Thursday, 16 January 2014
ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ်
ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ်
ပုဂံမြို့ဟောင်းကို ပထမအကြိမ် သွားဖြစ်စဉ်က တကယ့်ကို ဖုတ်ပူမီးတိုက်။ ပြင်ဆင်ချိန်မရဘဲ ချက်ချင်း ကောက်ကာငင်ကာ သွားဖြစ်ခဲ့ခြင်း ဖြစ်သည်။ ပုဂံကို ရောက်ဖူးရုံမျှဟု ဆိုနိုင်သည်။ မြန်မာတွေ ဘာကြောင့် ပုဂံကို သည်လောက် စိတ်အားထက်သန်စွာ စွဲလန်းနေရသလဲ။ ပုဂံဘုရားတွေ တန်ခိုးကြီးလို့လား။ သိပ်မဖြစ်နိုင်။ ပုဂံဘုရားတွေထဲ ဆုတောင်းပြည့်ဆိုတာ သိပ်မရှိလှ။ ပထမ မြန်မာအင်ပါယာကြီး၏ အောင်မြေကို ကြည့်ပြီး အမျိုးဂုဏ်၊ ဇာတိမာန် တက်ကြွလာစေလိုသောကြောင့်လား။ ဖြစ်နိုင်ပါသည်။ အတိတ်မှ ရွှေရောင်ထွန်းပြောင်သော အချိန်များကို ပြန်တမ်းတတတ်သည်မှာ လူ့ဓမ္မတာ။ ဒါဆို နိုင်ငံခြားသားများကကော။ သူတို့ဘာကြောင့် ပုဂံကို လာရောက်ရသနည်း။ ဇာတိမာန်ကြောင့် မဟုတ်တာ သေချာသည်။ သူတို့လာရောက်ရခြင်းသည် ရှေးလူသားမျိုးနွယ်တို့၏ အတတ်ပညာ၊ အမွေအနှစ်များကို မျက်မြင်ကိုယ်တွေ့ ကြည့်ကာ တန်ဖိုးထား ဂုဏ်ယူလိုသောကြောင့်သာ ဖြစ်နိုင်ပါသည်။ ကျနော်တို့ မြန်မာပြည်သူများကကော ပုဂံကို သွားလျှင် ရှေးစေတီပုထိုးတို့၏ သမိုင်း၊ တည်ဆောက်ပုံ၊ ဗိသုကာလက်ရာတို့ကို အလေးထား လေ့လာပါ၏လော။ သူများတော့ မသိ။ ကျနော် ကိုယ်တိုင်ကမူ ပထမအကြိမ်ရောက်ခဲ့စဉ်က ထိုအရာများကို မလေ့လာမိဟု မှန်ရာကို ၀န်ခံရပါမည်။ ထိုသို့ လေ့လာမှသာလျှင် ကိုယ့်ဘိုးဘေးဘီဘင်တို့၏ အသိပညာ၊ အတတ်ပညာ၊ ယဉ်ကျေးမှု အမွေအနှစ်တို့ကို အမှန်တကယ် နည်းလမ်းကျစွာ ဂုဏ်ယူတတ်လိမ့်မည်ဟု ယူဆမိသောကြောင့် ဒုတိယအကြိမ် သွားရောက်နိုင်ရန် အစဉ်အားခဲမိသည်။
သို့သော် ဒုတိယအကြိမ်ကား တော်တော်နှင့် ရောက်မလာ။ ရောက်လာတော့လည်း မရည်ရွယ်၊ မကြံဆရပါဘဲနှင့်။ အဖော်ကောင်းသောကြောင့် သွားဖြစ်ခြင်းဟု ပြောပါက ပိုမှန်မည်။ ဗြိတိသျှလူမျိုး မစ္စတာ အိုကွန်းနား (O’Connor) က ပုဂံကို နောက်တစ်ကြိမ် သွားချင်သောကြောင့် အဖော်လိုက်မလားဟု ဆိုလာရာ မောင်ကျိုင်းတုတ်ဖြစ်ပြီး လိုက်မည်ဟု အာမဘန္တေခံမိသည်။ ဟုတ်တယ်လေ။ သည်အခွင့်အရေးက လက်လွတ်ခံ၍ မဖြစ်။ အဘိုးကြီး အိုကွန်းနားက ဗြိတိသျှ လူမျိုးသာ ဆိုသည်။ မြန်မာ့ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုများကို သာမန် မြန်မာတစ်ယောက်ထက် အများကြီး ပိုတတ်သိနားလည်သည်။ ထို့ထက် သူသည် ပုဂံကို ကြိမ်ဖန်များစွာ ရောက်ဖူးကာ ထဲထဲဝင်ဝင် လေ့လာသိရှိထားသူ တစ်ဦး။ သည့်အပြင် သူသည် ကမ္ဘာ့နေရာ တော်တော်များများကို ရောက်ဖူးသောကြောင့် ပုဂံနှင့် ခေတ်ပြိုင် ယဉ်ကျေးမှုများကို တီးမိခေါက်မိရှိပြီး၊ သူ့ထံမှ နှိုင်းယှဉ်သုံးသပ်ချက်များကို ကြားရနိုင်သောကြောင့် လိုက်မည်ဟု အဖြေပေးမိခြင်း ဖြစ်သည်။ မြန်မာတို့၏ ရှေးဟောင်းပုဂံ အနုဗိသုကာ လက်ရာများကို မြန်မာပြည်သူ တစ်ဦးက ဗြိတိသျှလူမျိုး တစ်ဦးထံမှ ပြန်လည် နားထောင် ဆည်းပူးရမည်မှာ သိပ်ကြားမကောင်းသော်လည်း ရွေးချယ်စရာ အခြားလမ်းကလည်း မရှိ၊ ပညာရှာရာတွင် ကျဉ်းမြောင်းသော လူမျိုးစွဲမလိုဟု ယူဆသောကြောင့် အိုကွန်းနားနှင့်အတူ ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ် ရောက်ဖြစ်ပါသည်။
ဦးစွာ ညောင်ဦးရွာကို ရောက်ပါသည်။ ပုဂံနေပြည်တော် ခေတ်ကောင်းစဉ်က ညောင်ဦးသည် ပုဂံ၏ ဘုန်းရိပ်အောက်ရှိ ရွာငယ်ဇနပုဒ်တစ်ခုမျှသာ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ပုဂံသည် ညောင်ဦး၏ သြဇာခံတစ်ခုပမာ ဖြစ်နေပြီး၊ ပုဂံကို ညောင်ဦးနှင့် တွဲပြောမှသာ ပြည့်စုံသော အခြေသို့ ရောက်ရှိနေပါပြီ။ ညောင်ဦးမှ တောင်ဘက်ကို လှမ်းကြည့်လိုက်လျှင် စေတီပုထိုးတို့ဖြင့် အတိပြီးသော မြန်မာတို့၏ ဂန္ထ၀င် ပုဂံမြေကို တွေ့ရပါသည်။ အညာ၏ သင်္ကေတ ရှားစောင်းပင်၊ ထနောင်းပင် ကျိုးတိုးကျဲတဲများသည် ပုဂံ၏ သရုပ် နီစွေးစွေး နောက်ခံကားချပ်ထက်ဝယ် စုတ်ချက်ကြမ်းကြမ်း ရေးဆွဲထားသလို ဖြစ်နေသောကြောင့်၊ နှစ်ပေါင်းထောင်ချီကြသည့်တိုင် ပုဂံမြင်ကွင်းသည် ဘာမှ မပြောင်းလဲဟု ထင်မှတ်ရပါသည်။ ညောင်ဦးရွာ အနောက်ဘက်မှ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသော မြစ်ကြီးဧရာမှာလည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က အတိုင်းပင် ၀တ္တရားမပျက် ခရီးနှင်နေရင်း၊ သူ့နဘေးမှ ပုဂံ၏ အနိစ္စသဘောတရားများကို ဆင်ခြင်မိပေလိမ့်မည်။ သူသည် ဤဒေသ၏ ပုဂံမတိုင်မီ၊ ပုဂံခေတ်ကောင်းစဉ်၊ ပုဂံပျက်ပြီး နှစ်ပေါင်းရာချီ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်နေသော ပုတိုးစေတီများ၏ ဖြစ်စဉ်ကို တွေ့ရှိခဲ့ရပြီး၊ ထိုအကြောင်းအရာများကို ပြန်ပြောင်းပြောပြနိုင်မည့် တစ်ဦးတည်းသော သက်သေပါ။ မြစ်ပြင်ထက်မှာတော့ ဒေသအခေါ် ငှက်ဟုတွင်သော ငါးဖမ်းလှေများကို အများအပြားတွေ့ရပါသည်။ ထိုငှက်များပေါ်ရှိ ထိုထိုဤဤ ပုဂ္ဂိုလ်များ၏ ၀မ်းတစ်ထွာကို သဘာဝတရားက သစ္စာရှိရှိ ၀မ်းစာဖြည့်တင်း ပေးနေသည်မှာလည်း ဟိုးရှေးရှေး ပုဂံမတိုင်မီမှ ယနေ့အထိ။ ဧရာဝတီကိုမီ၍ ခေတ်ပေါင်း၊ စနစ်ပေါင်းများစွာ မြို့ရွာတည်ထောင်ကြ၊ လမ်းပန်းဆက်သွယ်ရေးအတွက် သုံး၍ ရောင်းဝယ်ဖောက်ကားကြ၊ ၀မ်းစာရှာဖွေကြ၊ မလိုလျှင် မြစ်မင်း သစ္စာဖောက်သည်ဟု စွပ်စွဲကြ။ သို့သော် ဧရာဝတီသည် လောကဓံကို အံတုကာ စီးဆင်းမြဲ စီးဆင်းဆဲ။ သူ့ကမ်းပါးထက်မှ ပုဂံကိုလည်း ဖြတ်သန်းစီးဆင်းရင်း အားပေးနေမြဲ။ အားမလျော့နှင့် ပုဂံ။
နွေရာသီဖြစ်သောကြောင့် အညာနေ၏ ပူပြင်းမှုကို သိပ်မခံရအောင် အိုကွန်းနားနှင့် ကျနော် အာရုံဦး ရောင်နီမပျို့ခင် ညောင်ဦးမှ ပုဂံမြို့ဟောင်းသို့ ထွက်ခဲ့သည်။ ထိုသို့ ထွက်လာစဉ် လမ်းခရီးမှာပင် အရှေ့ဘက်အရပ်မှ နေမင်းက ထွက်ပြူစ ပြုလာသည်။ နေရောင်ခြည်များ စေတီပုထိုးတို့၏ ငှက်ဖူးတော်ပေါ်သို့ ထိုးကျလာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံသွားပါသည်။ ဒါကို မစ္စတာ အိုကွန်းနားက သဘာဝတရား၏ ၀တ္တရားမပျက် နံနက်ခင်း ဘုရားပူဇော်ခြင်းဟု ကဗျာဆန်ဆန် ဖွင့်ဆိုပြသည်။ သူရိယနေမင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကလည်း သည်နည်းနှင်နှင်ပင် သည်စေတီပုထိုးများကို ၀တ်ပြု ပူဇော်ခဲ့ပေလိမ့်မည်ဟူသော အနောက်တိုင်းသားတစ်ဦး၏ ရင်တွင်းခံစားချက်ကို ကြားရချိန်မှာတော့ သည်အဘိုးကြီးနှင့် လိုက်လာရကျိုးနပ်ပြီဟု ကျနော်သိလိုက်သည်။ ပြောရင်း၊ ငေးရင်း၊ လျှောက်ရင်း အရှေ့မှာ လိုဏ်ဂူသုံးဆင့်ပုံ တည်ထားသော ထီးလိုမင်းလို ဘုရားကို လှမ်းတွေ့ရသည်။ စေတီဒါယကာသည် နရပတီစည်သူ၏ သား ဇေယျသိင်္ခ ဖြစ်ပြီး၊ နန်းတောင်းများမင်း ဟုလည်း လူသိများသည်။ ထိုမင်း၏ မယ်တော်သည် နရပတီစည်သူထံ သူ့သားအတွက် ထီးနန်းတောင်းလွန်းသည့်အတွက် နန်းတောင်းများမင်းဟု တွင်ခြင်းဖြစ်သည်။ ပုဂံမင်းဆက်၏ ဂုဏ်ရောင်သည်လည်း ထိုမင်းလက်ထက်မှစ၍ အကျဘက်သို့ ဦးတည်ခဲ့သည်။
ထိုဘုရားမှတစ်ဖန် ခရီးလမ်းသင့်ရာ အနောက်တောင်ဘက်ရှိ ဧရာဝတီမြစ်ကမ်းပေါ် မေးတင်တည်ထားသော ဗူးဘုရားဘက်ထွက်ခဲ့သည်။ ထိုဘုရားကို အိုကွန်းနားက ဗူး (သို့) ဖရုံဘုရားဟု ခေါ်သည်။ ထို့နောက် သူက ဗူးဘုရား၏ ဗိသုကာလက်ရာမှာ အလွန်ထူးခြားသည်။ အိန္ဒိယလက်ရာကို အရိပ်အမြွက်မျှပင် မတွေ့ရ။ ဆာဟင်နရီယူး(လ်) (Sir Henry Yule) က အခြားကမ္ဘာမှ ဗိသုကာလက်ရာဟုပင် တအံ့တသြ ညွှန်းဆိုခဲ့သည် ဆို၏။ ဗူးဘုရား၏ ထူးခြားချက် နောက်တစ်ခုမှာ တည်နေရာနောက်ခံ ပန်းချီကားဖြစ်သည်။ အနောက်ဘက်ရှိ ဧရာဝတီမြစ်မှ ဖြတ်တိုက်လာသော လတ်ဆတ်သည့် လေကို ရှူရှိုက်ပြီး၊ မျှော်မဆုံးသော ကောင်းကင်ပြာ၏ ရှုခင်းကို ကြည့်ရသည်မှာ စိတ်ကြည်နူးခြင်း၊ ၀မ်းမြောက်ခြင်း၊ အားရခြင်း ရသတို့ကို တစ်ပြိုက်နက်တည်း ခံစားရသည်။ ကျနော်တို့နှစ်ယောက် အချိန်တော်တော်ကြာကြာ စကားမပြောကြဘဲ သဘာဝအလှကို ခံစားနေမိသည်။ ထို့နောက် ဗူးဘုရား၏ တောင်ဘက်ရှိ ကန်တော့ပလ္လင်ဘက်သို့ ခြေဦးလှည့်လိုက်ကြသည်။
