Thursday, 16 January 2014
ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ်
ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ်
ပုဂံမြို့ဟောင်းကို ပထမအကြိမ် သွားဖြစ်စဉ်က တကယ့်ကို ဖုတ်ပူမီးတိုက်။ ပြင်ဆင်ချိန်မရဘဲ ချက်ချင်း ကောက်ကာငင်ကာ သွားဖြစ်ခဲ့ခြင်း ဖြစ်သည်။ ပုဂံကို ရောက်ဖူးရုံမျှဟု ဆိုနိုင်သည်။ မြန်မာတွေ ဘာကြောင့် ပုဂံကို သည်လောက် စိတ်အားထက်သန်စွာ စွဲလန်းနေရသလဲ။ ပုဂံဘုရားတွေ တန်ခိုးကြီးလို့လား။ သိပ်မဖြစ်နိုင်။ ပုဂံဘုရားတွေထဲ ဆုတောင်းပြည့်ဆိုတာ သိပ်မရှိလှ။ ပထမ မြန်မာအင်ပါယာကြီး၏ အောင်မြေကို ကြည့်ပြီး အမျိုးဂုဏ်၊ ဇာတိမာန် တက်ကြွလာစေလိုသောကြောင့်လား။ ဖြစ်နိုင်ပါသည်။ အတိတ်မှ ရွှေရောင်ထွန်းပြောင်သော အချိန်များကို ပြန်တမ်းတတတ်သည်မှာ လူ့ဓမ္မတာ။ ဒါဆို နိုင်ငံခြားသားများကကော။ သူတို့ဘာကြောင့် ပုဂံကို လာရောက်ရသနည်း။ ဇာတိမာန်ကြောင့် မဟုတ်တာ သေချာသည်။ သူတို့လာရောက်ရခြင်းသည် ရှေးလူသားမျိုးနွယ်တို့၏ အတတ်ပညာ၊ အမွေအနှစ်များကို မျက်မြင်ကိုယ်တွေ့ ကြည့်ကာ တန်ဖိုးထား ဂုဏ်ယူလိုသောကြောင့်သာ ဖြစ်နိုင်ပါသည်။ ကျနော်တို့ မြန်မာပြည်သူများကကော ပုဂံကို သွားလျှင် ရှေးစေတီပုထိုးတို့၏ သမိုင်း၊ တည်ဆောက်ပုံ၊ ဗိသုကာလက်ရာတို့ကို အလေးထား လေ့လာပါ၏လော။ သူများတော့ မသိ။ ကျနော် ကိုယ်တိုင်ကမူ ပထမအကြိမ်ရောက်ခဲ့စဉ်က ထိုအရာများကို မလေ့လာမိဟု မှန်ရာကို ၀န်ခံရပါမည်။ ထိုသို့ လေ့လာမှသာလျှင် ကိုယ့်ဘိုးဘေးဘီဘင်တို့၏ အသိပညာ၊ အတတ်ပညာ၊ ယဉ်ကျေးမှု အမွေအနှစ်တို့ကို အမှန်တကယ် နည်းလမ်းကျစွာ ဂုဏ်ယူတတ်လိမ့်မည်ဟု ယူဆမိသောကြောင့် ဒုတိယအကြိမ် သွားရောက်နိုင်ရန် အစဉ်အားခဲမိသည်။
သို့သော် ဒုတိယအကြိမ်ကား တော်တော်နှင့် ရောက်မလာ။ ရောက်လာတော့လည်း မရည်ရွယ်၊ မကြံဆရပါဘဲနှင့်။ အဖော်ကောင်းသောကြောင့် သွားဖြစ်ခြင်းဟု ပြောပါက ပိုမှန်မည်။ ဗြိတိသျှလူမျိုး မစ္စတာ အိုကွန်းနား (O’Connor) က ပုဂံကို နောက်တစ်ကြိမ် သွားချင်သောကြောင့် အဖော်လိုက်မလားဟု ဆိုလာရာ မောင်ကျိုင်းတုတ်ဖြစ်ပြီး လိုက်မည်ဟု အာမဘန္တေခံမိသည်။ ဟုတ်တယ်လေ။ သည်အခွင့်အရေးက လက်လွတ်ခံ၍ မဖြစ်။ အဘိုးကြီး အိုကွန်းနားက ဗြိတိသျှ လူမျိုးသာ ဆိုသည်။ မြန်မာ့ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုများကို သာမန် မြန်မာတစ်ယောက်ထက် အများကြီး ပိုတတ်သိနားလည်သည်။ ထို့ထက် သူသည် ပုဂံကို ကြိမ်ဖန်များစွာ ရောက်ဖူးကာ ထဲထဲဝင်ဝင် လေ့လာသိရှိထားသူ တစ်ဦး။ သည့်အပြင် သူသည် ကမ္ဘာ့နေရာ တော်တော်များများကို