည်းသမားမို့ သံယောဇဉ်ကပဲတွယ်တတ်တာလားမသိတော့ပါဘူး.............
အဖေ့ဘက်ကဆွေမျိုးတွေရှိရာ မော်လမြိုင်ကညီမဆီဖုန်းခေါ်ပြီး စကားတွေပြောနေလို့
အဲ့ ညီမက အံ့သြနေတယ်..........မဆက်စဖူးဆက်တာကိုး............အဖေ့ဘက်ကဆွေမျိုးတွေနဲ့ပတ်သက်ရင် ကိုယ့်ဘက်ကပျက်ကွက်မှုတွေအများကြီးမို့ ဒီတစ်ခါ
သေချာဖုန်းလေးဆက်ပြီး ညီမကို ဆုံးမစကားပြောမိတယ်............သူကတော့ အံ့သြပြီး ဟုတ်ကဲ့ နေတာပဲ..........

တစ်ခါ အောင်ဆန်းမှာရှိတဲ့ အနေဝေးတဲ့ ညီမဆီလည်းဖုန်းဆက်ပြီး  တစ်ချိန်ကကိုယ့်အန်တီ ဖြစ်ခဲ့တဲ့
သူ့အမေနေမကောင်းလို့ဆေးရုံတင်ရတယ်ဆိုတာ သက်သာမသာ လှမ်းမေးမိပြန်တယ်..........
ဒါတွေလုပ်ပြီးမှ တစ်ခါ မီးပူတိုက်ရင်းနဲ့ ကျောက်မြောင်းကအစ်မဆီသတိရလို့  ဖုန်းထဆက်တော့ အစ်မက ငါလည်းသတိရနေတာတဲ့ ...........
အရင်းအချာတွေမဟုတ်ပေမယ့် စိတ်ချင်းတွေက ဆက်နေတယ်လေ............တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုတဲ့အတိုင်းပေါ့............
နင်ဘာလို့ဆက်တာလည်း နေကောင်းရဲ့ လား နင့်အမေတို့ဆီကော ဆက်ရဲ့ လားဆိုတဲ့မေးခွန်းတွေမေးပြီး
သူက နင်ဟိုသတင်းသိပြီးပြီလားလို့မေးတယ် ထိတ်သွားတဲ့ရင်နဲ့ ဘာသတင်းလည်းလို့ပြန်မေးမိတယ်.........
အစ်မလုပ်သူက တွေတွေဝေေ၀နဲ့ ပြောသင့်မပြောသင့်ချိန်နေပြီး အဘွားဆေးရုံတင်ထားရတယ်တဲ့...............
ဒီနေ့ နေ့လည်ကတင်လိုက်တာတဲ့ ငါတို့လည်းသေချာမသိသေးဘူးတဲ့ ဆိုလို့ ဒါဆို ညီမဆရာဝန်မကိုဖုန်းဆက်လိုက်မယ်ဆိုပြီး ဆက်တော့ စိတ်မပူရပါဘူးတဲ့
စိတ်မပူရအောင် ဆေးရုံတင်ထားလိုက်တာပါ မစိုးရိမ်ရဘူးဆိုလို့ အမေနဲ့ခဏဖုန်းပြောရင်းငိုမိတယ်.............
အဒေါ်နာရေးတုန်းက အသုဘတောင်မမှီလိုက်တာ ခုထိ စိတ်မကောင်းဖြစ်တုန်း..............
ဒါကြောင့် လက်လှမ်းမှီရာ လှမ်းအကြောင်းကြားတော့ ဒဂုံဆိပ်ကမ်းမှာနေတဲ့ ညီမဆီလည်း လှမ်းအကြောင်းကြားမိတယ်။