ကန်တော့ပလ္လင်မရောက်မီ လမ်းတွင် မဟာဗောဓိစေတီကို ၀င်၍ ဦးတိုက်ကြသည်။ အိန္ဒိယရှိ ဗုဒ္ဓဂါယာမှ မဟာဗောဓိစေတီကို ပုံစံတူယူ၍ တည်ထားခြင်း ဖြစ်ရာ၊ အိန္ဒိယ ဗိသုကာဟန် အပြည့်ရှိသော တစ်ဆူတည်းသော စေတီဖြစ်သည်။ မဟာဗောဓိသည် အခြားသော ပုဂံဘုရားများထက် အမြင်အားဖြင့် မတူသောကြောင့် တစ်နည်းအားဖြင့် ထူးဆန်းသည်ဟု ယေဘုယျဆိုနိုင်သော်လည်း ကြီးကျယ်ခမ်းနားမှုနှင့် ဗိသုကာလက်ရာ လှပသေသပ်မှုတွင် ပုဂံရှိ အခြားစေတီပုထိုးများကို မမီပါ။ မဟာဗောဓိစေတီမှ နောက်ထပ် အရေးကြီးသော တွေ့ရှိချက်မှာ ထိုစဉ်အချိန်ကပင် မြန်မာနှင့် အိန္ဒိယ ကူးလူးဆက်ဆံမှုရှိပြီး အိန္ဒိယသားများလည်း ပုဂံဝန်းကျင်တစ်ဝိုက်တွင် ရှေးယခင်ကပင် အခြေချ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုမှ အောက်ဘက်ကို ဆက်လျှောက်ကာ ဧရာဝတီမြစ်နဘေး တည်ထားသော ကန်တော့ပလ္လင် ဘုရားကို ဖူးတွေ့သည်။ နရပတိစည်သူမင်းသည် ဘေးလောင်းတော်၊ ဘိုးလောင်းတော်များကို ၀စီအားဖြင့် ပစ်မှားမိခဲ့သည်ကို ကန်တော့ တောင်းပန်လိုသောကြောင့် တည်ထားသော စေတီဟု သိမှတ်ရသည်။ မစ္စတာ အိုကွန်းနားက ကန်တော့ပလ္လင်၏ လက်ရာသည် အာနန္ဒာနှင့် သဗ္ဗညုကြားတွင် ရှိသည်ဟု သူယူဆကြောင်း၊ ပုဂံတွင် အနုလက်ရာဘက်တွင် အာနန္ဒာကို မီသော စေတီမရှိ၊ ထိုနည်းတူ မြင့်မားထည်ဝါပြီး၊ ကြီးကျယ်ခမ်းနားမှုအရာတွင် သဗ္ဗညုသည် ပြိုင်စံရှား။ ကန်တော့ပလ္လင်၏ ဗိသုကာလက်ရာမှာ အာနန္ဒာ၏ အနုလက်ရာနှင့် သဗ္ဗညု၏ ခမ်းနားထည်ဝါမှုဟန်ကို အချိုးညီညီပေါင်းစပ် တည်ထားသည်ဟု ဆိုနိုင်ကြောင်း သူ့ထင်မြင်ချက်ကို ရှင်းပြသည်။ ထိုသို့သော ရှင်းလင်းချက်မျိုးကို ကျနော် တစ်ခါမှ မကြားဖူး၊ မဖတ်ဖူးပါ။ ဗြိတိသျှတစ်ဦးက ထိုသို့ရှင်းပြလိုက်မှ သြော် ငါတို့က ပစ္စည်းကို ပိုင်ရုံပိုင်တာ၊ သူတို့က ပစ္စည်းတန်ဖိုးကို နားလည်တာပါလားလို့ ခံစားလိုက်ရသည်။
နေသိပ်မပြင်းခင် ကန်တော့ပလ္လင်မှ အရှေ့ဘက် ခပ်လှမ်းလှမ်းရှိ အလောင်းစည်သူ ကောင်းမှု ရွှေဂူကြီးသို့ ခရီးဆက်ခဲ့သည်။ အနီးဝန်းကျင်ရှိ စေတီများနှင့် နှိုင်းစာလျှင် အရွယ်အစား သေးငယ်သော်လည်း ရွှေဂူကြီးတွင် စိတ်ဝင်စားစရာ သုံးချက် ရှိသည်ဟု သိရသည်။ ပထမတစ်ချက်က စေတီတည်ကောင်းမှု မော်ကွန်းကျောက်စာ။ ကျောက်စာတွင် ရေးထိုးထားသော မြန်မာစာ အရေးအသားမှာ လှပပြေပြစ်သောကြောင့် ရှေးခေတ်မြန်မာစာပေအတွက် အရေးကြီးသော တွေ့ရှိချက်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ စေတီဒါယကာ၏ ကံကြမ္မာနှင့် ဆိုင်သည်။ အလောင်းစည်သူခေါ် ရွှေဂူဒါယကာသည် ဤရွှေဂူကြီးဘုရားအတွင်းတွင် သူ၏သား နရသူ၏ လုပ်ကြံခြင်းကို ခံရပြီး အနိစ္စရောက်ခဲ့သည်။ နောက်ဆုံးတစ်ချက်က ပုဂံဒေသတွင် စေတီပုထိုးမြောက်မြားစွာကို ယနေ့ထက်တိုင် မျက်မြင်တွေ့နိုင်သေးသော်လည်း ပထမမြန်မာနိုင်ငံ၏ နန်းတော်နေရာကိုမူ စိုးစဉ်းမျှ မတွေ့ရ၍ နှောင်းလူတို့အဖို့ အခက်တွေ့ရသည်။ မစ္စတာ အိုကွန်းနားက ဒေသခံ ပုဂံပြည်သူများထံမှ စုံစမ်းသိရှိရပြီး၊ သူကိုယ်တိုင်လည်း လက်သင့်ခံနိုင်သော ပုဂံနေပြည်တော်၏ နန်းတော်ရာမှာ ယခု ရွှေဂူကြီး၏ အရှေ့ဘက် လွင်ပြင် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ရွှေဂူကြီးကို နန်းဦးဘုရားလည်း ခေါ်ဝေါ်ကြသည်ဟု သူက ထပ်ရှင်းပြသည်။ နန်းတော်ရာ၏ တည်နေရာ အကျယ်အ၀န်းကို မြေပုံပေါ်တွင် လေ့လာကြည့်ရာ ယနေ့ခေတ် မြို့ပြများ၏ အကျယ်အ၀န်းနှင့် နှိုင်းစာလျှင် ရပ်ကွက်ငယ် တစ်ခုမျှသာ ရှိသည်။ ဤမျှသေးငယ်သော အကျယ်အ၀န်းတွင် ရှေးမြန်မာမင်းတို့ နန်းတော် တည်ဆောက်ခဲ့သည်မှာ ဖြစ်နိုင်ပါသလား။ တည်ထားကိုးကွယ်ခဲ့သော စေတီများ၏ ကြီးမားခန့်ထည်မှု၊ ဗိသုကာလက်ရာ အဆင့်အတန်း မြင့်မားမှု၊ ပထမမြန်မာနိုင်ငံ၏ မူလဘူတဆိုသော အရာများနှင့် ချိန်ထိုးကြည့်လျှင် သိပ်ဘ၀င်မကျနိုင်။ သို့သော် မြေပြင်အနေအထားကို ဆက်လက် လေ့လာကြည့်ရာ ရွှေဂူကြီး အရှေ့ဘက်လွင်ပြင်ကို ကျော်လိုက်သည် ဆိုလျှင်ပဲ မင်းနန်သူအရပ်ကို တွေ့ရသည်။ ရှေးက မင်းနန်သူအရပ်ကို မင်းနေပြည်နှင့် တစ်သီးတစ်ခြား ဖော်ပြခဲ့သည် ဖြစ်ရာ ပုဂံခေတ်နန်းတော်ရာသည် ဆိုခဲ့ပါ လွင်ပြင် နယ်နိမိတ် အတွင်းတွင်သာ ရှိသင့်သည်။ ထို့ပြင် ပုဂံ၏ နှလုံးသည်းပွက်ဟု ဆိုနိုင်သော အာနန္ဒာ၊ သဗ္ဗညု၊ ကန်တော့ပလ္လင် စေတီများမှာ ထိုလွင်ပြင်၏ အနီးတ၀ိုက်တွင်ပင် တည်ရှိသည်ဖြစ်ရာ၊ မင်း၊ မှူးမတ်တို့အနေဖြင့် ၎င်းတို့ အလွယ်တကူ ဖူးမြှော်နိုင်ရန် စေတီပုထိုးများကို နန်းတော်အနီးတွင် တည်ထားရန် ရွေးချယ်ခဲ့နိုင်သည်ဟူသော ရှုထောင့်မှ ကြည့်လျှင် မစ္စတာအိုကွန်းနား၏ ထင်မြင်ချက်မှာ သင့်လျော်သည်ဟု ဆိုနိုင်သည်။ သို့သော် တည်နေရာ အတိအကျကို စုံစမ်းရန်မှာ ရှေးဟောင်းသုတေသန၏ အလုပ်ဖြစ်သောကြောင့် သူတို့၏ ထောက်ခံအတည်ပြုချက် မရမချင်း ကြိမ်းသေသည်ဟုကား မဆိုနိုင်။
ထိုမှတစ်ဖန် အောက်နားရှိ အလောင်းစည်သူမင်း၏ ကောင်းမှုတော် တစ်ဆူဖြစ်သော သဗ္ဗညုကို ဖူးဖြစ်ပါသည်။ ပုဂံစေတီပုထိုးများတွင် ဥာဏ်တော်အမြင့်ဆုံး။ ဥာဏ်တော်တကာတွင် အမြင့်ဆုံးဖြစ်သော မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို ရည်စူး၍ တည်ထားသောကြောင့် ဥာဏ်တော်မှာ အမြင့်ဆုံး ဖြစ်နေခြင်း ဖြစ်ပါလိမ့်မည်။ ထိုဘုရားနောက်တည်သော ဘုရားများမှာလည်း ဗုဒ္ဓ၏ သဗ္ဗညုတဥာဏ်တော်ကို ကိုယ်စားပြုတည်ထားသော ဤဘုရားထက် ပို၍ မြင့်ခြင်းကာ မသင့်လျော်ဟု ယူဆသောကြောင့် ဥာဏ်တော်ကို နိမ့်၍ တည်ကြသည်ဟု ယူဆလျှင် သင့်တင့်မည်ဟု ထင်ပါသည်။ မစ္စတာ အိုကွန်းနားက သဗ္ဗညုစေတီ၏ ထူးခြားသော ဗိသုကာလက်ရာကို ဤသို့ ရှင်းပြသည်။ စေတီမှာ လေးဆင့် ဂူဘုရားမျိုးဖြစ်ပြီး ထူးခြားချက်မှာ တတိယ ပစ္စယံမှ စပြီး အာနန္ဒာလို တစ်ဆင့်ချင်း မြင့်တက်သွားခြင်း မဟုတ်ဘဲ ထောင်လိုက် ပေ (၅၀) ခန့် တောက်လျှောက် မြင့်တက်သွားစေခြင်းဖြင့် ဘုရားဖူး၏ စိတ်နှလုံးကို ဆွဲငင်ထားသည်ဟု ဆိုသည်။ သူပြောသလို လိုက်ကြည့်လိုက်မှ ဟုတ်ပေသည်ဟု ၀န်ခံမိသည်။ ဟိုယခင်က သည်လို သတိမထားမိ။ ထိုသို့ ဘုရားကို ဖူးမြှော်ပြီး အာနန္ဒာဘက် ကူးရန် ဆိုသောအခါ သူက သဗ္ဗညုအနီးရှိ ရှေးဟောင်း လက်ရာတစ်ခုကို သွားကြည့်ချင်သေးသည်ဟု ဆိုသည်။ လိုက်သွားကြည့်သောအခါ တစ်ပိုင်းတစ်စသာ ကျန်တော့သည့် ထုထည်ကြီးကြီးမားမားနှင့် ဗဟိုစည် ချိတ်ဆွဲရာ နီကျင်ကျင် အုတ်တိုင်လုံးကြီး နှစ်လုံးကို တွေ့မြင်ရသည်။ သင်္ခါရသဘောအရ ရှေးဘုရင်တို့၏ အချုပ်အခြာ အာဏာကို ကိုယ်စားပြုသော ဗဟိုစည်ကား မရှိတော့။ သို့သော် ထိုကြွင်းကျန်နေသော တိုင်လုံးကြီးနှစ်လုံးကား နှစ်ပေါင်းထောင်ချီ ကြာသည့်တိုင် ခန့်ထည်မြဲ ခန့်ထည်ဆဲ။ ထိုခန့်ငြားမှုမှာ ဂရိတို့၏ ပါသီနွန်နတ်ကွန်းရှိ တိုင်လုံးများထက် မလျော့ဟု သူက ရှင်းပြပါသည်။ သူ ဤမျှ ညွှန်းသော ထိုတိုင်လုံးကြီးများကို ပထမအကြိမ် ရောက်ခဲ့စဉ်က ကျနော် သတိမမူမိခဲ့။ ရောက်သည့်အချိန်ကလည်း ညအချိန် ဖြစ်သည်က တစ်ကြောင်း၊ လေ့လာမှု အားနည်းခြင်းက တစ်ကြောင်းကြောင့်ဟု ဆင်ခြေပေးက ပေးနိုင်ပါသည်။ ယခုတော့ အဘိုးအို၏ ကျေးဇူးကြောင့် မြန်မာတို့၏ လူသိနည်းပြီး ဂုဏ်ယူဖွယ်ကောင်းသော လက်ရာတစ်ခုကို ဒိဋ္ဌတွေ့ခဲ့ရသည်။