ရောက်ဖူးသောကြောင့် ပုဂံနှင့် ခေတ်ပြိုင် ယဉ်ကျေးမှုများကို တီးမိခေါက်မိရှိပြီး၊ သူ့ထံမှ နှိုင်းယှဉ်သုံးသပ်ချက်များကို ကြားရနိုင်သောကြောင့် လိုက်မည်ဟု အဖြေပေးမိခြင်း ဖြစ်သည်။ မြန်မာတို့၏ ရှေးဟောင်းပုဂံ အနုဗိသုကာ လက်ရာများကို မြန်မာပြည်သူ တစ်ဦးက ဗြိတိသျှလူမျိုး တစ်ဦးထံမှ ပြန်လည် နားထောင် ဆည်းပူးရမည်မှာ သိပ်ကြားမကောင်းသော်လည်း ရွေးချယ်စရာ အခြားလမ်းကလည်း မရှိ၊ ပညာရှာရာတွင် ကျဉ်းမြောင်းသော လူမျိုးစွဲမလိုဟု ယူဆသောကြောင့် အိုကွန်းနားနှင့်အတူ ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ် ရောက်ဖြစ်ပါသည်။
ဦးစွာ ညောင်ဦးရွာကို ရောက်ပါသည်။ ပုဂံနေပြည်တော် ခေတ်ကောင်းစဉ်က ညောင်ဦးသည် ပုဂံ၏ ဘုန်းရိပ်အောက်ရှိ ရွာငယ်ဇနပုဒ်တစ်ခုမျှသာ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ပုဂံသည် ညောင်ဦး၏ သြဇာခံတစ်ခုပမာ ဖြစ်နေပြီး၊ ပုဂံကို ညောင်ဦးနှင့် တွဲပြောမှသာ ပြည့်စုံသော အခြေသို့ ရောက်ရှိနေပါပြီ။ ညောင်ဦးမှ တောင်ဘက်ကို လှမ်းကြည့်လိုက်လျှင် စေတီပုထိုးတို့ဖြင့် အတိပြီးသော မြန်မာတို့၏ ဂန္ထ၀င် ပုဂံမြေကို တွေ့ရပါသည်။ အညာ၏ သင်္ကေတ ရှားစောင်းပင်၊ ထနောင်းပင် ကျိုးတိုးကျဲတဲများသည် ပုဂံ၏ သရုပ် နီစွေးစွေး နောက်ခံကားချပ်ထက်ဝယ် စုတ်ချက်ကြမ်းကြမ်း ရေးဆွဲထားသလို ဖြစ်နေသောကြောင့်၊ နှစ်ပေါင်းထောင်ချီကြသည့်တိုင် ပုဂံမြင်ကွင်းသည် ဘာမှ မပြောင်းလဲဟု ထင်မှတ်ရပါသည်။ ညောင်ဦးရွာ အနောက်ဘက်မှ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသော မြစ်ကြီးဧရာမှာလည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က အတိုင်းပင် ၀တ္တရားမပျက် ခရီးနှင်နေရင်း၊ သူ့နဘေးမှ ပုဂံ၏ အနိစ္စသဘောတရားများကို ဆင်ခြင်မိပေလိမ့်မည်။ သူသည် ဤဒေသ၏ ပုဂံမတိုင်မီ၊ ပုဂံခေတ်ကောင်းစဉ်၊ ပုဂံပျက်ပြီး နှစ်ပေါင်းရာချီ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်နေသော ပုတိုးစေတီများ၏ ဖြစ်စဉ်ကို တွေ့ရှိခဲ့ရပြီး၊ ထိုအကြောင်းအရာများကို ပြန်ပြောင်းပြောပြနိုင်မည့် တစ်ဦးတည်းသော သက်သေပါ။ မြစ်ပြင်ထက်မှာတော့ ဒေသအခေါ် ငှက်ဟုတွင်သော ငါးဖမ်းလှေများကို အများအပြားတွေ့ရပါသည်။ ထိုငှက်များပေါ်ရှိ ထိုထိုဤဤ ပုဂ္ဂိုလ်များ၏ ၀မ်းတစ်ထွာကို သဘာဝတရားက သစ္စာရှိရှိ ၀မ်းစာဖြည့်တင်း ပေးနေသည်မှာလည်း ဟိုးရှေးရှေး ပုဂံမတိုင်မီမှ ယနေ့အထိ။ ဧရာဝတီကိုမီ၍ ခေတ်ပေါင်း၊ စနစ်ပေါင်းများစွာ မြို့ရွာတည်ထောင်ကြ၊ လမ်းပန်းဆက်သွယ်ရေးအတွက် သုံး၍ ရောင်းဝယ်ဖောက်ကားကြ၊ ၀မ်းစာရှာဖွေကြ၊ မလိုလျှင် မြစ်မင်း သစ္စာဖောက်သည်ဟု စွပ်စွဲကြ။ သို့သော် ဧရာဝတီသည် လောကဓံကို အံတုကာ စီးဆင်းမြဲ စီးဆင်းဆဲ။ သူ့ကမ်းပါးထက်မှ ပုဂံကိုလည်း ဖြတ်သန်းစီးဆင်းရင်း အားပေးနေမြဲ။ အားမလျော့နှင့် ပုဂံ။