သူကို ဒဂုံတက္ကသိုလ်တက်တုန်းကဆရာမတွေဖုန်းနံပါတ်ကိုစုံးစမ်းခိုင်းထားတာ ရပြီဆိုလို့ တီချယ်တွေဆီ ဆက်သွယ်ကြည့်ပြီး
ခု ဖုန်းဆက်တဲ့သူဘယ်သူလည်းဆိုပြီး ပဟေဋ္ဌိဖွက်တော့ အမလေး..............သိပ်ချစ်ဖို့ကောင်းတဲ့ တီချယ်တွေ.............
ဒီအသံရင်းရင်းနှီးနှီးကြားဖူးတယ်တဲ့.....ဆိုပြီး ခဏလေးနေတော့ မဂျီးဘယ်သူဆိုတာသိသွားရော်........သိပ်ချစ်ဖို့ကောင်းတာများ ထတောင် ခုန်မိတယ်.........
တီချယ်၂ယောက်လုံးက အဆက်သွယ်အရမ်းပြတ်နေတဲ့သူတွေနော်..........တစ်နှစ် နှစ်နှစ် ပြတ်တဲ့ အဆက်သွယ်မဟုတ်ဘူး
တီချယ်ဒေါ်နွယ်နွယ်လတ်ဆိုရင် ၃နှစ်ကျော်ပြီ မတွေ့ရတာ တီချယ်နဲ့က မဂျီးမုံရွာကနေ ပြည်ကွန်ပျူတာကိုအပြီးပြောင်းတော့ ကားတစ်စီးထဲမှာ
ဘေးချင်းတူတူကျပြီး ရန်ကုန်တူတူပြန်လာကြတဲ့ ဆရာတပည့်...........တမင်ချိန်းထားတာမဟုတ်ဘဲ တိုက်ဆိုင်တာများ.......အံ့ကိုသြချလို့..........
ဆရာတပည့်၂ယောက်ကားတစ်စင်းလုံးမှာ ၂ယောက်တည်းပါလာသလားမှတ်ရတယ်......
ပြောလိုက်တဲ့စကား ဖောင်ကိုဖွဲ့လို့...........ဒါကြောင့်တီချယ်က သူ့တပည့်မ ဘယ်မှာဘယ်လိုတာဝန်ကျလည်းဆိုတာသိနေတာ...........
အဲ့ကတည်းက မတွေ့တော့တာ ခု ဖုန်းဆက်တော့မှ အသံကိုပြန်ကြားတာတောင် မှတ်မိနေတယ်.........
ကဲ............ဘယ်လောက်ချစ်ဖို့ကောင်းလဲ............

နောက်တီချယ် ဒေါ်နှင်းဆီချိုချို ဆိုရင် မဂျီး မဟာဝိဇ္ဖာပြီးကတည်းက ကွဲသွား အဆက်သွယ်ပြတ်သွားတာ............... နှစ်ပေါင်းများစွားကြာညောင်းနေပြီ....
ဖုန်းထဲမှာ ပဟေဋ္ဌိဖွက်တော့လည်း သမီးက သမီးက နဲ့ .......နောက်လည်းကြာရော်..........
ဟော..........မိုးမိုး ဆိုပြီး မှတ်မိသွားတယ်..........နံမည်အရင်းတောင်မှတ်မိသေး...............
ကဲ.........အဲ့တာပဲကြည့်တော့ နှစ်ဘယ်လောက်ကြာကြာ ချည်ခဲ့ကြတဲ့ ဆရာတပည့်သံယောဇဉ်ကြိုးက ဘယ်လောက်ခိုင်မာလည်းဆိုတာ ချက်ခြင်းတန်းသိတယ်...
ဒါတောင် စာအသေချာသင်ခဲ့ရတာမဟုတ်သေးဘူး..............တီချယ်တို့ကမြင်ဆရာကြားဆရာတွေပေါ့.........
ဒါပေမယ့်ကောင်းနိုးနိုးရာရာကိုညွှန်ကြားပြသသင်ပေးခဲ့လို့ သင်ဆရာထဲလည်းပါတာပဲ...............
တီချယ်ကပြောတယ်.........ဒီလိုမှတ်မိတာ ဘယ်သူ့အမေမို့လို့လည်းတဲ့.................
ဟုတ်ပါတယ်...........တီချယ်နဲ့ မဂျီးတို့ဟာ တစ်ချိန်က အမေနဲ့သမီး ညီမနဲ့အစ်မကြီးတွေလို အရမ်းချစ်ခင်ရိုသေခဲ့တာ............
တီချယ်တို့ဆို တပည့်တွေဘယ်လောက်ဆိုးဆိုး မျက်နှာတစ်ချက်မပျက်ခဲ့ကြဘူး.........အပြုံးလည်းမပျက်ခဲ့ကြဘူး........ဒေါသလည်းမထွက်ခဲ့ကြဘူး...........
ကိုယ်တွေတပည့်တွေဆိုတာလည်း ဆိုးသာဆိုးခဲ့ကြတာလေ........တစ်ခါဖူးမှ ကိုယ်အမူအရာ နှုတ်အပြောအဆို နဲ့ မစော်ကားမရိုင်းစိုင်းခဲ့ကြဘူး.......
ကိုယ်သင်ရ မသင်ရ မြန်မာစာဌာနကဆရာ၊ ဆရာမတွေက ကိုယ့်မိသားစုလို့သတ်မှတ်ထားခဲ့တာ...........
ဒဂုံတက္ကသိုလ် ဌာနပေါင်းစုံက ဆရာ၊ဆရာမတွေလည်း ထိုနည်းလည်းကောင်းပဲ........
လမ်းမှာ ဘယ်လိုဆရာ၊ဆရာမပဲတွေ့တွေ့ ဘေးလေးအသာကပ်လမ်းဖယ်ပေးပြီးကိုယ်လေးယို့ပေးကာလမ်းပေးလိုက်မိတယ်
ခေါင်းလေးကလည်း အသာယာငုံ့လို့ပေါ့.......ကြောက်ရတဲ့ဆရာ၊ဆရာမဆို လမ်းမှာမျက်နှာချင်းတောင်အဆိုင်မခံဘူး
ဟိုးရှေ့ရှေ့ကလာနေတာမြင်တာနဲ့ ငါဘယ်လမ်းကလစ်ရင်ကောင်းမလဲ ဆိုပြီး ရှောင်တော့တာပဲ။
ဒါတောင် ဆရာ၊ဆရာမက ဆူတာငေါက်တာကြိမ်းမောင်းတာ လုပ်တာမဟုတ်ဘူးနော်.........
ဆူဆဲကြိမ်းမောင်းစရာလည်းမလိုအောင် အလိုလိုကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ဆင်ခြင်နေတတ်ခဲ့ကြတယ်။
ဒီကြားထဲ ကိုယ့်ဘာသာကဆုံးမလမ်းညွှန်မှုတွေကို အသေချာလိုက်နာခံယူခဲ့ကြတာ........
ဆရာ၊ဆရာမရဲ့ အကြည့်လေးတစ်ချက်ရရင်ကိုပဲ စိုးထိတ်နေတာ..........အဲ့လို ရိုသေလာခဲ့တဲ့တပည့်တွေ.............
ကိုယ်တွေတုန်းက ချစ်၊ကြောက်၊ရိုသေ ဆိုတဲ့ စကားကိုလက်ကိုင်ထားပြီးကျင့်သုံးခဲ့တာ............