နေလည်း တော်တော်မြင့်လာပြီ။ သည့်ထက်ပိုမြင့်၊ ပိုပူလာလျှင် မကောင်း။ ကျနော့်အတွက် အကြောင်းမဟုတ်တောင် အဘိုးကြီးကို ငဲ့ရအုံးမည်။ သူလည်း စိတ်ဆောင်နေ၍သာ၊ လူပုံကတော့ နွမ်းနယ်နေပြီ။ ထို့ကြောင့် ကျနော်က ရှေ့နားမှ အာနန္ဒာ ဖူးပြီးလျှင် ပြန်နားကြရအောင်ဟု အဘိယာစက ပြုသည်။ သူကလည်း အာနန္ဒာ မဖူးရလျှင် ပုဂံလာသည် မမြည်။ ထို့ကြောင့် အာနန္ဒာဖူးပြီးမှ နားမည်ဆိုသော စကားကို လက်ခံသည်။ အာနန္ဒာသို့ သွားရာလမ်းတွင် သူက အာနန္ဒာသည် ပုဂံ (သို့မဟုတ်) မြန်မာပြည်၌ သာမက အရှေ့တိုင်း၏ အကျော်ကြားဆုံး၊ အထင်ရှားဆုံး အဆောက်အဦးတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ပထမအကြိမ် အာနန္ဒာကို ရောက်ခဲ့စဉ်က ကျနော်သည် ဆရာဇော်ဂျီ၏ ပုဂံမြို့ဟောင်း ဆောင်းပါးပါ ဆရာ့ ချဉ်းကပ်ပုံကို လက်ကိုင်ထား၍ ဘုရားကို ဖူးမြှော်ခဲ့သည်။ ယခုအကြိမ်မှာမူ အပိုဆုအနေဖြင့် ဗြိတိသျှတစ်ဦးထံမှ အာနန္ဒာစေတီ၏ ထူးခြားသော ဗိသုကာလက်ရာများကို ကြားရတော့မည်။ ဘုရားထဲဝင်ပြီး မတ်ရပ်ရုပ်ပွားတော်ကို ကြည့်ပြီး အိုကွန်းနားက ရုပ်ပွားတော်မျက်နှာဖွင့်ကို ဦးစွာ ရှင်းပြသည်။ ရုပ်ပွားတော်ကြီးများမှာ အလွန်ကြီးမားပြီး အမိုးခုံးထိပ်သို့တိုင် ထိုးတက်သွားသည်။ သို့သော် အလင်းပေးစနစ်၏ ကောင်းမွန်မှုကြောင့် မျက်နှာတော်တွင် အရိပ်ဟူ၍ မြူမျှမထင်။ ထို့ကြောင့် ရုပ်ပွားတော်၏ မဟာကရုဏာကို ထင်ဟပ်ပြသနေသော မျက်နှာတော်သည် နှစ်ပေါင်း ထောင်ချီလာသည့်တိုင် ရှေးယခင်က ဘုရားဒါယကာ ကျန်စစ်မင်း၏ ဖြစ်စေလိုသော ဆန္ဒအတိုင်း ၀င်းပမြဲ ၀င်းပဆဲ။ မျက်နှာတော်ကို အလင်းပေးရာတွင်လည်း အလင်းပေးသော ပြတင်းပေါက်များကို မမြင်မတွေ့ရသည်ဖြစ်ရာ ရောင်တော်ဖွင့်ထားသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။ မြင်လည်း မြင်တတ်သော အဘိုးကြီးပါပေ။ ထို့နောက်တစ်ဖန် မတ်ရပ်ရုပ်ပွားတော်များ၏ ပန်းပု အတတ်ပညာကို ချီးကျူးသည်။ ရုပ်ပွားတော်များမှာ အရွယ်အစား လွန်စွာကြီးမားသော်လည်း အံ့သြဘနန်း ဖြစ်ရလောက်အောင် ပြေပြစ်သွက်လက်သည်ဟု ဆိုပါသည်။
အပြင်ဘက် ဗိသုကာ လက်ရာကို အဓိပ္ပါယ် ဖွင့်ဆိုပြပြန်သည်။ အာနန္ဒာစေတီ၏ ပန္နက်တော်ရိုက်ပုံကို သူမချီးကျူးဘဲ မနေနိုင်ဟု ဆိုသည်။ တည်ထားပုံမှာ ရှေးဂရိဘုရားကျောင်းများ တည်ဆောက်ပုံကဲ့သို့ အတိအကျ ကြက်ခြေခတ်ပုံ ဖြစ်သည်။ အာရုံခံတန်ဆောင်းများကို ထည့်တွက်လျှင် စုစုပေါင်း အလျားအရှည် ပေ (၂၈၀) ရှိသည်။ ရှေးဂရိဘုရားကျောင်းများသည် ရွှေအချိုး [golden ratio (length/height) = 1.618] နှင့် ဆောက်ထားသည်ဟု သိရရာ ယခု သူပြောသော အာနန္ဒာ၏ အလျားဖြတ်ပုံမှာ ရွှေအချိုးနှင့် မကိုက်ပါဘဲ ဘာကြောင့် သူက တူသည်ဟု ဆိုရသလဲ။ သိပ်မရှင်း။ စေတီပုံကို ထပ်ကြည့်မှ ရှင်းတော့သည်။ ဟုတ်သည်။ ကျနော်က အာရုံခံတန်ဆောင်းတွေကို တပါတည်း ပေါင်းကြည့်သောကြောင့် အချိုးမကိုက်။ ပင်မ စေတီဆောင်ကိုသာ ကြည့်ပါက အလွန်လှပသော အချိုးဖြင့် တည်ဆောက်ထားသည်ကို တွေ့ရသည်။ စေတီ၏ အပြင်ဘက် အုတ်နံရံများတွင်လည်း အဆင့်မြင့်လက်ရာ စဥ့်စိမ်းသုတ် အုတ်ချပ်များကို ထောင်နှင့် ချီ၍ တွေ့ရသည်။
ထို့နောက် သူနှင့် ကျနော် စေတီအနီးတွင် မောမောနှင့် ထိုင်၍ စောစောက ရွှေအချိုး အကြောင်း ပြောဖြစ်သည်။ အမှန်တော့ ရွှေအချိုးကို ဂရိတို့ စသုံးခဲ့သည်။ ထိုမှ အာမေနီးယန်း၊ အာမေနီးယန်းမှ အိန္ဒိယ၊ အိန္ဒိယမှ မြန်မာပြည်သို့ ရောက်လာပြီး ဤအာနန္ဒာစေတီတွင် သုံးသလားပေါ့။ သူက ဖြစ်နိုင်ပါသည်။ စောစောက မဟာဗောဓိစေတီ တည်နေပုံအရ အိန္ဒိယနှင့် ပုဂံ အဆက်အသွယ် ရှိသည်မှာ ငြင်းမရ။ သို့သော် သူက မြန်မာတို့ ကိုယ်နည်း ကိုယ့်ဟန်ဖြင့် တွေ့ရှိခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ထိုအကြောင်းကို သူက အကျိုးအကြောင်းနှင့် ရှင်းပြသည်။ ပုဂံ ပုထိုးစေတီများတွင် အိန္ဒိယဟန် လွှမ်းနေသည်ဟု သူကြားသိရကြောင်း။ သို့သော် ပုဂံနှင့် ခေတ်ပြိုင် အိန္ဒိယတွင် ပုဂံကဲ့သို့ ထူးခြားကောင်းမွန်သော ဗိသုကာလက်ရာများကို မတွေ့ရကြောင်း၊ ထို့ပြင် ပုဂံဘုရားတို့၏ လက်ဖျားခါရသော အမိုးခုံးတည်ဆောက်ပုံမျိုး မည့်သည့် ခေတ်ပြိုင် အိန္ဒိယ အဆောက်အဦးတွင်မှ မရှိ။ ထို့ကြောင့် သူက ဤသို့သော ဗိသုကာ လက်ရာများကို ဖန်တီးနိုင်သော ပုဂံသားများ ကိုယ်တိုင် ရွှေအချိုးကို တွေ့ရှိနိုင်သည်မှာလည်း ဖြစ်နိုင်ကြောင်း။
နောက်ထပ် အတွေးပွားစရာ တစ်ချက်ကို သူက ဆက်ဆိုပြန်သည်။ ပုဂံ၏ ဗိသုကာမှာ အထူး အဆင့်မြင့်နေပြီ ဖြစ်ရာ၊ ပုဂံသည် ယဉ်ကျေးမှုကြီးတစ်ခု၏ အစပြုချက် မဖြစ်နိုင်။ ထိုယဉ်ကျေးမှုကြီး၏ အမြင့်ဆုံး ကာလသာ ဖြစ်နိုင်သည်။ ဒါဆို ပုဂံ ယဉ်ကျေးမှုသည် ဘယ်က လာသလဲ။ ပုဂံနောက်ပိုင်း ယဉ်ကျေးမှုသည်လည်း ဘာကြောင့် ပုဂံကို မကျော်နိုင်သလဲ။ ပုဂံသည် သရေခေတ္တရာ၏ အဆက်။ သို့ဆိုလျှင် သရေခေတ္တရာသည် ပုဂံယဉ်ကျေးမှု၏ အစဖြစ်လောက်အောင် အဆင့်မြင့်ခဲ့ပါသလား။ မမြင့်ခဲ့လျှင် ပုဂံသားတွေ သည်ဗိသုကာ အတတ်ပညာတွေကို ဘယ်က ရသလဲ။ ဒါတွေက သူ့နှင့် ကျနော့်အတွက် လောလောဆယ် အလှမ်းမမီ။ ခရီးကော အတွေးပါ သည်မှာရပ်ပြီး အေးအေးလူလူ နားနေမိပါတော့သည်။
[၀န်ခံချက်။ ။ဆရာကျော်ဝင်း၏ သမိုင်းထဲက ပုဂံ၊ ပုဂံထဲက သမိုင်း စာအုပ်ထဲမှ အကြောင်းအရာများကို မူတည်၍ မူရင်းစာရေးသူ V. C. Scott O’connor ကို ဇာတ်ကောင် အနေဖြင့် သုံးကာ ကိုယ်ပိုင် စကားစု အနည်းငယ်ထည့်ပြီး ရေးထားခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Mandalay and other cities of the past in Burma။ ခရီးစဉ်၏ ကာလကို လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် (၁၈၉၄-၁၈၉၆) ဟု ယူဆစေချင်ပါသည်။]
အမိမြေ အလွမ်းပြေ မှ ကူးယူသည်။
ထူးဆန်းနေလား.......................
အမေမွေးပြီးငယ်ငယ်ကလေးဘ၀ကတည်းက မဂျီးကတစ်ယောက်တည်း
ကြီးလာတော့ မူလတန်းကျောင်းသူဘ၀ရောက်တော့လည်း တစ်ယောက်တည်း
တစ်ဆင့်တစ်ဆင့်ကြီးပြင်းလာတဲ့နောက်လည်း တစ်ယောက်တည်း......ပဲ
အိမ်မှာလည်း အဖေ ၊ အမေ နဲ့ မဂျီးနဲ့ ၃ယောက်ရှိပေမယ့် တစ်ယောက်တစ်နေရာစီ နေပြီး တစ်ယောက်တည်းကမ္ဘာ နေခဲ့ကြတာ အကျင့်ကိုပါလို့.....အလုပ်ထဲရော က်လာတော့လည်း ဒီအကျင့်အတိုင်းဆက်သွားတယ်။
တစ်ယောက်တည်းပဲနေချင်တယ်
တစ်ယောက်တည်းပဲနေတယ်
တစ်ယောက်တည်းပဲသီးသန့်ကမ္ဘာတည်ဆောက်တယ်။
ကိုယ့် ကမ္ဘာလေးထဲမှာ ကိုယ်သာလျှင် ရှင်ဘုရင်
ကိုယ်သာလျှင် မိဖုရား
ကိုယ်သာလျှင်မှူးမတ်ပညာရှိ
ကိုယ်သာလျှင်ကိုးကွယ်ရာ
ကိုယ်မှတစ်ပါး အခြား ဘယ်သူမှမရှိ...............
ကဲ
ဒီလိုနေထိုင်တဲ့ဘ၀က မဆန်းကျယ်ပါဘူးနော်.......
သေရင်လည်းတစ်ယောက်တည်းပဲသွားရမှာ....အဖော်လည်းမလိုဘူး။
မလိုအပ်ဘူးလို့လည်း ခုချိန်ထိ ခံယူထားတယ်.............
ဒါကြောင့် မဂျီး တစ်ယောက်တည်းဖြစ်နေတာ မဂျီးအတွက် မဆန်းကြယ်ပါဘူး
အဲ..............
မဂျီးသာ နှစ်ယောက်ဖြစ်သွားရင်.......... .ဒီလိုအဖြစ်ပျက်မျိုးဖြစ်လာမှသာ ဆန်းကြယ်မှာ
ခုတော့ဘာမှမထူးဆန်းပါဘူးကွယ်... .......
ထူးဆန်းတဲ့အချိန်ရောက်မှ ထူးဆန်းကြပေါ့ကွယ်........
ကြီးလာတော့ မူလတန်းကျောင်းသူဘ၀ရောက်တော့လည်
တစ်ဆင့်တစ်ဆင့်ကြီးပြင်းလာတဲ့နေ
အိမ်မှာလည်း အဖေ ၊ အမေ နဲ့ မဂျီးနဲ့ ၃ယောက်ရှိပေမယ့် တစ်ယောက်တစ်နေရာစီ နေပြီး တစ်ယောက်တည်းကမ္ဘာ နေခဲ့ကြတာ အကျင့်ကိုပါလို့.....အလုပ်ထဲရော
တစ်ယောက်တည်းပဲနေချင်တယ်
တစ်ယောက်တည်းပဲနေတယ်
တစ်ယောက်တည်းပဲသီးသန့်ကမ္ဘာတည်ဆောက်တယ်။
ကိုယ့် ကမ္ဘာလေးထဲမှာ ကိုယ်သာလျှင် ရှင်ဘုရင်
ကိုယ်သာလျှင် မိဖုရား
ကိုယ်သာလျှင်မှူးမတ်ပညာရှိ
ကိုယ်သာလျှင်ကိုးကွယ်ရာ
ကိုယ်မှတစ်ပါး အခြား ဘယ်သူမှမရှိ...............
ကဲ
ဒီလိုနေထိုင်တဲ့ဘ၀က မဆန်းကျယ်ပါဘူးနော်.......
သေရင်လည်းတစ်ယောက်တည်းပဲသွားရမှ
မလိုအပ်ဘူးလို့လည်း ခုချိန်ထိ ခံယူထားတယ်.............
ဒါကြောင့် မဂျီး တစ်ယောက်တည်းဖြစ်နေတာ မဂျီးအတွက် မဆန်းကြယ်ပါဘူး
အဲ..............
မဂျီးသာ နှစ်ယောက်ဖြစ်သွားရင်..........
ခုတော့ဘာမှမထူးဆန်းပါဘူးကွယ်...
ထူးဆန်းတဲ့အချိန်ရောက်မှ ထူးဆန်းကြပေါ့ကွယ်........
ဘာဖြစ်ချင်လဲ...................?
တိုက်ခိုက်နေတာတွေကို လစ်လျှူမရှုနိုင်သရွေ့ ကျဆုံးနေရဦးမှာပါပဲ
အတင်းပြောနေတာတွေကို ဂရုစိုက်နေသရွေ့ စိတ်ညစ်နေရဦးမှာပါပဲ
အမုန်းတရားတွေကို မချေဖျက်နိုင်သရွေ့ ပူလောင်နေရဦးမှာပါပဲ .....................
.
.
.
.
.
.
.
တဲ့
သက်တန့်ချို ကပြောထားတာ..........