နွေရာသီဖြစ်သောကြောင့် အညာနေ၏ ပူပြင်းမှုကို သိပ်မခံရအောင် အိုကွန်းနားနှင့် ကျနော် အာရုံဦး ရောင်နီမပျို့ခင် ညောင်ဦးမှ ပုဂံမြို့ဟောင်းသို့ ထွက်ခဲ့သည်။ ထိုသို့ ထွက်လာစဉ် လမ်းခရီးမှာပင် အရှေ့ဘက်အရပ်မှ နေမင်းက ထွက်ပြူစ ပြုလာသည်။ နေရောင်ခြည်များ စေတီပုထိုးတို့၏ ငှက်ဖူးတော်ပေါ်သို့ ထိုးကျလာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံသွားပါသည်။ ဒါကို မစ္စတာ အိုကွန်းနားက သဘာဝတရား၏ ၀တ္တရားမပျက် နံနက်ခင်း ဘုရားပူဇော်ခြင်းဟု ကဗျာဆန်ဆန် ဖွင့်ဆိုပြသည်။ သူရိယနေမင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကလည်း သည်နည်းနှင်နှင်ပင် သည်စေတီပုထိုးများကို ၀တ်ပြု ပူဇော်ခဲ့ပေလိမ့်မည်ဟူသော အနောက်တိုင်းသားတစ်ဦး၏ ရင်တွင်းခံစားချက်ကို ကြားရချိန်မှာတော့ သည်အဘိုးကြီးနှင့် လိုက်လာရကျိုးနပ်ပြီဟု ကျနော်သိလိုက်သည်။ ပြောရင်း၊ ငေးရင်း၊ လျှောက်ရင်း အရှေ့မှာ လိုဏ်ဂူသုံးဆင့်ပုံ တည်ထားသော ထီးလိုမင်းလို ဘုရားကို လှမ်းတွေ့ရသည်။ စေတီဒါယကာသည် နရပတီစည်သူ၏ သား ဇေယျသိင်္ခ ဖြစ်ပြီး၊ နန်းတောင်းများမင်း ဟုလည်း လူသိများသည်။ ထိုမင်း၏ မယ်တော်သည် နရပတီစည်သူထံ သူ့သားအတွက် ထီးနန်းတောင်းလွန်းသည့်အတွက် နန်းတောင်းများမင်းဟု တွင်ခြင်းဖြစ်သည်။ ပုဂံမင်းဆက်၏ ဂုဏ်ရောင်သည်လည်း ထိုမင်းလက်ထက်မှစ၍ အကျဘက်သို့ ဦးတည်ခဲ့သည်။
ထိုဘုရားမှတစ်ဖန် ခရီးလမ်းသင့်ရာ အနောက်တောင်ဘက်ရှိ ဧရာဝတီမြစ်ကမ်းပေါ် မေးတင်တည်ထားသော ဗူးဘုရားဘက်ထွက်ခဲ့သည်။ ထိုဘုရားကို အိုကွန်းနားက ဗူး (သို့) ဖရုံဘုရားဟု ခေါ်သည်။ ထို့နောက် သူက ဗူးဘုရား၏ ဗိသုကာလက်ရာမှာ အလွန်ထူးခြားသည်။ အိန္ဒိယလက်ရာကို အရိပ်အမြွက်မျှပင် မတွေ့ရ။ ဆာဟင်နရီယူး(လ်) (Sir Henry Yule) က အခြားကမ္ဘာမှ ဗိသုကာလက်ရာဟုပင် တအံ့တသြ ညွှန်းဆိုခဲ့သည် ဆို၏။ ဗူးဘုရား၏ ထူးခြားချက် နောက်တစ်ခုမှာ တည်နေရာနောက်ခံ ပန်းချီကားဖြစ်သည်။ အနောက်ဘက်ရှိ ဧရာဝတီမြစ်မှ ဖြတ်တိုက်လာသော လတ်ဆတ်သည့် လေကို ရှူရှိုက်ပြီး၊ မျှော်မဆုံးသော ကောင်းကင်ပြာ၏ ရှုခင်းကို ကြည့်ရသည်မှာ စိတ်ကြည်နူးခြင်း၊ ၀မ်းမြောက်ခြင်း၊ အားရခြင်း ရသတို့ကို တစ်ပြိုက်နက်တည်း ခံစားရသည်။ ကျနော်တို့နှစ်ယောက် အချိန်တော်တော်ကြာကြာ စကားမပြောကြဘဲ သဘာဝအလှကို ခံစားနေမိသည်။ ထို့နောက် ဗူးဘုရား၏ တောင်ဘက်ရှိ ကန်တော့ပလ္လင်ဘက်သို့ ခြေဦးလှည့်လိုက်ကြသည်။