တီချယ်တို့ရဲ့ မေတ္တာကြောင့် အဘွားဆေးရုံတက်နေရတယ်ဆိုတဲ့ စိတ်ကြေကွဲမှုဆိုးရိမ်မှုက သက်သာသွားတယ်.........
မြွေမြင်ရင် နိမိတ်ဖြစ်တယ်ဆိုတဲ့ မဂျီး    သေသွားတဲ့ မြွေလက်ပတ်မြွေကြောင့် အဘွားရဲ့စိတ်မချမ်းသာစရာသတင်းကြားရတယ်.............
ပေးခဲ့မိတဲ့ အမျှကြောင့်ပဲအဘွားက အရမ်းအဆိုးကြီးမဟုတ်တာလို့ထင်လိုက်မိတယ်..........
ဘာလို့ဆိုတော့ အဘွားဆေးရုံတက်တဲ့အချိန်က သူတို့ကိုတွေ့တဲ့အချိန်ဖြစ်နေတာကိုး..............စိတ်ထဲကနေ ကြိတ်ပြီး ကျေးဇူးတွေတင်နေမိတယ်.......
နောက်ပြီးလင်းမြွေကြီးကိုမြင်တော့ ပျော်ရွှင်ကြည်နူးပြီးရတဲ့ ခံစားမှုက တီချယ်တို့နဲ့ပြန်အဆက်သွယ်ရတဲ့ ခံစားမှုနဲ့ ထပ်တူပဲ............
ဒီလို နိမိတ်တွေဖြစ်စရာရှိလို့လားမသိဘူး ဒီရက်ပိုင်းမှာ စိတ်ထဲက မြွေအကြီးကြီးတစ်ကောင်လောက်မြင်ချင်လိုက်တာလို့ ခဏခဏ တိုးတိုးညည်းမိတယ်.....
သူများတွေအဖို့က မြွေဟာကြောက်စရာ အသည်းယားစရာ ထိတ်လန့်စရာ သတ္တ၀ါတစ်ကောင်ဖြစ်ပေမယ့်
မဂျီးအတွက်က မြွေသတ္တ၀ါကိုမြင်ရခြင်းသည် မဂျီးရဲ့  ကံကြမ္မာနဲ့တစ်နည်းတစ်ဖုံပတ်သက်နေတယ်လို့ အမြဲယုံကြည်မိတယ်........
ဒီရက်ပိုင်းစိတ်တွေလည်း ရှုပ်ထွေးပြီး ဘာကိုမကျေနပ်ဖြစ်ပြီးဘယ်သူ့ကိုမှ အယုံကြည်မရှိဖြစ်နေတာ ............
ဒီလိုစိတ်မျိုးတွေ ဖြစ်ပြီဆိုရင် မဂျီးပတ်ဝန်းကျင်ရဲ့ မလှမ်းမကမ်းမှာ အမြဲမြွှေသတ္တ၀ါတွေတွေ့နေမိတယ်.........
မတွေ့မိရင်တောင် ပါးစပ်က ထုတ်ဖော်ပြောလိုက်ပြီးမကြာဘူး..........တွေ့တော့တာပဲ..............သူတို့လည်း သိပ်ချစ်ဖို့ကောင်းတယ်.........
သူတို့ကိုတွေ့မြင်ပြီးသကာလမှာ မဂျီးစိတ်လည်းပေါ့ပါးလန်းဆန်းပြီးကျေနပ်မှုအမြဲဖြစ်သွားခဲ့တယ်........................