ဆရာပြောတာကို သေချာဖတ်ကြည့်တော့ ဟုတ်တယ်
လစ်လျုမရှုနိုင်သရွေ့ အခါခါကျဆုံးနေမှာ
ကိုယ့်နောက်ကွယ်မှာ အတင်းပြောနေတာကို ဂရုစိုက်နေရင် စိတ်ညစ်နေရမှာ............
ထားမိတဲ့ အမုန်းတရားတရားတွေ မချေဖျက်နိုင်သေးရင် ပူလောင်နေအုံးမှာပဲ............ .
ကဲ
ငြိမ်းချမ်းချင်လား
စိတ်ချမ်းသာချင်လား
အောင်မြင်ချင်လား
.......?
အတင်းပြောနေတာတွေကို ဂရုစိုက်နေသရွေ့ စိတ်ညစ်နေရဦးမှာပါပဲ
အမုန်းတရားတွေကို မချေဖျက်နိုင်သရွေ့ ပူလောင်နေရဦးမှာပါပဲ .....................
.
.
.
.
.
.
.
တဲ့
သက်တန့်ချို ကပြောထားတာ..........
ဆရာပြောတာကို သေချာဖတ်ကြည့်တော့ ဟုတ်တယ်
လစ်လျုမရှုနိုင်သရွေ့ အခါခါကျဆုံးနေမှာ
ကိုယ့်နောက်ကွယ်မှာ အတင်းပြောနေတာကို ဂရုစိုက်နေရင် စိတ်ညစ်နေရမှာ............
ထားမိတဲ့ အမုန်းတရားတရားတွေ မချေဖျက်နိုင်သေးရင် ပူလောင်နေအုံးမှာပဲ............
ကဲ
ငြိမ်းချမ်းချင်လား
စိတ်ချမ်းသာချင်လား
အောင်မြင်ချင်လား
.......?
Tuesday, 10 September 2013
မြစ်ပြင်ပေါ်မှာ
ဇွန်လ၏ ညနေခင်းတစ်ခုဖြစ်သဖြင့်
ဧရာဝတီမြစ်ရေသည် မြင့်တက်စပြုနေပြီ။ မိုးနည်းပါးသောပုဂံညောင်ဦးဒေသတွင် ဇွန်လသည် ပူပြင်းခြောက်သွေ့ဆဲဖြစ်၏။
သို့သော် မိုးရိပ်လေရိပ်တော့
ဆင်စပြုပြီ။
တစ်ခါတစ်ခါ မိုးသက်လေပြင်းများကြောင့် လှိုင်းထန်လေထန်တတ်သောအချိန်ဖြစ်သည်။ ထိုနေ့ညနေက ဧရာဝတီမြစ်ရေပြင်၌ လှိုင်းကြီးခဲ့သည်။
ညောင်ဦးသူဖြစ်သည့်အတိုင်း
ကျွန်မသည် အနယ်နယ်အရပ်ရပ်မှ သူငယ်ချင်းများ…မိတ်ဆွေများ….ပုဂံသို့ဘုရားဖူးလာတိုင်း
ပုဂံဘုရားများသို့ လိုက်ပို့ရှင်းပြနေကျဖြစ်သည်။
………..ထိုရက်ကတော့ ကျွန်မလိုက်ပို့ရှင်းပြရသည့် ဧည့်သည်မှာ ကျွန်မ၏ချစ်သူဖြစ်နေသည်။
ထို့ကြောင့် သူသွားချင်သည့် ဘုရားများသို့ မြင်းလှည်းဖြင့်တစ်မျိုး ….စက်ဘီးဖြင့်တစ်မျိုး
ကျွန်မလိုက်ပြခဲ့ပါသည်။ သူက ညောင်ဦးဘက်က ဘုရားများသို့ ရောက်ဖူးချင်သည် ဟု အဆိုပြုလာသည်။
ညောင်ဦးဘုရားများအနက် ဘုရားဖူးများရောက်နေကျမှာ ရွှေစည်းခုံဘုရားသာဖြစ်သည်။ သူကတော့
သကျမုနိ၊ ကုန်းတော်ကြီးဘုရား….ကျောက်ဂူဥမင်တို့ကိုရောက်ချင်သည်ဟု ဆိုပါသည်။ သူပြောသည့်ဘုရားများသည်
ညောင်ဦးကမ်းပါးနားတွင် စီတန်းလျက်တည်ရှိသဖြင့်….ထို့ပြင် ကားလမ်းဖြင့်သွားဖို့လည်း
ခက်ခဲလှသဖြင့် ကျွန်မက ရေလမ်းကိုရွေးချယ်စေပါသည်…စက်တပ်မော်တော်လေးတစ်စင်းငှားပြီး
ကျွန်မနှင့်မြို့ ခံသူငယ်ချင်းတစ်ယောက်အဖော်ခ်ါကာ သူ့ကိုစိတ်ပါလက်ပါ ကျွန်မလိုက်ပို့ပေးခဲ့သည်။
သူက သမိုင်းအဓိကဖြင့်
ကျောင်းတက်နေသည့် ၀ိဇ္ဖာကျောင်းသား….ကျွန်မက ရူပဗေဒအဓိကဖြင့် ကျောင်းတက်နေသည့် သိပ္ပံကျောင်းသူ….သို့သော်
ရှေးဟောင်းပုဂံဘုရားများအကြောင်းဆွေးနွေးပြောဆိုရာတွင်တော့ ကျွန်မနှင့်သူ အသိပညာနှင့် စိတ်ဝင်စားမှုချင်း တော်တော်နီးစပ်စွာဖလှယ်နိုင်ကြပါသည်။
မော်တော်ပေါ်တွင်
ဘုရားတွေအကြောင်း…..ဘုရင်တွေအကြောင်း…ရောက်တတ်ရာရာပြောဆိုရင်း သူနှင့်ကျွန်မတလှည့်စီဓါတ်ပုံရိုက်လျက်
ပျော်ရွှင်ခဲ့ကြသည်။ ကမ်းစပ်မှာ မော်တော်ကိုရပ်လျက် သဲချောင်းကလေးရှိရာသို့ ကုန်းမြင့်ဆင်ခြေလျောအတိုင်း
ကျွန်မတို့ဖြတ်သွားရသည်။ ရေမရှိသောသဲချောင်းကလေးကိုရောက်တော့ ထိုသဲပြင်များအတိုင်း
ချောင်းတစ်လျှောက် ခရီးဆက်ကြရသည်။ ဘေးပတ်ဝန်းကျင်သည် ငှက်မြည်သံပင်မကြားရအောင်တိတ်ဆိတ်လျက်….ချောင်းရိုးတစ်ဖက်တစ်ချက်ရှိ
သစ်ပင်များထံမှ သစ်ရွက်စိမ်းရနံ့စိုစိုကို အားရပါးရ ရှူရှိုက်လျက် ကျွန်မတို့၏ ရယ်မောသံများသည်
တောင်ကမ်းပါးယံများအထိ လွင့်ပျံနေခဲ့ဖူးပါသည်။ ဥမင်မှအပြန်တွင် ကုန်းတော်ကြီးဘုရားအနီးမော်တော်ကိုခဏရပ်စေပြီး
ကျွန်မတို့ဘုရားရှိရာကုန်းမြေဆီသို့တက်ကြရပြန်သည်။
နယ်မြေမကျွမ်းကျင်သောကြောင့်
မကြာခဏ ဆူးစူးလျက် တအားအားအော်နေခဲ့ရသည့် သူ့ကိုကြည့်ကာ ကျွန်မသူငယ်ချင်းက ရယ်မောနိုင်ခဲ့သော်လည်း
ကျွန်မက မရယ်မောနိုင်ခဲ့ပါ………သူ့ခြေထောက်မှာ စူးနေသည့် ထနောင်းဆူးနှင့် ကန္တရဆူးတို့ကို
ကျွန်မမကြာခဏနှုတ်ပေးရ၏။ ….“ နောက်တခါကျရင် ကိုယ့်နောက်ကနေ ကိုယ်ခြေလှမ်းအတိုင်း လိုက်လှမ်းကွာ…..မဟုတ်ရင်
ဆူးထပ်စူးနေဦးမယ်….ကြားလား ….” သူကကျေကျေနပ်နပ်ခေါင်းညိတ်ကာ သဘောတူခဲ့သည်။
အပြန်ခရီးတွင်
သကျမုနိဘုရားသို့ အသွားလမ်း၌ သူဆူးမစူးမီ ကျွန်မအရင်ဆူးစူးသွား၏။ ကျွန်မကတော့ ဆူးစူးတာ
ရိုးနေပြီ ဟူသည့်မျက်နှာပေးဖြင့်အောင့်အီးမျိုသိပ်ကာနာကျင်မှုကို တင်းခံခဲ့ရသည်။ “
အံ့ရာ…ငါပဲရှေ့ကသွားမယ်…နင် ငါ့နောက်ကပဲလိုက်……..” သူက စိတ်မကောင်းဟန်ဖြင့် ညည်းညည်းညူညူပြောတော့
ကျွန်မ ကျေနပ်စွာပြုံးနေခဲ့မိသည်။
ကျွန်မတောင်ကုန်းမှအဆင်းတွင်
ကျောက်စရစ်ခဲ့များဖြင့်ခြေချော်ကျလုနီးနီးဖြစ်နေသည်ကို ယခုထိ ကျွန်မသတိရနေသေးသည်။
“ ကိုမိုး…..ရှေ့ကဖယ်နော်…ကိုယ်ချော်ကျလာရင် ယူ့ကိုတိုက်မိပြီး နှစ်ယောက်လုံးလဲကျသွားလိမ့်မယ်…ဖယ်……..
”
“ ငါရှေ့ကခံထားတော့
နင်အကျသက်သာတာပေါ့ဟာ……ငါတမင် နင့်ရှေ့ကနေပေးတာ အံ့ ရဲ့ …ရဲရဲသာဆင်းခဲ့…ငါရှိတယ်………
” ထိုအခါ ကျွန်မစိတ်ကြည်နူးချမ်းမြေ့သွားသော်လည်း သူမသိအောင် ဟန်ဆောင်ချင်သေးသည်။
“ ဟား…ဟား….
လုံးဝမယုံဘူးနော်..ခြေချော်ကျသွားရင် ယူက ဘေးကိုချက်ချင်းရှောင်ပစ်လိုက်မှာ မဟုတ်လား
…” ကျွန်မတို့ တဟား…ဟား ….ရယ်မောခဲ့ကြသည်… ကျွန်မခြေချော်မကျခဲ့ပါ……….. ထို့ကြောင့်
သူ ကျွန်မကို ဆီး၍မဖမ်းဘဲ ဘေးရှောင်တိမ်းပစ်မည်….မပစ်မည်ကို ကျွန်မမသိနိုင်ခဲ့ပါ………….
အပြန်ခရီးတွင်
မော်တော်သည် ကျွန်မအားစိုးရိမ် သောကရောက်အောင် ဖန်တီးပေးလိုက်ပါသည်။
ဟိုဘက် သည်ဘက်က
တောင်ကမ်းပါးယံများ မိုးရေတိုက်စားသောကြောင့် ဒေါင်လိုက်ကွဲပြတ်နေသော မြေလွှာများ လိုဏ်ခေါင်းသဖွယ်ဖြစ်နေသော
လူတစ်ကိုယ်ဝင်သာစရာ ဂူများ စသည်တို့ကို ကျွန်မတို့ ငေးမောလျက် မြစ်ပြင်ကိုဖြတ်တိုက်လာသော
ကြမ်းတမ်းသည့်လေကို မျက်နှာမော့ခံယူလျက်….မော်တော်စက်သံကို နားထောင်လျက်..ကျွန်မတို့
စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောလာကြသည်။
ထိုအချိန်မှာပင်
မော်တော်စက်သံ ရုတ်တရက် ရပ်သွားခြင်းဖြစ်သည်။ သူက ခေါင်းထောင်ကြည့်ကာ “ ဘာဖြစ်တာလဲ
” ဟုလှမ်းမေးသည်။ “ စက်ရပ်သွားတာ……မကြာဘူးအစ်ကို……ခဏလေးပါ။ ”
မော်တော်မှ အလုပ်သမားလေးနှစ်ယောက် စက်ပြန်နိုးဖို့ကြိုးစားစဉ်မှာ
လေသည် မော်တော်ကို အရှိန်ပြင်းစွာတိုက်ခတ်လျက်ရှိသည်။ ရေလှိုင်းတို့သည် ရေလယ်တွင် ငြိမ်သက်သွားသော
မော်တော်အား ၀ုန်းခနဲ ၀ုန်းခနဲ လာ၍တွန်းတိုက်လေသည်။ မော်တော်သည် ကမ်းနှင့် နီးနီးအနေအထားမှ
တဖြည်းဖြည်းချာလည်လည်ကာ မြစ်လယ်သို့ရောက်သွားလေသည်။ ရေလှိုင်းတို့သည် မော်တော်အား အလျားလိုက်
တွန်းလိမ့်နေသောကြောင့်မော်တော်က ဟိုဘက် သည်ဘက် ယိမ်းယိုင်ကာ လှိုင်းအတိုင်း နိမ့်ဆင်းလိုက် မြင့်တက်လိုက်ဖြစ်လာသည်။
ကျွန်မသည်
မကြောက်သလို ဟန်ဆောင်၍ ပြုံးနေရသော်လည်း ရင်ထဲမှာ တဒိတ်ဒိတ်ခုန်ကာ စိုးရိမ်ပူပန်လှပြီ…..လှိုင်းတစ်ချက်ပုတ်လိုက်ရုံဖြင့်
မော်တော် တိမ်းမှောက်သွားနိုင်သည်။ ကျွန်မ၏ သူငယ်ချင်းက ရေအနည်းအပါးကူးတတ်သည်။ ကျွန်မကတော့
ရေထဲရောက်သွားလျှင် ပလုံခနဲ မြုပ်သွားဖို့သိပ်အချိန်ကြာမည်မထင်ပါ။
ဘာကြောင့်မှန်းမသိ……ထိုသို့သောအခြေအနေတွင်
ကျွန်မသည် ယခင်က ကြုံဖူးသမျှမြစ်၏အန္တရာယ်များနှင့် ကြားဖူးသမျှ မော်တော်သင်္ဘောတိမ်းမှောက်ခြင်း
အသက်သေဆုံးခြင်းဘေးဒုက္ခများကိုသာမြင်ယောင်ကြားယောင်လျက် ထိတ်လန့်လာလေသည်။ဤထိတ်လန့်ခံစားချက်မျိုး
ကျွန်မမကြာခဏ ခံစားခဲ့ရဖူးသော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် ကျွန်မအတွက် အသစ်ဖြစ်နေ၏။
သည်တစ်ခါမှာတော့
ကျွန်မအတွက် ကြောက်ရွံ့တုန်လှုပ်မှုအပြင် မျှော်လင့်ချက်ကလေးတစ်ခုပါ ပိုလာသည်။ ကျွန်မအနားတွင်
ကျွန်မချစ်သူရှိနေသားပဲ ဟူသော မျှော်လင့်ချက်ကလေးဖြစ်သည်။ ထိုမျှော်လင့်ချက်ကြောင့်ပင်
ကျွန်မသည် ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေလျက်က စိတ်သက်သာရမှုကလေး အနည်းငယ်ကိုပါ ခံစားနေရသည်။
သူကျွန်မအနားမှာရှိသည်။ သူရေကူးတတ်သည်။ တစ်ခုခု အန္တရာယ်ကြုံလျှင် သူသည် သူ့ချစ်သူအတွက်
အသက်ကိုစွန့်၍ ရင်ဆိုင်လိမ့်မည်။
တစ်ချီတွင်
ကြီးမားသော လှိုင်းတစ်ခုက ကျွန်မနောက်ကျောဆီမှ ၀န်းခနဲ ခုန်တက်လာသည်။ မော်တော်သည် ကျွန်မနှင့်အတူ
ရှေ့သို့ငိုက်ကျလျက် တိမ်းစောင်းသွားပြီး ရေလှိုင်းများ မော်တော်ထဲခုန်ဝင်ကာကျွန်မကိုယ်ခန္ဓာမှာ
ရေရွှဲစိုသွားပါသည်။ ကျွန်မသည် အားခနဲ အော်ဟစ်လျက် မော်တော်ဝမ်းထဲသို့ဒူးထောက်လျက်ကျသွားသည်။
ရယ်သံသဲ့သဲ့
ကြားရသဖြင့် ကျွန်မမော့ကြည့်လိုက်တော့ သူသည် ကျွန်မရှိရာသို့ယိုင်ထိုးယိုင်ထိုးလှမ်းလာရင်း
ရယ်မောနေသည်ကိုမြင်လိုက်ရပါသည်။
ကြည့်စမ်း……….ကျွန်မက
သေမလောက်ကြောက့်ရွံ့ နေသည့်အချိန်တွင် သူကရယ်မောနေနိုင်သတဲ့လား………
“ စွန့်စားရတာကြိုက်တယ်ဆို….အံ့
ရဲ့ ….ခု ကြိုက်နိုင်သေးလား.”