ကန်တော့ပလ္လင်မရောက်မီ လမ်းတွင် မဟာဗောဓိစေတီကို ၀င်၍ ဦးတိုက်ကြသည်။ အိန္ဒိယရှိ ဗုဒ္ဓဂါယာမှ မဟာဗောဓိစေတီကို ပုံစံတူယူ၍ တည်ထားခြင်း ဖြစ်ရာ၊ အိန္ဒိယ ဗိသုကာဟန် အပြည့်ရှိသော တစ်ဆူတည်းသော စေတီဖြစ်သည်။ မဟာဗောဓိသည် အခြားသော ပုဂံဘုရားများထက် အမြင်အားဖြင့် မတူသောကြောင့် တစ်နည်းအားဖြင့် ထူးဆန်းသည်ဟု ယေဘုယျဆိုနိုင်သော်လည်း ကြီးကျယ်ခမ်းနားမှုနှင့် ဗိသုကာလက်ရာ လှပသေသပ်မှုတွင် ပုဂံရှိ အခြားစေတီပုထိုးများကို မမီပါ။ မဟာဗောဓိစေတီမှ နောက်ထပ် အရေးကြီးသော တွေ့ရှိချက်မှာ ထိုစဉ်အချိန်ကပင် မြန်မာနှင့် အိန္ဒိယ ကူးလူးဆက်ဆံမှုရှိပြီး အိန္ဒိယသားများလည်း ပုဂံဝန်းကျင်တစ်ဝိုက်တွင် ရှေးယခင်ကပင် အခြေချ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုမှ အောက်ဘက်ကို ဆက်လျှောက်ကာ ဧရာဝတီမြစ်နဘေး တည်ထားသော ကန်တော့ပလ္လင် ဘုရားကို ဖူးတွေ့သည်။ နရပတိစည်သူမင်းသည် ဘေးလောင်းတော်၊ ဘိုးလောင်းတော်များကို ၀စီအားဖြင့် ပစ်မှားမိခဲ့သည်ကို ကန်တော့ တောင်းပန်လိုသောကြောင့် တည်ထားသော စေတီဟု သိမှတ်ရသည်။ မစ္စတာ အိုကွန်းနားက ကန်တော့ပလ္လင်၏ လက်ရာသည် အာနန္ဒာနှင့် သဗ္ဗညုကြားတွင် ရှိသည်ဟု သူယူဆကြောင်း၊ ပုဂံတွင် အနုလက်ရာဘက်တွင် အာနန္ဒာကို မီသော စေတီမရှိ၊ ထိုနည်းတူ မြင့်မားထည်ဝါပြီး၊ ကြီးကျယ်ခမ်းနားမှုအရာတွင် သဗ္ဗညုသည် ပြိုင်စံရှား။ ကန်တော့ပလ္လင်၏ ဗိသုကာလက်ရာမှာ အာနန္ဒာ၏ အနုလက်ရာနှင့် သဗ္ဗညု၏ ခမ်းနားထည်ဝါမှုဟန်ကို အချိုးညီညီပေါင်းစပ် တည်ထားသည်ဟု ဆိုနိုင်ကြောင်း သူ့ထင်မြင်ချက်ကို ရှင်းပြသည်။ ထိုသို့သော ရှင်းလင်းချက်မျိုးကို ကျနော် တစ်ခါမှ မကြားဖူး၊ မဖတ်ဖူးပါ။ ဗြိတိသျှတစ်ဦးက ထိုသို့ရှင်းပြလိုက်မှ သြော် ငါတို့က ပစ္စည်းကို ပိုင်ရုံပိုင်တာ၊ သူတို့က ပစ္စည်းတန်ဖိုးကို နားလည်တာပါလားလို့ ခံစားလိုက်ရသည်။
နေသိပ်မပြင်းခင် ကန်တော့ပလ္လင်မှ အရှေ့ဘက် ခပ်လှမ်းလှမ်းရှိ အလောင်းစည်သူ ကောင်းမှု ရွှေဂူကြီးသို့ ခရီးဆက်ခဲ့သည်။ အနီးဝန်းကျင်ရှိ စေတီများနှင့် နှိုင်းစာလျှင် အရွယ်အစား သေးငယ်သော်လည်း ရွှေဂူကြီးတွင် စိတ်ဝင်စားစရာ သုံးချက် ရှိသည်ဟု သိရသည်။ ပထမတစ်ချက်က စေတီတည်ကောင်းမှု မော်ကွန်းကျောက်စာ။ ကျောက်စာတွင် ရေးထိုးထားသော မြန်မာစာ အရေးအသားမှာ လှပပြေပြစ်သောကြောင့် ရှေးခေတ်မြန်မာစာပေအတွက် အရေးကြီးသော တွေ့ရှိချက်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ စေတီဒါယကာ၏ ကံကြမ္မာနှင့် ဆိုင်သည်။ အလောင်းစည်သူခေါ် ရွှေဂူဒါယကာသည် ဤရွှေဂူကြီးဘုရားအတွင်းတွင် သူ၏သား နရသူ၏ လုပ်ကြံခြင်းကို ခံရပြီး အနိစ္စရောက်ခဲ့သည်။ နောက်ဆုံးတစ်ချက်က ပုဂံဒေသတွင် စေတီပုထိုးမြောက်မြားစွာကို ယနေ့ထက်တိုင် မျက်မြင်တွေ့နိုင်သေးသော်လည်း ပထမမြန်မာနိုင်ငံ၏ နန်းတော်နေရာကိုမူ စိုးစဉ်းမျှ မတွေ့ရ၍ နှောင်းလူတို့အဖို့ အခက်တွေ့ရသည်။ မစ္စတာ အိုကွန်းနားက ဒေသခံ ပုဂံပြည်သူများထံမှ စုံစမ်းသိရှိရပြီး၊ သူကိုယ်တိုင်လည်း လက်သင့်ခံနိုင်သော ပုဂံနေပြည်တော်၏ နန်းတော်ရာမှာ ယခု ရွှေဂူကြီး၏ အရှေ့ဘက် လွင်ပြင် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ရွှေဂူကြီးကို နန်းဦးဘုရားလည်း ခေါ်ဝေါ်ကြသည်ဟု သူက ထပ်ရှင်းပြသည်။ နန်းတော်ရာ၏ တည်နေရာ အကျယ်အ၀န်းကို မြေပုံပေါ်တွင် လေ့လာကြည့်ရာ ယနေ့ခေတ် မြို့ပြများ၏ အကျယ်အ၀န်းနှင့် နှိုင်းစာလျှင် ရပ်ကွက်ငယ် တစ်ခုမျှသာ ရှိသည်။ ဤမျှသေးငယ်သော အကျယ်အ၀န်းတွင် ရှေးမြန်မာမင်းတို့ နန်းတော် တည်ဆောက်ခဲ့သည်မှာ ဖြစ်နိုင်ပါသလား။ တည်ထားကိုးကွယ်ခဲ့သော စေတီများ၏ ကြီးမားခန့်ထည်မှု၊ ဗိသုကာလက်ရာ အဆင့်အတန်း မြင့်မားမှု၊ ပထမမြန်မာနိုင်ငံ၏ မူလဘူတဆိုသော အရာများနှင့် ချိန်ထိုးကြည့်လျှင် သိပ်ဘ၀င်မကျနိုင်။ သို့သော် မြေပြင်အနေအထားကို ဆက်လက် လေ့လာကြည့်ရာ ရွှေဂူကြီး အရှေ့ဘက်လွင်ပြင်ကို ကျော်လိုက်သည် ဆိုလျှင်ပဲ မင်းနန်သူအရပ်ကို တွေ့ရသည်။ ရှေးက မင်းနန်သူအရပ်ကို မင်းနေပြည်နှင့် တစ်သီးတစ်ခြား ဖော်ပြခဲ့သည် ဖြစ်ရာ ပုဂံခေတ်နန်းတော်ရာသည် ဆိုခဲ့ပါ လွင်ပြင် နယ်နိမိတ် အတွင်းတွင်သာ ရှိသင့်သည်။ ထို့ပြင် ပုဂံ၏ နှလုံးသည်းပွက်ဟု ဆိုနိုင်သော အာနန္ဒာ၊ သဗ္ဗညု၊ ကန်တော့ပလ္လင် စေတီများမှာ ထိုလွင်ပြင်၏ အနီးတ၀ိုက်တွင်ပင် တည်ရှိသည်ဖြစ်ရာ၊ မင်း၊ မှူးမတ်တို့အနေဖြင့် ၎င်းတို့ အလွယ်တကူ ဖူးမြှော်နိုင်ရန် စေတီပုထိုးများကို နန်းတော်အနီးတွင် တည်ထားရန် ရွေးချယ်ခဲ့နိုင်သည်ဟူသော ရှုထောင့်မှ ကြည့်လျှင် မစ္စတာအိုကွန်းနား၏ ထင်မြင်ချက်မှာ သင့်လျော်သည်ဟု ဆိုနိုင်သည်။ သို့သော် တည်နေရာ အတိအကျကို စုံစမ်းရန်မှာ ရှေးဟောင်းသုတေသန၏ အလုပ်ဖြစ်သောကြောင့် သူတို့၏ ထောက်ခံအတည်ပြုချက် မရမချင်း ကြိမ်းသေသည်ဟုကား မဆိုနိုင်။