1:16 AM 6/7/2013

တီချယ်သို့ ပေးစာ



တီချယ့်တပည့်လို့ ခံယူထားတဲ့ ဒဂုံတက္ကသိုလ်ကတပည့်မို့ တီချယ်ကတပည့်အဖြစ်သတ်မှတ်ရမှာခက်နေတာလားလို့ တွေးမိတယ်။
ဒဂုံတက္ကသိုလ်မှာ တီချယ်တာဝန်ကျတဲ့ရက်တွေက တီချယ့်ရဲ့ လုပ်သက်တစ်လျှောက်မှာ မပျော်ဆုံးကျောင်းနဲ့အချိန်ဆိုတာ
မြသီလာအလွမ်းပြေ ၃၅ မှာ ဖတ်လိုက်ရပါတယ်။
စိတ်မကောင်းဖြစ်ရသလို တီချယ့်ကိုလည်း အားနာမိတယ်။

သမီးတို့လည်း ၁၀တန်းကျောင်းသူဘ၀ကတည်းက အိမ်မက်တစ်ခုရှိခဲ့ပါတယ်။
အဲ့ဒီ အိမ်မက်က တီချယ်ပြောတဲ့ မြသီလာအရိပ်အောက်ကို ခိုလှိုချင်တာပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် တီချယ့်ရဲ့ မြသီလာနဲ့ဝေးခဲ့ရပြီး
သမီးတို့ရဲ့  မြသီလာနဲ့နှစ်ပါးသွားလေးကခဲ့ရပါတယ်။
ကျိုးတို့ကျဲတဲ အော်နီးရှားပိတောက်အရိပ်အောက်မှာ ခိုလှုံရင်း မိုးလေကျလာရင် ကိုယ့်ထီးအမိုးကိုခိုင်ခိုင်မြဲအောင်ကိုင်ရင်း
တော်ဝင်လမ်းမကြီးကို လျှောက်ခဲ့ကြရပါတယ်။

တီချယ့်ဘူမိဗေဒဌာနက တပည့်တွေလောက် သမီးတို့မရင်းနှီးခဲ့ပေမယ့် ခဏလေးကြုံခဲ့ရပြီး
တီချယ်နဲ့ ခဏတာ အဆောင်၁၉က ကော်ရစ်တာလမ်းမှာ မတ်တပ်ရပ်ပြီး စကားပြောခဲ့တာကို ခုချိန်ထိမှတ်မိနေပါသေးတယ်။
တစ်ဌာနထဲမှာ အတူတကွတွေ့ဆုံခဲ့ရတယ် ခဏတာသင်ကြားမှုကြုံခဲ့ရတယ် ဆိုလို့ ကိုယ့်ဆရာလို့သတ်မှတ်တယ်မထင်ပါနဲ့နော်.......
သမီးခံယူချက်ကိုက ကိုယ်နဲ့သင်ရ သင်ရ မသင်ရ မသင်ရ မြန်မာစာဌာနက ဆရာ၊ဆရာမတွေက ကိုယ့်ဆရာတွေပါပဲ.....
ဒါကြောင့်လည်း တီချယ့်Blog မှာတွေ့တွေ့ချင်း တီချယ့်စာတွေ အနည်းအကျဉ်းဖတ်မိပြီး ၀မ်းသာအားရဖြစ်လို့ မိတ်ဆက်လိုက်မိတာပါ တီချယ်...........
အဲ့အတွက် တီချယ့်ကိုအနှောက်ယှက်ဖြစ်သွားစေတယ်ဆိုရင် တောင်းပန်ပါတယ်။

အွန်လိုင်းမှာ ကိုယ့်မြန်မာစာဌာနက မိသားစုအချင်းချင်းတွေ့ရဖို့ဆိုတာ သမီးအဖို့ခက်ပါတယ်။
တီချယ်ခံစားခဲ့ရတဲ့ ခံစားချက်အချို့ ကို ခုချိန်မှာ သမီးလည်း ခံစားမိနေပါတယ်.......
ခေတ်ကောင်းနဲ့မမှီလိုက်ဘဲ ခေတ်ဆိုးကြီးထဲမှာ ကိုယ်ဝါသနာပါတာကို ကျားကုတ်ကျားခဲ ခဲပြီးရသလောက်သိမ်းယူထားခဲ့ပါတယ်။
တီချယ်တို့ကိုအားကျလို့ တက္ကသိုလ်ကဆရာမဖြစ်ရမယ်ဆိုတာ တက္ကသိုလ်စတက်ခဲ့ရတဲ့အချိန်ထဲက ထားခဲ့တဲ့ ရည်မှန်းချက်ပါ။
ဒီလိုရည်မှန်းချက်ကြောင့်လည်း မဟာဘွဲ့ကိုဆက်တက်ခဲ့ပေမယ့် မဟာဘွဲ့ကိုတော့ တက်ရောက်မယူခဲ့ပါဘူး......။
တရားမျှတမှုမရှိဘူးလို့ ခံယူမိတာကြောင့် ဘွဲ့တက်ရောက်မယူခဲ့တာပါ။
ဒါကြောင့် လည်း ခု တက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်နေပါပြီတီချယ်။
ဒါပေမယ့် အဆင့်မြင့်ပညာလက်အောက်က တက္ကသိုလ်တွေမှာတော့မဟုတ်ပါဘူး။
တီချယ်ပြောသလို လာဘ်လာဘများတဲ့ သမီးရဲ့ မြသီလာကြီးကို စိတ်ထဲမှာတင်းနေတဲ့ကြိုးတစ်ချောင်းကြောင့်
ဘယ်တော့မှ ခြေမချတော့ဘူးလို့ဆုံးဖြတ်ပြီး သိပ္ပံနဲ့နည်းပညာလက်အောက်က ကွန်ပျူတာတက္ကသိုလ်ကိုရွေးခဲ့ပါတယ်။
အဆင့်မြင့်ပညာလောက် မြန်မာစာဌာနကြီးကမကြီးကျယ်ပါဘူးတီချယ်။
နယ်စပ်တွေမှာပါဖွင့်ထားတဲ့တက္ကသိုလ်တွေမို့ သွားချင်တဲ့သူနည်းပါတယ်။
သမီးရဲ့  တပည့်တွေထဲမှာလည်း တီချယ့်တပည့်လေးတွေလို အမှတ်ရစေမယ့်တပည့်မျိုးလေးတွေ အများကြီးရှိပါတယ်။
တစ်ကယ်တော့ ဘယ်လက်အောက်မှာပဲဖြစ်ဖြစ် တွေ့ရှိတဲ့ကလေးတွေကတော့ အားလုံးအတူတူတွေပါပဲ တီချယ်..........
ကိုယ်ကသွားပေးမှ သူတို့က ရကြတာပါ။
ကိုယ်ကအားလုံးကိုပေးပေမယ့် အားလုံးကခံယူပုံခြင်းကွာတော့ သမီးတို့ပေးတဲ့အရာများကို ရတဲ့သူနည်းပါတယ်။
အပြည့်အ၀ရတဲ့သူနည်းပါတယ်။
ဒါပေမယ့် အဲ့လိုနည်းတဲ့သူတွေရဲ့  မျက်နှာလေးတွေကြောင့် ဆက်လက်ပြီးသမီးဒီအလုပ်မှာ ဆက်လက်တည်မြဲနေတာပါ။
သမီးကတော့ မြစ်ကြီးနားဆိုပြီးအလုပ်စတင်လိုက်တာ မုံရွာကိုရောက်သွားပါတယ်။
အဲ့ကနေ ခု ပြည်မှာတာဝန်ကျနေပါတယ်။ ပြည်ကနေတစ်ဆင့် ဘယ်ကိုရောက်မလဲဆိုတာတော့ မသိပါဘူး..........
ကိုယ်ဝါသနာပါတာကိုစေတနာထား တတ်နိုင်သလောက်အနစ်နာခံပြီးတာဝန်ကျေခဲ့တယ်လို့ကိုယ့်ဘာသာထင်ပါတယ်။
ဒါပေမယ့်တီချယ်.........သမီးတို့က မပြည့်တဲ့အိုးပါ ဘောင်ခတ်တတ်တဲ့အိုးတွေပါ။
ကိုယ်သိတာကိုပြန်ပြီး ကိုယ့်ကလေးတွေကိုပြန်ပြောတဲ့အခါ အခက်ခဲတွေ့ရပါတယ်။
အဲ့လိုအခက်ခဲဖြစ်ရင် ရန်ကုန်ကိုလှမ်းမေးဖို့ထက် အသုံးလွယ်တဲ့ အင်တာနက်ကိုပဲ အားကိုးရတာပါ။
ဒါကြောင့် ကိုယ်ဖတ်သင့်တဲ့ကိုယ်လက်လှမ်းမှီတဲ့စာတွေကိုအားကိုးနေရတာပါ။
ဒါပေမယ့် တခြားဘာသာရပ်တွေအတွက် အင်တာနက်မှာ အလွယ်တကူရှာရတာလွယ်ပေမယ့်
မြန်မာစာနဲ့ပတ်သက်ပြီးရှာရတာအင်မတန်ခက်တယ်လို့ထင်ပါတယ်။
သမီးရဲ့ ညံ့ဖျင်းမှုကြောင့်လားတော့မသိပါဘူး..........ဒါကြောင့် တီချယ့်ကို တွေ့တော့သမီးအရမ်းပျော်မိသွားတာပါ။
ဒါကြောင့်ဝမ်းသာအားရ ပြန်မိတ်ဆက်မိတာပါ။
တီချယ် ခုထိ သမီး Friend request တောင်းထားတာ Confirmမပေးသေးဘူး.........
အဲ့ဒီအတွက် စိတ်မကောင်းဖြစ်မိတယ်......
တီချယ့်ကို စိတ်အနှောက်ယှက်ဖြစ်အောင်လုပ်မိရင် တောင်းပန်ပါတယ်........
Friend request လုပ်တာပြန်ဖျက်လို့ရရင်သိပ်ကောင်းမှာပဲ.............
တီချယ်တပည့်မဟုတ်သောတပည့်ထဲမှ
တပည့်.............