ဒါ သူရယ်မောစရာလား။
သူ ကျွန်မအနားမှာဝင်ထိုင်ကာ ကျွန်ကို ဆွဲထူတော့ ကျွန်မသူ့ကိုစိမ်းစိမ်းကြည့်မိသည်။
သူ့မျက်လုံးများတွင် စိုးရိမ်ပူပန်သည့် အရိပ်အယောင်လုံးဝမရှိပါ။
“ ကိုမိုး………ယူ
မကြောက်ဘူးပေါ့…”
သူက ပုခုံးတွန့်၏။
“ မကြောက်ပါဘူး။
မော်တော်မှောက်ရင် ကမ်းစပ်ကို ရေကူးသွားမှာပေါ့။ မော်တော်အောက်မှာပိမသွားဖို့ဘဲ အရေးကြီးတာပါ။
”
သူ အံ့သြသလို
မျက်လုံးပြူးသွား၏။ သို့သော် ချက်ချင်းပင် ပြုံးရယ်လိုက်သည်။
“ ဘာမှ မကြောက်ပါနဲ့။
မော်တော်ဘာမှမဖြစ်ပါဘူး။ ဖြစ်ရင်လည်းပျဉ်ချပ်တို့ဘာတို့ တစ်ခုခုသာ တွယ်ထား။ ဘယ်တော့မှ
ရေမနစ်ဘူး။ ကြောက်လန့်တကြားဖြစ်ရင်သာ ရေနစ်တာ။ သိလား အံ့ ………..။ ”
ထိုစဉ်ခဏ
ကျွန်မစိတ်သက်သာရာရအောင်ပင် မော်တော်စက်သံကို ပြန်ကြားလိုက်ရသည်။
မော်တော်စက်၏
ဆူညံသောအသံကို သည်တစ်ခါတော့ သာယာလှသည်ဟု ထင်မိသည်။
“ ကဲ………ဒီမှာ
ငြိမ်ငြိမ်ထိုင်နေနော် အံ့ ”
မော်တော်သည်
မြစ်လယ်မှာ လှိုင်းဒဏ်ဖြင့်လူးလိမ့်နေရာမှ ပြန်လည်တည့်မတ်သွားသည်။ ထို့နောက်စက်သံတဒီဒီဖြင့်
ရေပေါ်မှာ စတင်ပြေးလွှားစပြုလေသည်။ တစ်ချက်တစ်ချက် လှိုင်းဒဏ်ကြောင့်ခုန်ခုန်သွားသေးသော်လည်း
မော်တော်သည် ရေပေါ်မှာ သူ့လမ်းကြောင်းနှင့်သူ ပြေးလွှားလျက်ရှိသည်။
သူက ကျွန်မအနားမှာခွာဖို့
ခြေလှမ်းပြင်ပြန်သည်။ ကျွန်မသူ့လက်မောင်းကို ဖျက်ခနဲ ဖမ်းဆွဲထားလိုက်၏။
“ ကိုမိုး….ဒီအနားမှာပဲနေ….”
ခပ်တိုးတိုးပြောတော့
သူကခေါင်းတစ်ချက်ကုတ်လိုက်သည်။
“ မော်တော်ဘာမှမဖြစ်တော့ဘူးလေ
အံ့ ။ အခုပဲ ကမ်းကပ်တော့မှာ ”
သူ့မျက်နှာမှာ
စောစောကလည်း ပူပင်ရိပ်မရှိ။ အခုလည်း သည်အတိုင်းပင်ဖြစ်သည်။
“ ကိုမိုး………တကယ်လို့မော်တော်မှောက်သွားပြီ
ဆိုပါတော့……..ကိုမိုးဘာလုပ်မလဲဟင် ”
ကျွန်မခပ်တိုးတိုးမေးတော့
သူ ကျွန်မကို ငုံ့ကြည့်ပြီးပြုံးသည်။
“ ကမ်းစပ်ကို
ကူးပြေးမှာပေါ့ အံ့ ရဲ့ …. ”
ကျွန်မရင်ထဲ
ကျင်ခနဲ နာသွားပါသည်။
“ ကိုယ့်ကိုမကယ်ဘဲ
တစ်ယောက်တည်း ကူးပြေးမယ်…..ဟုတ်လား ”
ထိုအခါကျမှ
သူက ပြုံးရယ်၍ ကျွန်မကို နှစ်သိမ့်သည်။
“ ဟာ…………အေး………ဆောရီး
အံ့ရာ…။ ငါက နင်ရေမကူးတတ်တာမေ့သွားလို့ပါ။ တကယ်ရေနစ်ပြီ ဆိုရင် နင့်ကိုငါတွဲပြီး ကူးပြေးမှာပါ။
”
အခုစကားပြောနေချိန်မှာပင်
ကျွန်မရေမကူးတတ်ကြောင်းသူမေ့နေပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် ကြောက်လန့်တကြား
သူပို၍ မေ့မှာသေချာပါသည်။ ကျွန်မ သူ့မျက်လုံးများကိုစေ့စေ့စပ်စပ် ကြည့်မိတော့ ကျွန်မမြင်တွေ့ချင်သည့်
လေးနက်မှု၊ ကြင်နာမှု၊ အရေးတကြီး ဂရုစိုက်မှုတို့ကို လုံးဝမတွေ့ရဘဲရှိနေသည်။ ကျွန်မတွေ့ရသည်က
ဘာကိုမှ အလေးအနက်မထားသည့် ပေါ့တန်သော အပြုံးနှင့် ရယ်မောသည့် မျက်လုံးများသာဖြစ်သည်။
ကျွန်မသည် ကျွန်မချစ်သူအပေါ် ပထမဦးဆုံးအကြီမ် သံသယ၀င်မိသည်။ ရုပ်ရှင်တွေ ၀တ္ထုတွေထဲမှာ
ဇာတ်လိုက်မင်းသား ဇာတ်လိုက်မင်းသမီးကို အသက်အန္တရာယ်ကြားမှ သွားရောက်ရင်ဆိုင်ကာ ကယ်တင်ပေးသည့်
အဖြစ်များကို ကျွန်မအလွန်အားကျကျေနပ်ခဲ့ဖူးသည်။ တစ်ကယ့်အဖြစ်မှန်မှာတော့ ကျွန်မအဲ့သည်လို
မျှော်လင့်၍ ရနိုင်ပါ့မလား။
“ ရေနစ်တဲ့လူကို
ဆယ်ရင်း ရေကူးရတာလွယ်ပါ့မလား…………ကိုမိုး……….. ဟင် ”
ကျွန်မအလေးအနက်မေးမိတော့
သူက ပုခုံးတွန့်၏။
“ သိပ်တော့မလွယ်ဘူး
အံ့ ရဲ့ ….. ငါ ကလေးတစ်ယောက်ရေနစ်တာကို ဆယ်ဖူးတယ်………ဟား….အရမ်းပင်ပန်းတာပဲ…ငါ့ဖြင့်
ငါပါသေပြီလို့အောက်မေ့တာပဲ……လှိုင်းလုံးတွေက ကမ်းနဲ့ဝေးအောင်တွန်းတွန်းပို့နေတာကိုး………..ဒါတောင်
ကလေးက ရှစ်နှစ်…ကိုးနှစ်အရွယ်ဗျ……ဒါပေမယ့် ကမ်းပေါ်ရောက်တော့ ငါသတိလစ်လုမတတ် မောနေပြီ…..သူများအသက်ကယ်တယ်ဆိုတာ
နာမည်တော့ကောင်းပါရဲ့  အံ့ရယ်………လူကတော့သေလုမျောပါးပဲ……..”
ကျွန်မသူ့ကို
မယုံသင်္ကာဖြင့်ကြည့်မိသည်။
“ ကိုယ်ရေနစ်ရင်
ယူတကယ် ဆယ်မှာလား….ဟင် ”
“ ဖြစ်ရလေ
အံ့လည်းရေနစ်မှာမဟုတ်ဘူး……မော်တော်လည်း အခု ဘာမှဖြစ်တာမဟုတ်ဘူး……ဘာတွေလာမေးနေတာလဲ…”
“ဟင့်အင်း….အံ့မေးတာကိုဖြေ……ယူဆယ်မှာလား….မဆယ်ဘူးလား…”
သူမျက်မှောင်ကြုတ်ကာရယ်လေသည်။
“ဆယ်ဖို့အခြအနေပေးရင်
ဆယ်မှာပေါ့ အံ့ ရဲ့ ….ငါနဲ့ နင်နဲ့ အဝေးကြီးမှာလည်း မဟုတ်ဘူး…..မော်တော်လို…လှေလို
ပစ္စည်းကြီးမျိုးနဲ့လည်းခြားမနေဘူး……..နင့်ကိုလည်း မြင်နေရတယ်ဆိုရင် ငါဆယ်မှာပေါ့ဟာ….”
“အခြေအနေမပေးရင်
ဒီအတိုင်း ပစ်ထားမှာပေါ့…………ဟုတ်လား ”
ကျွန်မပြုံးဖို့ကြိုးစားလျက်
မပြုံးနိုင်တော့ဘဲ အသံမတုန်အောင်သာကြိုးစားထိန်းချုပ်လိုက်ရသည်။
“ယူက ကိုယ့်အတွက်
အသက်မစွန့်နိုင်ဘူးပေါ့…”
သူသည်ပထမတော့
ရယ်မောတော့မလို့ဘဲ…သို့သော် ကျွန်မအား တအံ့တသြ ကြည့်ပြီးနောက် မရယ်မောတော့ဘဲ ခေါင်းတယမ်းယမ်းဖြစ်နေသည်။
“ အံ့……ဒါတစ်ကယ်ဖြစ်နေတာမဟုတ်ဘူးလေ……အံ့
…နင်လည်းဘာမှမဖြစ်ဘဲနဲ့…”
ကျွန်မသည်
သူ့ကို စူးစိုက်စွာကြည့်ရာက ရုတ်တရက် မျက်နှာလွှဲပစ်လိုက်မိသည်။ သို့သော် မော်တော်စက်ပျက်နေစဉ်တုန်းက
သူ့မျက်လုံးတွင် ကျွန်မမြင်လိုက်ပြီးပြီပဲ…….အဖြေကို ကျွန်မသိပြီးပြီလေ….သူသည် ကျွန်မအကြောင်းကို
အစဉ်သဖြင့် ခေါင်းထဲထည့်ထားသူမဟုတ်……ကျွန်မရေမကူးတတ်ပါလား ဟု သတိရမည့်သူမဟုတ်….ကျွန်မအတွက်
သူ့ကိုယ်သူ ဆင်းရဲဒုက္ခတွင်းသို့ ဆင်းသက်မည်သူမဟုတ်…ကျွန်မလိုအပ်သမျှ အရာရာကို ဖြည့်ဆည်းပေးဖို့
လေးနက်သူမဟုတ် …နက်မှောင်သော သူ့မျက်ဝန်းများသည် ရယ်ရွှင်စရာကိုသာ လိုက်ရှာနေမည့်မျက်ဝန်းမျိုး……အန္တရာယ်ကြုံလျှင်
ကိုယ်လွတ်ရုန်းပြေးမည့် မျက်ဝန်းမျိုးပါ……..သေချာပါသည်။ သူသည် ကျွန်မအတွက် အသက်စွန့်မည့်ဟန်တစ်စက်မျှမရှိပါ။
“ အံ့…..ရေနစ်တဲ့အကြောင်းကြီးတွေးနေတုန်းလား…”
သူက ကျွန်မ၏လက်ဖျားများကို
လူအလစ်တွင် ဖျတ်ခနဲ ထွေးဆုပ်၍ ခပ်ပြုံးပြုံးမေးသည်။
ကျွန်မခေါင်းယမ်းကာ
တစ်ချက် ရယ်မောမိသည်။ ထို့နောက် သူ့လက်ထဲမှ ကျွန်မလက်ကို မသိမသာ ဖြည်ယူလိုက်ရသည်။ သူ့လက်အထိတွင်
ကျွန်မ ဟိုယခင်ကလို ရင်ခုန်စွာ မကြည်နူးးမိသည်မှာ ဘာကြောင့်လဲ ….
အန္တရာယ်ကြုံတွေ့လိုက်ရလို့….ကျွန်မ၏
ကြောက်ရွံ့ တုန်လှုပ်သွားမှုကြောင့်ပဲလား…ဒါဖြစ်ရောဖြစ်သင့်ပါရဲ့ လား…..မော်တော်စက်ရပ်သွားရခြင်း….လှိုင်းလေထန်ကာမော်တော်
ယိမ်းထိုးလှုပ်ခါခြင်း…….၎င်းတို့သည် ကျွန်မချစ်သူနှင့်ကျွန်မအကြားရှိ နွေးထွေးချစ်ခင်မှုကို
အေးစက်စိမ်းကားအောင် ဘယ်လောက်အထိ အကျိုးသက်ရောက်စေနိုင်မှာပါလိမ့်…….