ထိုမှတစ်ဖန် အောက်နားရှိ အလောင်းစည်သူမင်း၏ ကောင်းမှုတော် တစ်ဆူဖြစ်သော သဗ္ဗညုကို ဖူးဖြစ်ပါသည်။ ပုဂံစေတီပုထိုးများတွင် ဥာဏ်တော်အမြင့်ဆုံး။ ဥာဏ်တော်တကာတွင် အမြင့်ဆုံးဖြစ်သော မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို ရည်စူး၍ တည်ထားသောကြောင့် ဥာဏ်တော်မှာ အမြင့်ဆုံး ဖြစ်နေခြင်း ဖြစ်ပါလိမ့်မည်။ ထိုဘုရားနောက်တည်သော ဘုရားများမှာလည်း ဗုဒ္ဓ၏ သဗ္ဗညုတဥာဏ်တော်ကို ကိုယ်စားပြုတည်ထားသော ဤဘုရားထက် ပို၍ မြင့်ခြင်းကာ မသင့်လျော်ဟု ယူဆသောကြောင့် ဥာဏ်တော်ကို နိမ့်၍ တည်ကြသည်ဟု ယူဆလျှင် သင့်တင့်မည်ဟု ထင်ပါသည်။ မစ္စတာ အိုကွန်းနားက သဗ္ဗညုစေတီ၏ ထူးခြားသော ဗိသုကာလက်ရာကို ဤသို့ ရှင်းပြသည်။ စေတီမှာ လေးဆင့် ဂူဘုရားမျိုးဖြစ်ပြီး ထူးခြားချက်မှာ တတိယ ပစ္စယံမှ စပြီး အာနန္ဒာလို တစ်ဆင့်ချင်း မြင့်တက်သွားခြင်း မဟုတ်ဘဲ ထောင်လိုက် ပေ (၅၀) ခန့် တောက်လျှောက် မြင့်တက်သွားစေခြင်းဖြင့် ဘုရားဖူး၏ စိတ်နှလုံးကို ဆွဲငင်ထားသည်ဟု ဆိုသည်။ သူပြောသလို လိုက်ကြည့်လိုက်မှ ဟုတ်ပေသည်ဟု ၀န်ခံမိသည်။ ဟိုယခင်က သည်လို သတိမထားမိ။ ထိုသို့ ဘုရားကို ဖူးမြှော်ပြီး အာနန္ဒာဘက် ကူးရန် ဆိုသောအခါ သူက သဗ္ဗညုအနီးရှိ ရှေးဟောင်း လက်ရာတစ်ခုကို သွားကြည့်ချင်သေးသည်ဟု ဆိုသည်။ လိုက်သွားကြည့်သောအခါ တစ်ပိုင်းတစ်စသာ ကျန်တော့သည့် ထုထည်ကြီးကြီးမားမားနှင့် ဗဟိုစည် ချိတ်ဆွဲရာ နီကျင်ကျင် အုတ်တိုင်လုံးကြီး နှစ်လုံးကို တွေ့မြင်ရသည်။ သင်္ခါရသဘောအရ ရှေးဘုရင်တို့၏ အချုပ်အခြာ အာဏာကို ကိုယ်စားပြုသော ဗဟိုစည်ကား မရှိတော့။ သို့သော် ထိုကြွင်းကျန်နေသော တိုင်လုံးကြီးနှစ်လုံးကား နှစ်ပေါင်းထောင်ချီ ကြာသည့်တိုင် ခန့်ထည်မြဲ ခန့်ထည်ဆဲ။ ထိုခန့်ငြားမှုမှာ ဂရိတို့၏ ပါသီနွန်နတ်ကွန်းရှိ တိုင်လုံးများထက် မလျော့ဟု သူက ရှင်းပြပါသည်။ သူ ဤမျှ ညွှန်းသော ထိုတိုင်လုံးကြီးများကို ပထမအကြိမ် ရောက်ခဲ့စဉ်က ကျနော် သတိမမူမိခဲ့။ ရောက်သည့်အချိန်ကလည်း ညအချိန် ဖြစ်သည်က တစ်ကြောင်း၊ လေ့လာမှု အားနည်းခြင်းက တစ်ကြောင်းကြောင့်ဟု ဆင်ခြေပေးက ပေးနိုင်ပါသည်။ ယခုတော့ အဘိုးအို၏ ကျေးဇူးကြောင့် မြန်မာတို့၏ လူသိနည်းပြီး ဂုဏ်ယူဖွယ်ကောင်းသော လက်ရာတစ်ခုကို ဒိဋ္ဌတွေ့ခဲ့ရသည်။
နေလည်း တော်တော်မြင့်လာပြီ။ သည့်ထက်ပိုမြင့်၊ ပိုပူလာလျှင် မကောင်း။ ကျနော့်အတွက် အကြောင်းမဟုတ်တောင် အဘိုးကြီးကို ငဲ့ရအုံးမည်။ သူလည်း စိတ်ဆောင်နေ၍သာ၊ လူပုံကတော့ နွမ်းနယ်နေပြီ။ ထို့ကြောင့် ကျနော်က ရှေ့နားမှ အာနန္ဒာ ဖူးပြီးလျှင် ပြန်နားကြရအောင်ဟု အဘိယာစက ပြုသည်။ သူကလည်း အာနန္ဒာ မဖူးရလျှင် ပုဂံလာသည် မမြည်။ ထို့ကြောင့် အာနန္ဒာဖူးပြီးမှ နားမည်ဆိုသော စကားကို လက်ခံသည်။ အာနန္ဒာသို့ သွားရာလမ်းတွင် သူက အာနန္ဒာသည် ပုဂံ (သို့မဟုတ်) မြန်မာပြည်၌ သာမက အရှေ့တိုင်း၏ အကျော်ကြားဆုံး၊ အထင်ရှားဆုံး အဆောက်အဦးတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ပထမအကြိမ် အာနန္ဒာကို ရောက်ခဲ့စဉ်က ကျနော်သည် ဆရာဇော်ဂျီ၏ ပုဂံမြို့ဟောင်း ဆောင်းပါးပါ ဆရာ့ ချဉ်းကပ်ပုံကို လက်ကိုင်ထား၍ ဘုရားကို ဖူးမြှော်ခဲ့သည်။ ယခုအကြိမ်မှာမူ အပိုဆုအနေဖြင့် ဗြိတိသျှတစ်ဦးထံမှ အာနန္ဒာစေတီ၏ ထူးခြားသော ဗိသုကာလက်ရာများကို ကြားရတော့မည်။ ဘုရားထဲဝင်ပြီး မတ်ရပ်ရုပ်ပွားတော်ကို ကြည့်ပြီး အိုကွန်းနားက ရုပ်ပွားတော်မျက်နှာဖွင့်ကို ဦးစွာ ရှင်းပြသည်။ ရုပ်ပွားတော်ကြီးများမှာ အလွန်ကြီးမားပြီး အမိုးခုံးထိပ်သို့တိုင် ထိုးတက်သွားသည်။ သို့သော် အလင်းပေးစနစ်၏ ကောင်းမွန်မှုကြောင့် မျက်နှာတော်တွင် အရိပ်ဟူ၍ မြူမျှမထင်။ ထို့ကြောင့် ရုပ်ပွားတော်၏ မဟာကရုဏာကို ထင်ဟပ်ပြသနေသော မျက်နှာတော်သည် နှစ်ပေါင်း ထောင်ချီလာသည့်တိုင် ရှေးယခင်က ဘုရားဒါယကာ ကျန်စစ်မင်း၏ ဖြစ်စေလိုသော ဆန္ဒအတိုင်း ၀င်းပမြဲ ၀င်းပဆဲ။ မျက်နှာတော်ကို အလင်းပေးရာတွင်လည်း အလင်းပေးသော ပြတင်းပေါက်များကို မမြင်မတွေ့ရသည်ဖြစ်ရာ ရောင်တော်ဖွင့်ထားသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။ မြင်လည်း မြင်တတ်သော အဘိုးကြီးပါပေ။ ထို့နောက်တစ်ဖန် မတ်ရပ်ရုပ်ပွားတော်များ၏ ပန်းပု အတတ်ပညာကို ချီးကျူးသည်။ ရုပ်ပွားတော်များမှာ အရွယ်အစား လွန်စွာကြီးမားသော်လည်း အံ့သြဘနန်း ဖြစ်ရလောက်အောင် ပြေပြစ်သွက်လက်သည်ဟု ဆိုပါသည်။
အပြင်ဘက် ဗိသုကာ လက်ရာကို အဓိပ္ပါယ် ဖွင့်ဆိုပြပြန်သည်။ အာနန္ဒာစေတီ၏ ပန္နက်တော်ရိုက်ပုံကို သူမချီးကျူးဘဲ မနေနိုင်ဟု ဆိုသည်။ တည်ထားပုံမှာ ရှေးဂရိဘုရားကျောင်းများ တည်ဆောက်ပုံကဲ့သို့ အတိအကျ ကြက်ခြေခတ်ပုံ ဖြစ်သည်။ အာရုံခံတန်ဆောင်းများကို ထည့်တွက်လျှင် စုစုပေါင်း အလျားအရှည် ပေ (၂၈၀) ရှိသည်။ ရှေးဂရိဘုရားကျောင်းများသည် ရွှေအချိုး [golden ratio (length/height) = 1.618] နှင့် ဆောက်ထားသည်ဟု သိရရာ ယခု သူပြောသော အာနန္ဒာ၏ အလျားဖြတ်ပုံမှာ ရွှေအချိုးနှင့် မကိုက်ပါဘဲ ဘာကြောင့် သူက တူသည်ဟု ဆိုရသလဲ။ သိပ်မရှင်း။ စေတီပုံကို ထပ်ကြည့်မှ ရှင်းတော့သည်။ ဟုတ်သည်။ ကျနော်က အာရုံခံတန်ဆောင်းတွေကို တပါတည်း ပေါင်းကြည့်သောကြောင့် အချိုးမကိုက်။ ပင်မ စေတီဆောင်ကိုသာ ကြည့်ပါက အလွန်လှပသော အချိုးဖြင့် တည်ဆောက်ထားသည်ကို တွေ့ရသည်။ စေတီ၏ အပြင်ဘက် အုတ်နံရံများတွင်လည်း အဆင့်မြင့်လက်ရာ စဥ့်စိမ်းသုတ် အုတ်ချပ်များကို ထောင်နှင့် ချီ၍ တွေ့ရသည်။