ကျွန်မ ပျော်ပါတယ်

ကျွန်မအခက်အခဲကြုံတိုင်းရှေ့ကနေကာကွယ်ပေးမယ့်  ညီအစ်ကိုမောင်နှမအရင်းချာမရှိပေမယ့်
ကျွန်မကိုငဲ့ညှာပေးတဲ့ မောင်နှမတွေရှိလို့ ကျွန်မပျော်ပါတယ်

ကျွန်မမှာ တိုင်ပင်ဆွေးနွေးရမယ့် ရင်းနှီးတဲ့မိတ်ဆွေအပေါင်းသင်းမရှိပေမယ့်
ကျွန်မစိတ်ညစ်တိုင်း အရစ်ခံတဲ့သူငယ်ချင်းတွေရှိလို့ ကျွန်မပျော်ပါတယ်

ကျွန်မအလုပ်မှာ ဖိစီးမှုများလာလို့မျှဝေလုပ်ကိုင်ပေးမယ့်လုပ်ဖော်ကိုင်ဖက်မရှိပေမယ့်
ကျွန်မပင်ပန်းတိုင်းငေးငိုင်တိုင်းနားလည်ပေးတဲ့လုပ်ဖော်ကိုင်ဖက်တွေကြောင့် ကျွန်မပျော်ပါတယ်

ကျွန်မအလွမ်းတွေပြင်းထန်လာတိုင်းအနားမှာအားပေးမယ့် အားပေးဖော်မရှိပေမယ့်
ကျွန်မလွမ်းသလိုထပ်တူလွမ်းနေတဲ့ နှလုံးသားတစ်စုံရဲ့ အလွမ်းမိုးတွေကြောင့် ကျွန်မပျော်ပါတယ်

ကျွန်မအိမ်ကိုလွမ်းတိုင်းအမေ့နားမှာခဏခဏနေချင်ပေမယ့်
ကျွန်မအိမ်ပြန်ချင်တိုင်းပြန်လို့မရအောင်စွမ်းဆောင်နိုင်တဲ့ ကျွန်မရဲ့ လစာကြောင့် ကျွန်မပျော်ပါတယ်

ကျွန်မမှာအရင်ကအွန်လိုင်းသူငယ်ချင်းမောင်နှမတွေအများကြီးရှိခဲ့ပေမယ့်
ကျွန်မအွန်လိုင်းသုံးတိုင်း ငြိမ်ချက်သားကောင်းနေပြီး နေကြတဲ့သူတို့ကိုကြည့်ပြီး ကျွန်မပျော်ပါတယ်

ကျွန်မရဲ့  ချင် တွေ (လိုချင်စိတ်၊စားချင်စိတ်၊သွားချင်စိတ်၊ဖြစ်ချင်စိတ်......)တွေအများကြီးရှိပေမယ့်
ကျွန်မဘ၀နဲ့ကျွန်မတင်းတိမ်နိုင်အောင် ကိုယ့်ဘာသူထိန်းသိမ်းနိုင်သေးတဲ့ ကျွန်မစိတ်ကိုကျွန်မပိုင်သေးလို့ ကျွန်မပျော်ပါတယ်

ကျွန်မစိတ်ကျဉ်းကြပ်လို့ငိုချင်လာတိုင်း
ကျွန်မစိတ်ကိုထွက်ပေါက်အဖြစ်ပေးတတ်တဲ့ လွမ်းမောစရာသီချင်းတွေနဲ့ မျက်ရည်မိုးသွန်ဖြစ်အောင်စာအုပ်တွေရှိသေးလို့ ကျွန်မပျော်ပါတယ်

ကျွန်မအခုတစ်ယောက်တည်းလို့ခံစားမိပေမယ့်
ကျွန်မမှာဟိုးအရင်ကသူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်အချိန်တွေပိုင်ဆိုင်ခဲ့ဖူးလို့ ကျွန်မပျော်ပါတယ်

ကျွန်မကိုမသိတဲ့အဝေးတစ်နေရာကိုထွက်ပြေးသွားချင်ပေမယ့်
ကျွန်မထွက်ပြေးလို့မရအောင် ချုပ်နှောင်ပေးကြတဲ့ သံယောဇဉ်တွေရှိနေသေးလို့ ကျွန်မပျော်ပါတယ်


ဟုတ်ပါတယ်
ကျွန်မ ပျော်ပါတယ်
အရင်ကလည်းပျော်ပါတယ်
အခုလည်းပျော်ပါတယ်
နောင်လည်းပျော်မှာပါ



မဂျီးဂါယောင်း


Thursday, 21 February 2013

ကျွန်မ အနှစ်သက်ဆုံးပန်းများ

ယုဇနပန်းတဲ့.............ယုဇနပင်နဲ့ဖဲကြိုးဝါသီချင်းမှတ်မိကြမှာပေါ့။ယုဇန်ပင်ကပန်းရုံလေးဆိုတော့ဖဲကြိုးချည်လို့ရမှာပေါ့လို့ငယ်ငယ်ကတွေးမိတယ်။ ဆိုင်တော့မဆိုင်ဘူး....သူ့ရနံ့ကလည်း နည်းနည်းပြင်းတယ်။ပန်ပြီးအိမ်ရှေ့မှာနေရင် အိမ်နောက်ဖက်ကအနံ့ရတယ်......







စကားဝါပန်း................
မဂျီးစိတ်ကို ရူးနောက်နောက်ဖြစ်အောင်လုပ်နိုင်တဲ့ပန်းပေါ့....
သူ့အနံ့ကိုရှူမိရင် သူ့ကိုပန်မိရင် စိတ်ကဘယ်လိုမှထိန်းလို့မရအောင် ဖြစ်မိတယ်။ အဖြူ၊အ၀ါ၊အစိမ်းဆိုပြီး ၃ရောင်ရှိတယ်......ဒီထဲမှာမှ အစိမ်းကိုတော့မမြင်ဖူးသေးဘူး။ အစိမ်းကအနံ့ပိုပြင်းတယ်လို့ပြောကြတယ်။ အခုအ၀ါတောင်ဒီလောက်စိတ်ကထိန်းမရတာ အစိမ်းဆိုရင်တော့............






 ပုန်းညက်ပန်း............သူကလည်း ကံ့ကော်နဲ့အပွင့်ပုံစံခြင်းတူတယ်။ 
များသောအားဖြင့်ပွင့်ဖတ်၅ဖတ်ပါတယ်။ ၀တ်ဆံကအ၀ါ အနံ့က မွှေးအိနေတာပဲ................။





 သရဖီပန်း............သူလည်းကံ့ကော်နဲ့အပွင့်တူတယ်။ ၀တ်ဆံကအ၀ါလည်းတူတယ်။ဒါပေမယ့် သူ့ဝတ်ဆံက အရောင်ပိုဖျော့တယ်။ အနံ့ကလည်း မွှေးအီနေတာပဲ.........




 ဒါကတော့နှင်းဆီပန်း ..............မဂျီးက မြန်မာနှင်းဆီကိုပိုကြိုက်တယ်။ သူ့ပွင့်ဖတ်ကပိုကျစ်လျစ်တယ်လို့ခံစားရတယ်။ အနံ့ သင်းသင်းလေး.......







 ဒါလေးကတော့ ထားဝယ်မှိုင်းပန်းလို့ခေါ်တယ်။ သူ့အရွက်နုလေးတွေကို ခူး၊ရေဆေးပြီးသုပ်စားရင် ၀မ်းကိုက်တာသက်သာာတယ်လို့ ငယ်ငယ်ကလူကြီးတွေပြောလို့သိရတယ်.....။အနံ့မွှေးတာကတော့ တခြားပန်းတွေနဲ့မတူဘူး ..........အရောင်စုံပွင်တဲ့ပန်းမို့ အရမ်းကိုဝေေ၀ဆာဆာရှိတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့.........................






 ဆိတ်ဖလူးပန်းတဲ့..............သူ့ရနံ့ကတော့ အရမ်းစူးရှတယ်။ ကြာကြာရှူရင် မူးနောက်လာတဲ့အထိ အနံ့ပြင်းတယ်။ ပွင့်ဖတ် အဖြူလေးတွေမှာ ရိုးတံလိမ္မော်ရောင်နဲ့ပန်းကရှားတယ်။ သူကအရမ်းနုလွန်းလို့လက်ထဲမှာ နည်းနည်းအချိန်ကြာကြာထားရင် နွမ်းသွားတယ်...........။






 ခရေပန်းကိုတော့သိကြမှာပါ။ ဝေလည်းမွှေးကြွေလည်းမွှေးလေးပေါ့.........။ သူ့ကျတော့ သနားစိတ်နဲ့ပိုမြတ်နိုးခံရတာများတယ်....။အကြွေပန်းပေမယ့်ရွှေနန်းကိုရောက်ချင်တဲ့ပန်းကလေးပေါ့။ ရနံ့လေးကရလိုက်တဲ့သူအဖို့ အမောတွေပြေအောင် အေးမြစေတဲ့ အနံ့ပိုင်ရှင်လေး..................






 ဒါကတော့ ညမွှေးပန်းလို့လူသိများကြတယ်......ညနေ၅နာရီနောက်ပိုင်းဆို ပွင့်လာပြီလေ။
တစ်ညလုံးမွှေးအီနေအောင်ကို အနံ့ပြင်းပြစူးရှလွန်းတယ်..............အပွင့်သေးသေးလေးနဲ့မလိုက်အောင် အစွမ်းရှိတဲ့ ပန်းပေါ့............ အစုပ်လိုက်ပွင့်တတ်တယ် ။သူ့အရောင်ကထူးဆန်းတယ် အစိမ်းဖန့်ဖန့်လေး.............. ။








 တမာပန်းလည်းကြိုက်သေးတယ်..........
ချစ်စရာအပွင့်သေးသေးလေးနဲ့မလိုက်အောင် အနံ့ကချိုအီလွန်းတယ်။ လေယူရာသယ်ဆောင်လို့ရအောင် အနံ့ကပေါ့ပါးလတ်ဆတ်လွန်းတယ်။ သူ့ရနံ့ကိုအဆုတ်ထဲရောက်အောင်ရှူလိုက်ရင် အဆုတ်သန့်တယ်လို့ပြောကြတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ မုံရွာနေတုန်းတမာတွေပွင့်ရင် ရှူကြတယ်အဆုတ်ထိရောက်အောင်............သူ့အခက်လေးကိုပန်ထားရင် နန်းဆန်တယ်လို့ ကိုယ့်ကိုကိုယ်ထင်မိတယ်............................








 ဂေါ်သဇင်လို့ မဂျီးကသိထားတယ်။ သူ့နံမည်ရှိရင်လည်းရှိမှာပေါ့။
သဇင်ပန်းမကြိုက်တဲ့မဂျီး ဂေါ်သဇင်ပန်းတော့ ကြိုက်တယ် အနံ့လေးသင်းသင်းနဲ့ အခက်ရှည်ရှည်လေး တွဲဖက်ရတာပနံသင့်တယ်။







 စပယ်ပန်းလေး...........
အေးမြလန်းဆန်းတဲ့ ရနံ့ပိုင်ရှင် ဖွေးဖွေးဖြူတဲ့ပန်း.............ဖြူစင်တဲ့အချစ်ကို စံပယ်ပန်းနဲ့တင်စားခံရတဲ့ပန်းလေးပေါ့...............












မဟောဂနီပန်းပါရှင်
တမာပန်းလိုပဲအပွင့်သေးပြီး အခတ်လေးနဲ့ပွင့်တယ်။ အနံ့ကတော့ တမာထက်ပိုစူးတယ်။ အခက်နဲ့အပွင့်က စိမ်းစိမ်းလေးမို့အမြင်ဆန်းတယ်။ သူ့အသီးထဲက အစေ့နဲ့အခေါက်က ဆေးဖက်ဝင်တယ်။ ပန်းကဆေးဖက်ဝင်မ၀င်တော့မသိပါဘူးရှင် ။





 ဒီပန်းကိုမြင်ပြီးဒီပန်းအနံ့ကိုရရင် အရူးအမူးဖြစ်အောင်စွမ်းဆောင်နိုင်တယ်။ အဲ့ပန်းကတော့ ပိတောက်ပန်းပါပဲ.....။ ဘယ်လောက်ထိ အရူးထမိလည်းဆိုရင် ငါသေရင်တောင်
  ဒီပိတောက်ပန်းလှိုင်လှိုင်ပွင့်တဲ့အချိန်မှာ သေချင်တယ်။ ငါ့ရဲ့ ရုပ်ကလာပ်ကို ပိတောက်ပန်းတွေအများကြီးပြင်မယ်ဆိုတဲ့အထိ ရူးသွပ်မိတယ်။ ပန်ရတာအားမရလို့ အိပ်ရာထဲမှာပါ ခင်းကျင်းပြီး အိပ်ဖြစ်အောင်လုပ်နိုင်တဲ့ပန်းပါ။




















 ကံ့ကော်.............
သူ့ကိုအများကြီးအခိုင်လိုက်၊ အပင်မှာဝေေ၀ဆာဆာပွင့်တာမြင်ရင် စိတ်ကိုဘယ်လိုပျော်ရွှင်လည်းဆိုတာ စာဖွဲ့ပြလို့မရဘူး....။ပွင့်ဖတ်လေး ၄ဖတ်၅ဖတ်နဲ့ ၀တ်ဆံတွေတစ်ထွေးကြီးနဲ့ အနံ့လေးက သင်းပျံ့မွှေးကြိုင်တဲ့ရနံ့။ သူ့ကိုနူးနူးညံ့ညံ့လေးကိုင်တွယ်မိအောင် သူက အိနြေ္ဓကြီးတယ်လေ............