“ ဟား……….နောက်ဆုံးတော့
ဘေးမသီ ရန်မခဘဲ ပြန်ရောက်ပြီပေါ့…..နင်တော့မသိဘူး…ငါဖြင့် ဆာလိုက်တာ အံ့ ရာ…”
ကမ်းပါးမှာ
ကပ်မိသောအခါ သူသည် ပေါ့ပါးရွှင်ပျသွား၏။ ကျွန်မသည် ထုံပေပေခြေလှမ်းများဖြင့် မော်တော်မှ
ဆင်းရန် ဟန်ပြင်မိသည်။ ကျွန်မသည် ဘာကိုမှ မခံစားနိုင်သလို အူကြောင်ကြောင်ကြီးဖြစ်နေခဲ့၏။
သူကမ်းစပ်ကိုခုန်ဆင်းပြီးနောက် ကျွန်မခုန်ဆင်းရန် သူ့လက်ကိုကမ်းပေးလိုက်ပါသည်။ စောစောတုန်းဆီက
သူ့လက်များကို ကျွန်မအားကိုးတကြီး ဆုပ်ကိုင်ပြီး သူ့ခွန်အားအပေါ် ယုံကြည်စိတ်ချစွာ ခဏခဏ
ဆင်းခဲ့ဖူးသည်။ ကြည်နူးပျော်ရွှင်ခဲ့ဖူးသည်။ ကျေနပ်နှစ်သိမ့်ခဲ့ဖူးသည်။ ယခုအခါ သူ့လက်သည
ကျွန်မအား မည်သည့်ခွန်အားကိုမျှ မပေးတော့ချေ။ သို့သော် ထိုလက်ကိုပင် ဟန်မပျက် ဆုပ်ကိုင်၍
ကျွန်မသဲပြင်ကမ်းစပ်သို့ ခုန်ဆင်းချလိုက်သည်။
ကျွန်မရင်ထဲမှာတော့
အတွေးတစ်ခုတည်းရှိ၏။ ကျွန်မ ရေကူးသင်မှ ဖြစ်မည်။
( ဂျူး )
Thursday, 22 August 2013
ကတွတ်သီး နှင့် ကတွတ်ယို
ပြည်မှာပေါ်နေတဲ့ ကတွတ်သီး၊ ကတွတ်ယို ...............
ကတွတ်သီးဟာ O သွေးပိုင်ရှင်တွေအနေနဲ့ အစားသင့်ဆုံး အသီးတစ်မျိုးထဲမှာပါတယ်
ဟု http://myatmhanlay.blogspot.com/2009/04/blog-post_28.html တွင် ဖတ်ရသည်။
တစ်ပတ်ကို ကတွတ်သီး လေးလုံးလောက်မှီဝှဲခြင်းသည် ကိုယ်ခန္ဓာရှိ pH ပမာဏကို ညှိနှိုင်းထားပြီး ရောဂါပိုးမွှားများ ၀င်ရောက်ကူးစက်ခြင်းမှ တားဆီးထားသည်။ ကတွတ်သီးမှာ ပါသည့် အမျှင်ဓာတ်သည် အင်ဆူလင် ပမာဏနှင့် သွေးတွင်း အချိုဓာတ်ပမာဏတို့ကို ကျဆင်းစေကာ ဆီးချိုဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်။
ဟု http://glorious-flower.blogspot.com/ တွင်ဖတ်ရသည်။
ဒီအချက်တွေမသိခင် ဟိုးငယ်ငယ်ကလေးက ကတွတ်ယိုထုတ်လေးတွေကို မက်မောစွာဝယ်စားဖြစ်ခဲ့တယ်။ စားလိုက်ရင် ဇီးထုတ်လို စွန့်ပစ်စရာမပါတာရယ်။ ၀ါးစားရင် ကျလိကျလိဖြစ်တာရယ် ကို သဘောကျလို့ စားဖြစ်ခဲ့တယ်။
ခု ပြည်မှာတာဝန်ကျတော့ ကတွတ်သီးပေါ်ချိန်ဆို အသီးတွေဝယ်၊ သကြားနဲ့ ကိုယ့်စိတ်ကြိုက်နှစ်သက်သလိုထိုးစားဖြစ်တယ်။ စိတ်ကြိုက်ထိုးပြီး မိသားစုအတွက်လည်းလက်ဆောင်ပေးဖြစ်တယ်။ ရောင်းတန်းကကတွတ်ယိုကိုပေးတာထက် ကိုယ်တိုင်ထိုးတဲ့ ကတွတ်ယိုကိုပေးရတာ ပိုနှစ်သက်လာတယ်။
ယိုထိုးနည်းကတော့.............
ဈေးက၀ယ်လာတဲ့ ကတွတ်သီးလေးတွေကိုတော့ သဲစင်အောင် ရေနိုင်နိုင်နဲ့ဆေးရပါမယ်။
သဲစင်အောင်ဆေးပြီးသားအသီးလေးတွေကို လိုသလို ထက်ခြမ်းခွဲ၊ သို့မဟုတ် လေးစိပ်ထိုးပြီး ယိုထိုးမယ့်
ဒယ်အိုး ( သို့ ) ဒန်အိုးထဲထည့်ပြီး အပေါ်ကသကြားဖြူးပြီး ထိုးလိုက်တာပါပဲ....။တစ်ချို့ ကတော့ သကြားကိုကြိုပြီးမှကတွတ်သီးထဲ သကြားရည်နှင့်ထိုးကြသည်။ ဤသို့ထိုးခြင်းက အချိန်ပိုကြာစေသောကြောင့်မဂျီးကတော့ သကြားကောကတွတ်သီးကော ရောထိုးလိုက်တာပဲ...........။
ကတွတ်သီးအလုံးတစ်ရာကို သကြားအစိတ်သားနဲ့ ဆားအနည်းငယ်ထည့်ပြီး ဒယ်အိုးထဲ ထည့်မွှေ၊ ရေခမ်းတော့မှ သံပုရာသီးလေးညှစ်ထည့်လိုက်တော့ အရောင်၊ အနံ့အရသာနဲ့ပြည့်စုံတဲ့ ကတွတ်ယိုလေးရသွားပြီ။ ကိုယ်တိုင်ထိုးတော့ ရေခမ်းခြောက်အောင်ထိုးတယ် ဘာဓါတုဗေဒဆေးမှမပါဘဲ ကျန်းမာရေးနဲ့ပြည့်စုံတဲ့ကတွတ်ယိုလေးဖြစ်တာပေါ့.........။
ကတွတ်သီးတွေမှာ အချိုသီးနဲ့အချဉ်သီး ဟု ၂ မျိုးရှိသည်။
ထို့ကြောင့် သကြားကို ချင့်ချိန်ပြီးထည့်သင်ပါသည်။
ထမင်းစားပြီး ကတွတ်ယိုလေးနည်းနည်းလောက် စားလိုက်တာနဲ့ ရင်ချောင်ပြီး အမောကိုပြေစေတယ်။






Wednesday, 7 August 2013
ရွှေတမာ
အကယ်၍သာ သမီးလေး
ခင်မာလာ မွေးဖွား၍မလာပါလျှင်လည်း ဦးထွန်းအေးအဘို့ ထိုမျှစိတ်ပူပန်မည်မဟုတ်ပေ။
ယခုမှာမူ သမီးလေးကိုမွေးသည့်နေမှစ၍ သူသည် အစဉ်ပူပန်ခဲ့သည်။
ယနေ့ညလိုအခါမျိုးတွင် အိပ်၍ပင်မရနိုင်လောက်အောင်
စိတ်မှာလှုပ်ရှား၍နေပေသည်။ သူ့သမီးလေးသည် အသက်၂၀ပင်ပြည့်ပေတော့မည်။ ထိုအနှစ်၂၀ကာလ
ပတ်လုံး သူသည်စိတ်ပင်ပန်းမှုဝေဒနာကို
အစဉ်ခံစား၍လာခဲ့ရပေသည်။
အိပ်ခန်းမှထ၍ ဘေးတံခါးမကြီးမှ သူသည်ခြံတွင်းသို့ဆင်းလာခဲ့သည်။
မိုးဦးဖြစ်၍လေထဲတွင်
မိုးသက်နံ့သည်ပါလာခဲ့လေသည်။ အိမ်ထဲတွင် ပူအိုက်သလိုဖြစ်နေပေသည်။ သူသည် စပယ်ရုံများဘေးရှိခုံတန်းပေါ်တွင်ထိုင်၍
လေကိုမှန်မှန်ရှူနေသည်။
မိုးသားများမရှိသေးခင်
လ သည်ဝင်းပစွာသာနေသည်။ သူ့မျက်လုံးများသည် စပယ်ပွင့်များပေါ်သို့ ရောက်သွားသည်။ လ ရောင်တို့ဖြင့်
ပွင့်အာလာကြပြီဖြစ်သော
စပယ်၏ ငွေဝတ်လွှာများမှာ
ရက်ရက်စက်စက်ပင် လှ ပ နေပေသည်။ ချိုအေးသော ရနံ့သည် သူ့ပတ်ဝန်းကျင်ဝယ် သင်းပျံ့ နေ၏။သစ်ရွက်များလည်း
ငွေရောင်တောက်၍ ဖြေးညှင်းစွာ
လှုပ်ရှား၍နေပေသည်။
ထိုကဲ့သို့လှပသော ညများတွင် သူသည် မခင်သူနှင့်
တွေ့ခဲ့သည်မဟုတ်ပါလော။ နူးညံ့ပြေပြစ်၍ ယဉ်ယဉ်လေးနှင့်ချောမွေ့သော မခင်သူ၏မျက်နှာကို
လ ရောင်အောက်တွင်တွေ့ခဲ့ရလေသည်။
တီးတိုးစွာ
နှီးနှောနေကြသည့် ချစ်သူစကားသံတို့မှာ ထိုစဉ်ကနှစ်သိမ့်၍မဆုံးခဲ့ပေ။
ယခုလို စပယ်ရုံနားမှာတော့ မဟုတ်ပေ။ သူတို့နှစ်ဦးတွေ့စဉ်က
မခင်သူတို့၏ခြံထဲရှိ ယုဇနပင်အောက်မှာဖြစ်ခဲ့သည်။ လ ရောင်မှာ ယုဇနရွက်များကြားမှ ကွက်၍ထင်နေသည်။
ညဉ့်၏လေတွင်
ယုဇနပွင့်ရနံ့သည်သင်းပျံ
့လှသည်။ များသောအားဖြင့် သူက ချစ်စိတ်မွှန်တတ်သည်။ မခင်သူလေး၏လိမ္မာမှုကြောင့်ပင် သူတို့ကျူးကျူးလွန်လွန်
မဖြစ်ကြ။ ထိန်းသိမ်းနိုင်ခဲ့ကြသည်။
ငယ်ရွယ်သူချစ်သူချင်း ယခုလိုတိတ်ဆိတ်သောညတွင် တွေ့သည်မှာ
ချမ်းမြေ့ရွှင်လန်းဘွယ်ကောင်းသလောက်၊ ကြောက်စရာအခြေအနေဆိုးကိုလည်း ဖန်တီးပေးနိုင်သည်။
မခင်သူက ဓမ္မဆန်ပေသည်။
များသောအားဖြင့်လည်း ဓမ္မကြောင်းကိုယှဉ်၍ပြောတတ်၏။သူသည်မခင်သူ၏ပါးနုနုလေးကို သူ့ပါးနှင့်အပ်၍
ချစ်စိတ်မွှန်တိုင်းပြောချင်ရာပြောခဲ့သည်။
“
မေမေတို့က သဘောမတူလဲ _ ခင့်ကိုမောင်က ရအောင်ယူမှာဘဲ။ ခုတောင်နောက်ကောလိပ်မှာ ၃-နှစ်ဘဲနေရတောပမယ်
”
သူသည်ဒါတွင်မက ဘယ်လောက်ချစ်ကြောင်းကိုလည်း
ဋီကာချဲ့ တတ်သေးသည်။ သို့သော် မခင်သူကမူ သူ့ရင်ခွင်ထဲမှ လမင်းကိုမော်ကြည့်ရင်းပင် ဓမ္မဆန်ဆန်ပြောတတ်သည်။
“
လူတွေတောင်မှမမြဲကြပါဘူးမောင် ၊ အချစ်ဆိုတာလဲ သင်္ခါရပါဘဲ။ တကြိမ်တခါမှာ မုန်းချင်လဲမုန်းပေမှာပါ။
ဘယ်နဲ့လုပ်ပြီးမောင်ဟာ ခင့်ကိုတသက်လုံး ချစ်ရမယ်လို့ ခင်ကပြောနိုင်မလဲ။ ပြီးတော့လဲ
ခင်နဲ့မောင်က ခုမှတွေ့ကြဒါ--မိဘဆိုဒါက တသက်လုံးပြုစုကျွေးမွေးပြီးစောင့်ရှောက်လာခဲ့ဒါ--မိဘစကားကိုတော့ဘယ်တော့မှ
မလွန်ဆန်နဲ့ပေါ့ ”
မခင်သူကထိုသို့များပြောလိုက်လျှင်
သူသည်ဆတ်ဆတ်ခါနာတတ်သည်။ သူယောက်ျားပီသကြောင်း၊သစ္စာမဖောက်ကြောင်းများကို တသီကြီးပြောတတ်သည်။
ဒီလိုပြောလျှင်လဲ မခင်သူက
ပြုံးပြုံးလေးပင်နေတတ်သည်။
ဒါပေမင့်--- နောက်ပိုင်းတွင်
သူသည်မခင်သူအားသစ္စာဖောက်ခဲ့သည်။
မလိမ့်တပတ်လုပ်၍စွန့်ပစ်ခဲ့ပြီး
နွဲ့နွဲ့ရီကိုယူလိုက်သည်။ အတိတ်များသည် တခုပြီးတခုပေါ်လာတိုင်း သူ့စိတ်လှုပ်ရှားမှုသည်
ပြင်းပြလာသည်။
သူသည်ယခု ဦးထွန်းအေးဖြစ်၍
မခင်သူသည် ဒေါ်ခင်သူဘ၀ကိုရောက်၍နေပေသည်။ ပထမတော့ သူသည်မခင်သူ၏ အချစ်ကိုဖောက်ဖျက်လိုက်စဉ်က
သစ်ရွက်တရွက်ချွေပစ်သလောက်ပင် စိတ်ထဲတွင် အမှတ်မထားခဲ့။
သို့သော် ခင်မာလာမွေးလာသည့်နေ့တွင် ‘ သမီးလေး ‘ ဟုဆိုလိုက်ကထဲက ရင်ထဲတွင်ထိန်းကနဲဝင်ဆောင့်လိုက်သည်။
“ ဘုရား --ဘုရား ” သူသည် ဘုရားပင် တ လိုက်မိသည်။ မခင်သူအပေါ်တွင် သစ္စာဖောက်ခဲ့သလို၊
မခင်သူ စိတ်ဆင်းရဲအောင်သူလုပ်ခဲ့သလို၊ သူ့သမီးလေးအပေါ်တွင် တစုံတယောက်က စော်ကားမှာကို
သူအင်မတန်မှ စိုးရိမ်လာသည်။
သူ့မှာသမီးနှင့် ဖြစ်လာပေပြီ။
သူသည် ယခုတော့ တွေးခေါ်တတ်လာရပေမည်။ အခြေအနေကသူမတွေးယင်လည်းမဖြစ်တော့ပေ။ ခင်မာလာမှာ
ပန်းပွင့်လေးလိုလှသည်။ သည်လိုလှလေလေ သူကစိတ်ပူလွန်းလေဖြစ်သည်။
တခါတခါတွင်လည်း ဒေါ်နွဲ့နွဲ့ရီအားသမီးအတွက်စိုးရိမ်ကြောင်းကို
ပြောတတ်သည်။
“ အော် ဒက်ဒီနဲ့ကွယ်--သမီးကလိမ္မာပါတယ် ”
သူ့ဇနီးမှာ ခေတ်ဆန်သူပီပီ
သူ့ကိုဒက်ဒီဟုခေါ်သည်။ သူရင်ထဲတွင်ပိုဆိုးသွားသည်။ မခင်သူသည်လည်း လိမ်လိမ်မာမာနှင့်
ရိုးရိုးသားသားပင်ဖြစ်သည်။
လရောင်မှာ အနည်းငယ်မှိန်သွား၍
သူ့အတွေကိုရပ်နားလိုက်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ မိုးသားတက်လာ၍ မိုးဖွဲလေးပင်
တပေါက်နှစ်ပေါက် ကျလာသည်။ ထိုင်နေရာမှထပြီးလျှင် သူမချစ်တော့ပြီဖြစ်သော မခင်သူကို သတိရနေပြန်သည်။
သူသည်မိုးစိုမှာစိုး၍ မခင်သူကို ယုဇနပင်အောက်မှာ ထွေးနေတတ်သေးသည် မဟုတ်ပါလော။
သူသည် တဖြည်းဖြည်းသူဝင်ခဲ့သော
ဘေးတံခါးမကြီးမှာ ရပ်၍မှေးမှိန်နေသော လရောင်နှင့် ပြင်ပကိုလှမ်း၍ကြည့်နေမိပြန်သည်။
“ ဟင်
” သူ့ အသံများပင် ထွက်သွားတော့သည်။
သူမြင်နေရသည်မှာ တကယ်မှပင် ဟုတ်ပါလေစ။ တကယ်တော့ တကယ်ဘဲဖြစ်သည်။
ပိတောက်ပင်အောက်တွင် ယောက်ျားလေးနှင့်
မိန်းခလေးနှစ်ယောက်မတ်တပ်ရပ်၍ ဖက်ထားသည်။ တဖက်မှဝင်နေသော လရောင်ဖြင့် မိန်းခလေးကို
သူကောင်းစွာ မြင်ရသည်။ မိန်းခလေးမှာ သူ့သမီး ခင်မာလာဖြစ်သည်။ ယောက်ျားပျိုသည် သူ့သမီးကိုယုယစွာနမ်း၍
အပြင်သို့ထွက်သွားသည်။ မကြာခင်ပင် သမီးလေးခင်မာလာမှာ မှောင်ရိပ်တွင် ပျောက်ကွယ်သွားတော့သည်။
သူသည် ကြိုးစား၍ အိပ်ရာခန်းသို့
ရောက်အောင်လာရသည်။ ပြီးလျှင် အိပ်ပျော်အောင် မနဲလုပ်နေရသည်။ သူရဲချောက်ခံနေရသလို ဖြစ်နေတော့သည်။
သူ့ကိုယ်သူ ၀ဋ်လည်ပြီဟု ထင်နေသည်။
“ ဘုရား သိကြားမလို့ မခင်သူအပေါ် ငါစော်ကား မိတာတွေတော့
သမီးလေးအပေါ် မကျရောက်ပါစေနဲ့ ”
သူသည် ကတုန်ကယင်ပင်ဆုတောင်းနေမိသည်။
x x x
ဒေါ်ခင်သူ၏ခင်ပွန်းမှာ ဦးအောင်ကျော်ဖြစ်သည်။
Collective Farming ကို ပုံဖော်နိုင်ရန်အတွက်
ဦးအောင်ကျော်မှာ သူငယ်ချင်းများနှင့်
စုပေါင်း၍ လုပ်ငန်းတခုကို တည်ထောင်ထားသူဖြစ်သည်။
‘ ပြည်သူ့ကောက်ပဲသီးနှံ ရောင်းဝယ်ရေးလီမိတက် ‘ တွင်မန်နေဂျာဖြစ်ပေသည်။
သူတို့သည်ဆန်စပါးတွင်မက ကြက်ငှက်မွေးမြူရေးနှင့် ရှမ်းပြည်တွင် စည်သွပ်ဘူးလုပ်ငန်းများလုပ်ကိုင်ရာတွင်
အတော်တိုးတက်လာပေသည်။ သူသည် လယ်သမားတွေနှင့်လည်း ရောနှောနေသည်။ ကျွဲနွားတွေနှင့်လည်း
နေတတ်သည်။
ယနေနံနက်မှာ တနင်္ဂနွေနေ့ဖြစ်သော်လည်း
ဦးအောင်ကျော်သည် အစည်းအဝေးတခုအတွက် မနက်အစောကြီးပင် သွားစရာရှိလေသည်။
သူအ၀တ်အစားလဲနေစဉ်တွင် ဒေါ်ခင်သူသည်
အနီးသို့ရောက်လာလေသည်။
ဒေါ်ခင်သူမျက်နှာကြည့်ရသည်မှာ
နွမ်းနယ်နေပုံရသည်။
“ ခင် ညတုန်းက အိပ်လို့မရဘူးလား ”
ဒေါ်ခင်သူမှာ ညက တကယ်ပင်အိပ်၍
မရပေ။
“ ဟုတ်တယ် အကိုကြီး၊ သားအကြောင်း စဉ်းစားနေမိလို့ပါ
”
“ ခင်ကလဲကွာ
သားက မငယ်တော့ပါဘူး ။ သူ့ သူငယ်ချင်းအိမ်မှာ
အိပ်မယ်ဆိုရင် အိပ်မဲ့အကောင်ပါ။ ညကလယ်မှာ မဟုတ်ပါဘူး။ သူပြန်လာလို့ အိပ်ချင်နေသေးယင်လဲနေပေစေ။
မအိပ်ရင်တော့ ၉ နာရီလောက်
ကျယင် ကားနဲ့အကိုကြီးဆီ လွှတ်လိုက်နော်။ အကိုကြီးခုတော့လမ်းလျှောက်သွားမယ် ”
ဦးအောင်ကျော်သည် အ၀တ်အစားလဲပြီး
ထွက်သွားတော့သည်။ ဒေါ်ခင်သူမှာ ခြံအတွင်း လမ်းလျှောက်ရင်းပင် သားအကြောင်းကိုစဉ်းစားနေမိသည်။
အထူးသဖြင့် ညက ဦးထွန်းအေးကို တညလုံး သတိရနေသည်ဆိုလျှင် ပိုမို၍မှန်ပေလိမ့်မည်။
“ ခင်ရာ တခါတော့ အတွေ့ခံစမ်းပါ။ မောင့်သူငယ်ချင်း
အိမ်မှာ ဘုန်းကြီးဆွမ်းကျွေးရှိတယ်ဆိုပြီး၊ မောင်ညဘက် သူငယ်ချင်းအိမ်မှာအိပ်ရင်း ခင်နဲ့လာတွေ့မယ် ”
ဦးထွန်းအေးသည် သူ့ကိုဒီလိုဘဲ
ပြောခဲ့သည်။ မိဘများကိုလည်း ဆွမ်းကျွေးကိုအကြောင်းပြ၍ အိမ်မှထွက်လာတတ်သည်။ သူ့သားလေးရော
ညကများ သူ့ချစ်သူဆီ သွားနေမည်လား….
ဦးထွန်းအေး၏သစ္စာဖောက်မှုကြောင့်
ဦးထွန်းအေးအား ကြိုးစား၍မေ့ဖျောက်ပစ်ပေမင့် ဒေါ်ခင်သူအဖို့မှာ တသက်သက်ပင်ဖြစ်နေလေသည်။
သားဦးလေးပင် အသက် ၂၄ နှစ်ကျော်ခဲ့၍
ယခုနှစ်ဆို Bs.c အောင်တော့မည်။ သူကတော့ ဦးထွန်းအေးကို မမေ့နိုင်ပေ။ ဒေါ်ခင်သူမှာ တနည်းအားဖြင့်
ကံကောင်းသူဆိုရမည်။ ဦးအောင်ကျော်က သူ့အားငုံထားမတတ် ချစ်ရှာသည်။မခင်သူအပေါ်မှာ သစ္စာရှိပေသည်။
တကယ့်ယောက်ျားပီသပေသည်။
“ ခင်ရယ်….ကိုယ့်ကိုမှ သူကမချစ်တော့ဘဲဟာ၊ သိပ်စိတ်ဆင်းရဲမခံပါနဲ့ကွာ ”
ဒေါ်ခင်သူတခါတလေ ငိုင်၍နေလျှင်
ဒီလိုဘဲ ဦးအောင်ကျော်က ပြောတတ်သည်။ ဦးအောင်ကျော်သည် ဒေါ်ခင်သူဖြစ်ခဲ့သမျှကို အားလုံးသိသူဖြစ်သည်။
“ မေမေ
”
သားခေါ်သံကြား၍ အတွေးရပ်ကာ
ဒေါ်ခင်သူမှာ ခြံဝသို့လှမ်းကြည့်လိုက်၏။
“ ဟော --- သားပြန်လာပြီလား ”
ဒေါ်ခင်သူသည် ရှေ့ သို့တိုး၍
သားကိုဖက်လိုက်သည်။
“ ဖေဖေရော မေမေ---ကိုအေးဖေတို့သားကိုလိုက်ပို့တယ်။
ခြံဝကပဲပြန်လွှတ်လိုက်တယ်။ သူတို့ဧည့်သည်တွေလိုက်ပို့ရအု့းမယ် ” စကားပြောနေသောသားမျက်နှာကို ဒေါ်ခင်သူက အကဲခတ်သလိုကြည့်၏။
“ ဖေဖေ အစည်းအဝေးသွားတယ်။ ဒီနေ့ မေမေနို့ထမင်းကျိုထားတယ်----ကဲ---ကဲ---လာ ”
ဒေါ်ခင်သူသည် သားကိုထမင်းစားခန်းသို့ခေါ်သွားသည်။
နို့ထမင်းနှင့်ကော်ဖီပြင်ခိုင်း၍ သူ့သားအနီးမှာ သူထိုင်နေသည်။
နံနက်ခင်း၏ နေရောင်ခြည်မှာ
ပြတင်းမှဝင်၍ အခန်းထဲတွင်လင်းနေသည်။
နံနက်ခင်း၏နေရောင်ခြည်သစ်လို
သူ့သားမျက်နှာသည် တောက်ပနေသည်ဟုထင်သည်။ စားပွဲပေါ်မှ နှင်းဆီဖြူကဲ့သို့ သူ့သားမျက်နှာသည်
နုပျိုလန်းဆတ်သေည်ဟု သူကထင်သည်။
ကျော်သူသည် နို့ထမင်းသောက်ရင်း
တချက်မျှသမ်းလိုက်သည်။
“ သား ညကကောင်းကောင်း မအိပ်ရဘူးထင်တယ် ”
ဒေါ်ခင်သူကမေးလျှင် ကျော်သူသည်
ရုတ်တရက်မျက်နှာပျက်သွားရာမှ ဣနြေ္ဒဆယ်ကာ ပြန်ပြော၏။
“ အိပ်ရပါတယ် မေမေ၊ မနက်ကတော့ ၄ နာရီလောက် ထရလို့ပါ
”
ဒေါ်ခင်သူ စိတ်ထဲမှာထင့်သွားတော့သည်။
ဟုတ်ပါသည် ညက သူ့သားသည် အိပ်ရမည်မဟုတ်ပေ။
“ ခင်နဲ့တွေ့တဲ့ညဆို နောက်နေ့မနက်ကျ သိပ်အိပ်ချင်ဒါဘဲ၊ ဒါပေမင့် မောင့်မှာတနေလုံး ဟန်ဆောင်နေရတယ်။
နေ့ခင်းအိပ်ယင် မေမေတို့က ညကအိပ်ပျက်လားဘာလား စစ်မှာစိုးလို့ ”
ဦးထွန်းအေးနှင့်သူ့တုန်းက
ဒီလိုဘဲဖြစ်ခဲ့သည်။ ခေတ်များပြောင်းလဲကြသည်နှင့်အမျှ ၀တ်စားတန်ဆာ အနုပညာများ ဂီတများပြောင်းလဲသွားကြမည်ဖြစ်ပေသည်။
ချစ်ခြင်းဆိုသည်မှာတော့ ပြောင်းလဲပေလိမ့်မည်မဟုတ်။
ဦးထွန်းအေး နှင့်ဒေါ်ခင်သူငယ်စဉ်က ချစ်ကြသလိုပင်၊ ကျော်သူသည်သူ့ချစ်သူနှင့် ချစ်ပေလိမ့်မည်။
“ ကဲပါလေ----သားခဏမှိန်းလိုက်ယင် ကောင်းမယ်။ မေမေတော့
မင့်ဖေဖေဆီ ကားနဲ့သွားကြိုဘို့ ၀င်းမောင်ကို ပြောလိုက်အုံးမယ် ”
ဒေါ်ခင်သူသည် နောက်ဘက်လှေခါးမှ
ခြံထဲသို့ဆင်းသွားသည်။
“ ညက သိပ်လှဒါ။ လ ကလဲ ၀င်းနေဒါဘဲ ၊ သားမျာတော့ ချစ်သူရှိနေပါပြီလေ---- ” ဒေါ်ခင်သူသည် တယောက်တည်း တွေးတော့သည်။ ကားလွှတ်ပြီး၍
အိမ်ထဲသို့ပြန်လာ၏။
သူ့သား အိပ်နေသောအခန်းသို့ဝင်သွားမိသည်။
ကျော်သူသည်မအိပ်သေး စောင်ခြုံ၍ ပက်လက်လှန်နေသည်။ ပြတင်းမှလေအေးများလည်း အထဲသို့ဝင်နေလေသည်။
ညက ခင်မာလာနှင့် တွေ့ခဲ့သော
အချိန်များသည် သူ့နှလုံးသားကို ရိုက်ခတ်နေသည်။ မျက်စိမှိတ်လိုက်တိုင်း ခင်မာလာ၏ ပါးဖြူဖြူနုနုလေးကို
မွှေးခဲ့ရပုံများမှာ ထင်ထင်ရှားရှားပေါ်လာသည်။ သူသည် စောင်ကိုလှစ်၍ မျက်လုံးဖွင့်လိုက်၏။
“ မေမေ “ သူလန့်သွားသလို အော်လိုက်၏။
ဒေါ်ခင်သူမှာ သူ့ဘေးတွင် မားမားကြီးရပ်နေသည်။
“ သားတော့ အိပ်နိုင်မှာ မဟုတ်ပါဘူးကွယ် ”
ဒေါ်ခင်သူက ပြုံး၍ပြောလိုက်၏။
ကျော်သူသည် မလုံတော့ပေ။ မျက်နှာသည်ည်း
မထားတတ်သလိုဖြစ်လာတော့၏။ မော့ကြည့်လိုက်တိုင်း မေမေ၏ ပြုံးပြုံးကြိးဖြစ်နေသော မျက်နှာမှာ
“ သားညကဘာလုပ်သလဲဆိုဒါ မေမေ သိပါတယ် ” ဟုပြောသလိုဖြစ်နေတော့သည်။ သူသည် ငုတ်တုတ်ထထိုင်လိုက်၏။
“ မေမေ “
သူ့ဘေးတွင် ဒေါ်ခင်သူမှာထိုင်နေသည်။
“ သားမှာ ချစ်သူရှိနေပြီ ”
ဒေါ်ခင်သူက မတုန်လှုပ်ပါ။
နကိုကပင် ရိပ်မိပြီးဖြစ်သည်။
“ အေးပေါ့ -----ဘယ်သူလဲ----ရှေ့ နှစ်ဆို သားလဲ ကျောင်းထွက်ရမှာဘဲ ”
“ သားယူမဲ့ မိန်းမက ခင်မာလာတဲ့။ လယ်ဝန်ဦးထွန်းအေး
သမီးဘဲ ”
“ ကိုထွန်းအေး သမီး ဟုတ်လား ”
ဒေါ်ခင်သူမှာ ဒီတခါတော့အတော် တုန်လှုပ်သွားသည်။ ယခုဘ၀တွင်
တဖန်ပြန်၍ မျက်နှာ်ချင်းသော်မှ မဆိုင်လိုတော့ပြီဖြစ်သော ကိုထွန်းအေး၏ သမီးကိုမှ သူ့သားက
သွား၍ ချစ်မိပေသည်။
“ သား ဖေဖေလာတော့တိုင်ပင်သေးဒါပေါ့လေ ”
ဒေါ်ခင်သူသည် အခန်းတွင်းမှထွက်လာသည်။
ဦးအောင်ကျော်ပြန်လာ၍ ထမင်းကျွေးနေရသော်လည်း
သူစိတ်မပါလှပေ။ ထမင်းစားပြီး ပြီးချင်း သူ့အိပ်ခန်းကို တက်လာတော့သည်။ ဦးအောင်ကျော်မှာ
နောက်မှဝင်လာ၍ ဒေါ်ခင်သူနှင့်အတူ ကုတင်ပေါ်မှာထိုင်လိုက်သည်။
“ ခင် -- နေမကောင်းပြန်ဘူးလား ”
“ ကောင်းပါတယ်၊ အိပ်ချင်လို့ ”
“ ခင်က သားကို အစိုးရိမ်လွန်ဒါကိုး။ သားအိပ်ပြီလား
”
“ ဟုတ်တယ်
”
ဒေါ်ခင်သူသည် စောင်တထည်ခြုံကာ
လှဲအိပ်ရင်း ပြတင်းဘက်ကိုငေးနေသည်။
“ သားမှာချစ်သူရှိပြီ အကိုကြီးရဲ့  ။ သူရှေ့ နှစ်ဆန်းမှာ လက်ထပ်ချင်တယ်ထင်ပါရဲ
့ ။ ညကခင်ပြောဒါ မမှန်ဘူးလား။ သူ မအိပ်ဘူး
”
“ ဘာကွဲ့  --- သားကမအိပ်ဘူး ”
ဦးအောင်ကျော်သည် ဒေါ်ခင်သူပခုံးကို
ဆွဲ၍ မေးလိုက်သည်။
“ ဟုတ်တယ်----ဒီလောက်လှတဲ့ညမှာ သားဟာ ခင်မာလာကိုသွားတွေ့ဒါပေါ့။
ခင်မာလာက ကိုထွန်းအေးသမီးတဲ့။ ခင်တော့ဖြင့် ခလေးတွေကို သနားတယ်။ ကိုထွန်းအေးကိုတော့
မျက်နှာချင်းမဆိုင်ချင်တော့ဘူး ”
ဦးအောင်ကျော်သည် အတန်ကြာငြိမ်သက်နေရာမှ
သူ့ဇနီးကို ဆွဲယူပွေ့ရင်း
“ ခင်မာလကို အကိုကြီးမြင်ဘူးပါတယ်။ ပညာလဲတော်သားဘဲ။
လိမ်မာပါတယ်တဲ့။ သတင်းတော့ကြားဘူးပါတယ်။ သားကမေတ္တာရှိနေဘီဘဲကွယ်။ ခင်ရယ်……တခုစဉ်းစားစမ်းပါ။ ကိုထွန်းအေးက ခင့်ကိုသစ္စာဖောက်ပြီး နွဲ့နွဲ့ရီကိုယူသွားတုန်းက
ခင်ဘယ်လောက်စိတ်ဆင်းရဲရသလဲ။
သူ့မိဘတွေဘက် လိုက်သွားတာဘဲမို့လား
။ ခုလဲ သားကများ မယူယင် ခင်မာလာ ဘယ်လောက်စိတ်ဆင်းရဲရှာမလဲ။ ခင်စဉ်းစားလေ။ တို့များဟာ
တရာမျှတတဲ့ မိဘဖြစ်အောင် ကြိုးစားရမှာဘဲ ခင်
”
ဒေါ်ခင်သူသည် ငြိမ်သက်၍ပင်နေ၏။
x
x
x
ဦးထွန်းအေး၏ ဂဏာမငြိမ်မှု
ရောဂါမှာ အိပ်ရာထဲကပင် ထ၍မရပေ။ နေ့ခင်း ၁၂ နာရီထိုးလေပြီ။ သူ့အမိန့်အတိုင်း ဒေါ်နွဲ့နွဲ့ရီမှာ
သမီးကိုစစ်ဆေးနေသည်။ မကြာခင်ပင်သူ့ဇနီးသည် အခန်းထဲသို့ ဓါတ်ပုံတခုကိုကိုင်ရင်းဝင်လာသည်။
“ ကဲ---ဒက်ဒီရယ်---စိတ်သိပ်ပူမနေပါနဲ့။ ထစမ်းပါအုံး…. ”
ဦးထွန်းအေးကို အိပ်ရာမှ
အသာဆွဲထူလိုက်သည်။
“ ဒီမှာ---ဒက်ဒီ့ သမက်လောင်း ကြည့်စမ်း။ မာမီအကုန်စုံစမ်းပြီးပြီ။
မန်နေဂျာ သူဌေးကလေး ဦးအောင်ကျော် ဒေါ်ခင်သူ ရဲ့ သားပေါ့ ”
ဦးထွန်းအေးသည် ဓါတ်ပုံကိုကိုင်ရင်း
တုန်သွားသည်။ မေးရိုးကားကားနားရွက်ကြီးကြီးနှင့် မျက်လုံးမျက်ဖန်ကောင်းသည်။ အမေတူသားပင်ဖြစ်လေသည်။
“ ကောင်လေးက သူ့မိတွေကို ရှေ့ နှစ်ဆန်းမှာ လက်ထပ်ဘို့ပြောမယ်တဲ့
ဒက်ဒီမပူနဲ့တော့။ ဒီကောင်လေး ရိုးတာ တော်တာ ပိုက်ဆံရှိတာတွေဟာ အန်တီမြင့် စာရင်းထဲမှာ
ရှိပြီးသားပါ။ ”
အန်တီမြင့်ဆိုသော အဒေါ်ကြီးမှာ
လူဂုဏ်တန် မုဆိုးမကြီးဖြစ်သည်။ အထက်လွှာသားသမီးများကို စာရင်းလုပ်၍ ဖလှယ်ပေးနေသော မိန်းမကြီးဖြစ်သည်။
B.C.S.Class I, Class II များကိုလည်း သူ့စာရင်းထဲတွင် တွေ့နိုင်လေသည်။
ဦးထွန်းအေးသည်း ယခုထိ လှုပ်မရ။
သို့သော် စိတ်တော့အနည်းငယ်အေးသွားလေသည်။ သူ့လိုစော်ကားမည့်သူ မဟုတ်သည်ကိုပင် ၀မ်းထဲမှာ
ကျိတ်၍၀မ်းသာမိသည်။
“ အေးလေ ဦးအောင်ကျော်နဲ့လဲ ဒက်ဒီနဲ့ခင်သားဘဲ။ စုံစမ်းသေးတာပေါ့
မာမီ ”
“ အံ မယ်----ဒက်ဒီရယ်---အန်တီမြင့်လက်လွှဲလိုက်ရင်
ပြီးတဲ့ကိစ္စပါ ”
ဦးထွန်းအေးကမူ လက်ထဲမှ ဓါတ်ပုံကို
ခုထိမချသေးပေ။
“ မခင်သူနဲ့တူလိုက်လေကွယ် ” သူသည်
သူ့ဇနီးကိုပင်ပြောနေလေသည်။
ဒေါ်ခင်သူတို့က ဆင်းရဲသူများ
မဟုတ်ပေ။ ခင်မာလာ နှင့် မောင်ကျော်သူ လက်ထပ်ရေးမှာ ချောမော၍လာလေသည်။ ယနေ့စေ့စပ်သည့်နေဖြစ်လေသည်။
ပရိသတ်များ အသီးသီးထပြန်သွားကြလေပြီ။ ဦးအောင်ကျော်မှာလည်း ဒေါ်နွဲ့နွဲ့ရီနှင့် စကားလက်ဆုံကျနေသည်။
ဒေါ်ခင်သူသည် ယွန်းသေတ္တာငယ်
တခုနှင့်စာတအိတ်ကို ဦးထွန်းအေးအား ပေးခဲ့၍ နှုတ်ဆက်ကာထွက်လာခဲ့သည်။
“ ကဲ---အကိုကြီးရေ…..ခင်တို့ပြန်ကြအုံးစို့။ ခွင့်ပြုပါအုံးဒေါ်နွဲ့နွဲ့ရီ ”
ဒေါ်နွဲ့နွဲ့ရီမှာ ပြုံး၍
ကျန်ရစ်သည်။ ဦးထွန်းအေးသည် ကားပေါ်သို့တက်သွားသော ဒေါ်ခင်သူ ဇနီးမောင်နှံကို ငေးနေသည်။
ဦးအောင်ကျော်၏ မေတ္တာစစ်ကို ခိုလှုံရသော ဒေါ်ခင်သူမှာ လန်းဆးတ်နုပျိုလျက်ရှိသေးသည်။
ရိုးသားသော အလှသည် ဘယ်တော့မှ
မရိုးဆိုသလိုပင်၊ ဒေါ်ခင်သူသည် မရိုးသော အလှဖြင့် လှနေပေသေးသည်။
ဦးထွန်းအေးသည် အိပ်ခန်းသို့ဝင်လာ၍
သေတ္တာလေးကိုဖွင့်လိုက်သည်။ အထဲတွင် စာများဖိုင်တွဲလျက်တွေ့ရသည်။ ငယ်စဉ်က သူရေးခဲ့သော
‘ ချစ်သမျှကို ‘ စာများ--ဖြစ်လေသည်။ တော်ပေသည်။ သူကတော့ မခင်သူ စာများကို မီးမြှိုက်ပစ်ခဲ့လေသည်။
စာများအောက်မှ သူလူပျိုတုန်းက ဓါတ်ပုံဖြစ်သည်။
သူသည် နောက်ဆုံးလက်ထဲရှိ
စာအိတ်ကို ဖောက်၍ ဖတ်လိုက်သည်။ စာရွက်ပေါ်တွင်ကား ဒေါ်ခင်သူ လက်ရေးဖြင့်
မဲဇလီပင်ပျိုအောက်
ပေါက်လာတဲ့ ရွှေတမာ
ခါးချက်ကနာ
ရေစီးရယ်တခါ
ရေသာရယ်တလှဲ့ 
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့  ။
ထိုကဗျာကလေးဘဲ ပါလာလေသည်။
“ ရေးတော့ မခင်သူ ----ရေးတော့------ရေးနိုင်ပါတယ်။
မောင်က ခါးခဲ့မိပေတာကိုး ”
သူသည် ကြေကွဲစွာပင် ပြောလိုက်ပါသည်။
ခင်နှင်းယု ၁၉၅၃ - ဧပြီလ
( ကြေးမုံရိပ်သွင် ) ၀တ္ထုတိုများ
မှတ်ချက်=== ဆရာမကြီးဒေါ်ခင်နှင်းယု၏
(စာပေဗိမာန်ဆုရ ကြေးမုံရိပ်သွင် ၀တ္ထုတိုများစာအုပ် ) ဒုတိယအကြိမ် ထုတ်ဝေသော စာအုပ်ထဲမှ
မူရင်းအရေးအသားတိုင်း ပြန်လည်ကူးယူထားခြင်းဖြစ်ပါသည်။ ယနေ့ခေတ်မြန်မာစာလုံးပေါင်းသတ်ပုံနှင့်ကွဲလွဲနေသည်များလည်း
ရှိပါသည်။ ထိုခေတ်ကသုံးနှုန်းသောအရေးသားကို သိရှိစေလိုသောကြောင့် ပြင်ဆင်ခြင်းမရှိဘဲ
ကူးယူခြင်းဖြစ်ပါသည်။
ဒေါင်းလုတ်လိုချင်သူများအတွက် အောက်မှာလင့်ခ်ပေးထားပါသည်။
http://www.mediafire.com/download/3cqhu3vwmbb3zub/shwe_ta_mar1.pdf
Subscribe to:
Posts (Atom)