ထို့နောက် သူနှင့် ကျနော် စေတီအနီးတွင် မောမောနှင့် ထိုင်၍ စောစောက ရွှေအချိုး အကြောင်း ပြောဖြစ်သည်။ အမှန်တော့ ရွှေအချိုးကို ဂရိတို့ စသုံးခဲ့သည်။ ထိုမှ အာမေနီးယန်း၊ အာမေနီးယန်းမှ အိန္ဒိယ၊ အိန္ဒိယမှ မြန်မာပြည်သို့ ရောက်လာပြီး ဤအာနန္ဒာစေတီတွင် သုံးသလားပေါ့။ သူက ဖြစ်နိုင်ပါသည်။ စောစောက မဟာဗောဓိစေတီ တည်နေပုံအရ အိန္ဒိယနှင့် ပုဂံ အဆက်အသွယ် ရှိသည်မှာ ငြင်းမရ။ သို့သော် သူက မြန်မာတို့ ကိုယ်နည်း ကိုယ့်ဟန်ဖြင့် တွေ့ရှိခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ထိုအကြောင်းကို သူက အကျိုးအကြောင်းနှင့် ရှင်းပြသည်။ ပုဂံ ပုထိုးစေတီများတွင် အိန္ဒိယဟန် လွှမ်းနေသည်ဟု သူကြားသိရကြောင်း။ သို့သော် ပုဂံနှင့် ခေတ်ပြိုင် အိန္ဒိယတွင် ပုဂံကဲ့သို့ ထူးခြားကောင်းမွန်သော ဗိသုကာလက်ရာများကို မတွေ့ရကြောင်း၊ ထို့ပြင် ပုဂံဘုရားတို့၏ လက်ဖျားခါရသော အမိုးခုံးတည်ဆောက်ပုံမျိုး မည့်သည့် ခေတ်ပြိုင် အိန္ဒိယ အဆောက်အဦးတွင်မှ မရှိ။ ထို့ကြောင့် သူက ဤသို့သော ဗိသုကာ လက်ရာများကို ဖန်တီးနိုင်သော ပုဂံသားများ ကိုယ်တိုင် ရွှေအချိုးကို တွေ့ရှိနိုင်သည်မှာလည်း ဖြစ်နိုင်ကြောင်း။
နောက်ထပ် အတွေးပွားစရာ တစ်ချက်ကို သူက ဆက်ဆိုပြန်သည်။ ပုဂံ၏ ဗိသုကာမှာ အထူး အဆင့်မြင့်နေပြီ ဖြစ်ရာ၊ ပုဂံသည် ယဉ်ကျေးမှုကြီးတစ်ခု၏ အစပြုချက် မဖြစ်နိုင်။ ထိုယဉ်ကျေးမှုကြီး၏ အမြင့်ဆုံး ကာလသာ ဖြစ်နိုင်သည်။ ဒါဆို ပုဂံ ယဉ်ကျေးမှုသည် ဘယ်က လာသလဲ။ ပုဂံနောက်ပိုင်း ယဉ်ကျေးမှုသည်လည်း ဘာကြောင့် ပုဂံကို မကျော်နိုင်သလဲ။ ပုဂံသည် သရေခေတ္တရာ၏ အဆက်။ သို့ဆိုလျှင် သရေခေတ္တရာသည် ပုဂံယဉ်ကျေးမှု၏ အစဖြစ်လောက်အောင် အဆင့်မြင့်ခဲ့ပါသလား။ မမြင့်ခဲ့လျှင် ပုဂံသားတွေ သည်ဗိသုကာ အတတ်ပညာတွေကို ဘယ်က ရသလဲ။ ဒါတွေက သူ့နှင့် ကျနော့်အတွက် လောလောဆယ် အလှမ်းမမီ။ ခရီးကော အတွေးပါ သည်မှာရပ်ပြီး အေးအေးလူလူ နားနေမိပါတော့သည်။
[၀န်ခံချက်။ ။ဆရာကျော်ဝင်း၏ သမိုင်းထဲက ပုဂံ၊ ပုဂံထဲက သမိုင်း စာအုပ်ထဲမှ အကြောင်းအရာများကို မူတည်၍ မူရင်းစာရေးသူ V. C. Scott O’connor ကို ဇာတ်ကောင် အနေဖြင့် သုံးကာ ကိုယ်ပိုင် စကားစု အနည်းငယ်ထည့်ပြီး ရေးထားခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Mandalay and other cities of the past in Burma။ ခရီးစဉ်၏ ကာလကို လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် (၁၈၉၄-၁၈၉၆) ဟု ယူဆစေချင်ပါသည်။]
အမိမြေ အလွမ်းပြေ မှ ကူးယူသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment