Tuesday, 30 September 2014

တောင်စဉ် မရ........... အတွေး

ဒီပုံတွေတင်မယ်စိတ်ကူးလိုက် မတင်ချင်လိုက်နဲ့ ဘာဖြစ်မှန်းမသိပါဘူး။
သူများစီးပွားရေးကို တုတ်နဲ့ထိုးရတာလဲမဟုတ်ပါဘူး။
မဂျီးခုလက်ရှိတာဝန်ကျနေတဲ့ ပြည်မြို့ ဆိုတာလေးက တောင်တန်းအသွယ်သွယ် လမ်းအကွေ့အကောက်တွေများစွာနဲ့သွားရတဲ့မြို့ လေးပါ။ ပဲခူးရိုးမအနောက်ဘက်မှာရှိပြီး စိမ်းစိုသောမြင်ကွင်းနဲ့တောင်စွယ်တောင်တန်းတွေဆက်ယှက်နေတဲ့ မြင်ကွင်းတွေကို ကြည့်ရှု့ ခံစားရင်း သွားလို့ရတဲ့ခရီးလေးပါ။ 
ဒါပေမယ့် ၉လပိုင်းကအမေ့ကိုရန်ကုန်ပြန်ပို့ရင်း လမ်းခရီးမှာမြင်တွေ့ရတဲ့မြင်ကွင်းက စိတ်ကိုညစ်ညူးသွားစေတယ်။ 
လမ်းဘေးဝဲယာက တောင်ကုန်းလေးတွေမှာ ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ်နဲ့တောင်ကုန်းကမြေတွေကို တူးခြစ်ပြီး မြေတွေသယ်နေတာလေ။ ဘယ်နေရာမှာဖို့မှာမို့ ဒီလောက်တောင်ကုန်းတွေအကုန်ဖြိုနေတာလဲ
တောင်ကုန်းတွေအကုန်ဖြိုပြီး ဒီနေရာကမြေပြန့်ဖြစ်သွားရင် ဘာအဆောက်အဦးတွေဆောက်မှာလဲ တောင်ကုန်းတွေဖြိုနေတာ ဘယ်သူ့ခွင့်ပြုချက်နဲ့ဖြိုနေတာလဲ ဘာအတွက်လဲ ဆိုတဲ့အတွေးတွေများကြီးတွေးမိပြီး လက်လှမ်းမှီရာလေးကို မှတ်တမ်းတင်ထားတာပါ။
ခါတိုင်းဆို လမ်းဘေးဝဲယာမှာတောင်ကုန်းလေးတွေ ထိုတောင်ကုန်းလေးတွေကို အမှီပြုရင်းယာလုပ်ကိုင်စားတဲ့ စိုက်ခင်းလေးတွေ ညီညာစွာပေါက်နေတဲ့ ပြုစုထားတဲ့ သစ်ပင် စားပင်လေးတွေ..........လုပ်ငန်းခွင်ဝင်နေတဲ့ယာလုပ်သမားတွေ စသည်တို့ကိုကြည့်ရင် ကြည်နူးရင်း သွားခဲ့မိတယ်။
ခုတော့...........ဒီလိုမြေတွေတူးခြစ်ဖြိုဖျက် ပြီး သယ်ယူနေတဲ့ကားကြီးကားငယ်တွေ တောင်ကုန်းကနေ မြေပြင်ဖြစ်သွားတဲ့မြင်ကွင်းတွေ မြင်နေရတော့တယ်။
ပြည်မြို့ ဟာ တောင်ကုန်းလေးတွေ တောင်တန်းတွေ အပြင် ထိုတောင်ကုန်းတောင်တန်းတွေမှာပေါက်နေတဲ့သစ်ပင်တွေရှိနေတာတောင် ဒေသ ရာသီဥတုက ဆောင်းအခါဆို အရမ်းအေးပြီး နွေအခါဆို အလွန်ပူပြင်းပါတယ်။ မိုးတွင်းဆိုရင်လည်း ရန်ကုန်လောက်မိုးမများပေမယ့် မိုးရွာသွန်းမှုပိုတဲ့မြို့တစ်မြို့ ပါ ဒီလိုတောင်ကုန်းတွေကိုဖြိုဖျက်မယ် ခု တစ်လုံး နောက် ၂ လုံး...... ကနေ နောင် တောင်ကုန်းတွေအကုန်မရှိတော့ဘူးဆိုရင် ရိုးမ၂ခုကြားက မြို့ လေးရဲ့ ရာသီဥတုက ဒီ့ထက်ပိုဆိုးဖွယ်ရာဖြစ်ပါတော့မယ်။




Friday, 14 February 2014

လူဆိုသည်ကား



လူဆိုသည်ကား
လူသည်လျှင်
ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်သော်
မလွတ်စတမ်း၊ ရမြဲလမ်းဟု
စွမ်းအင်ပြည့်စုံ၊ ဆိုပါတုံလည်း။

လူ၌သာ
ပညာကြီးမား၊ဘွဲ့အများနှင့်
တတ်ထားသိပ္ပံ ပါမောက္ခဟု
ကမ္ဘာ့တခွင် စာရင်းဝင်လည်း။

လူသည်လျှင်
နေ့စဉ်ဆုံးဖြတ် ဓမ္မသတ်နှင့်
ကျင့်မြတ်လျော်ညီ၊ပြုတတ်သည်ဟု
ပြည့်သူ့ရှေ့တွင် ထုံးစီရင်လည်း။

လူ၌လျှင်
သူ့တွင်ရွှေငွေ၊ ပေါပြည့်လေလျက်
မြေကိုပိုင်စိုး၊ တိုက်တာမိုးနှင့်
အိုးအိမ်များစွာ၊ ရှိလေပါလည်း။

လူသည်လျှင်
ချစ်ကြင်ဇနီး၊ အိမ်ထောင်ကြီးနှင့်
စိတ်လည်းချမ်းမြေ့ ပျော်ရွှင်မွေ့ဘွယ်
စေ့စုံပါဘိ ၊ စည်းစိမ်းရှိလည်း။

လူ့စိတ်ပျောက်၍
ဖောက်ပြန်သောခါ၊ ကြောက်စရာပင်
စိတ်မှာမယုံနိုင်အောင်ရှိတကား။

ထီလာစစ်သူ

အပူဇော်ခံကြသော ဆရာ ၅ ပါး



အပူဇော်ခံကြသော ဆရာ ၅ ပါး
၁။ မိမိ၌ စင်ကြယ်သောသီလမရှိဘဲ ရှိယောင်ဆောင်၍ သူတစ်ထူးအား လွန်ကျူးစွာကဲ့ရဲ့ ရှုတ်ချလျက်
 မြတ်သောသီလသည် ငါ့၌သာရှိ၏ ဟုဝန်ခံ၍ အခြံအရံအလုပ်အကျွေးတို့ကို သွေးဆောင်ဖျားယောင်းတတ်သောသူ

၂။ မိမိ၌ စင်ကြယ်သော အသက်မွေးခြင်းမရှိဘဲ ရှိယောင်ဆောင်၍ သူတစ်ထူးအား လွန်ကျူးစွာ ရှုတ်ချလျက်
မြတ်သောအာဇီဝသည် ငါ့၌သာရှိ၏ ဟု ၀န်ခံ၍ အပူဇော်ခံသောသူ

၃။ မိမိ၌ မစင်ကြယ်သော အယူစကား တရားဒေသနာရှိလျက် မရှိယောင်ဆောင်၍ သူတစ်ထူးအား
လွန်ကျူးစွာ ရှုတ်ချလျက် မြတ်သောအယူဝါဒ ဓမ္မဒေသနာ ငါ့၌ရှိ၏ ဟု ၀န်ခံ၍ အပူဇော်ခံသောသူ

၎။ မိမိ၌ မစင်ကြယ်သော ဉာဏ်အမြင်ရှိလျက် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏ ဟုဝန်ခံ၍ အခြံအရံကို သွေးဆောင်ကာနေသောသူ

၅။ မိမိ၌ မစင်ကြယ်သော ဗျာကရိုဏ်း သင်ခြင်းရှိလျက် စင်ကြယ်သော ဗျာကရိုဏ်းသင်ခြင်းရှိ၏ ဟု ၀န်ခံ၍ အခြံအရံကို သွေးဆောင်ကာနေသောသူ

ကဲ………ဘယ်အချက်နဲ့အပူဇော်ခံနေမိကြသလဲ……….

အမေကတော့ပြောဖူးတယ် ငါ့သမီးက အတော်လေးကို ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းတတ်တယ်တဲ့…………

ဟဟဟ….ဟုတ်ပေသား………..ကျုပ်ဖြင့် အမေပြောသလိုဖြစ်နေပြီ…….
ကဲ ကြီးတော်နွားလေး ကိုယ့်စားရိတ်နဲ့ကိုယ် ကျောင်းလိုက်အုံးမယ်………..ဟဲ့ ….ဟိုငပြာ ဒီဘက်လာ……
 ဒီဘက်မှာ မြက်တွေကပိုစိမ်းတယ်ကွဲ့……….မင်းတို့နှယ် ကြိမ်လေးတို့ပြီး ပြောမှပဲသိတော့တယ်………..

စိတ်ပေါက်ပေါက်နဲ့ ဘာတွေလျှောက်ရေးမိမှန်းမသိပေါင်…..

သည်းခံကြလော့……………အို……….. အသင်လောက……

အရာတော်နှင့်စပ်ဆိုင်သည့် မြေများတွင် မြေလွတ် မြေလပ်များကို မြေတော်အခွင့်ပေး ဥပဒေအရ ခုတ်ထွင်တည်ကျင်းလုပ်ဆောင်စေသည့် အမိန့်တော်





အရာတော်နှင့်စပ်ဆိုင်သည့် မြေများတွင် မြေလွတ် မြေလပ်များကို မြေတော်အခွင့်ပေး ဥပဒေအရ ခုတ်ထွင်တည်ကျင်းလုပ်ဆောင်စေသည့် အမိန့်တော်
ရေမြေ့သနင်း မင်းဧကရာဇ်တို့မည်သည် ရဟန်းရှင်လူပြည်သူအပေါင်း ချမ်းသာရာ ချမ်းသာကြောင်းများကို ရည်သန်ကြံဆောင်မြဲဖြစ်သည်နှင့်အညီ 
တိုင်းပြည်နိုင်ငံ ၀ပြောသာယာ
စည်ပင်တိုးတက်ကြောင်းများကို မဆုတ်မနစ်အားထုတ်ဆောင်စွမ်းကုန်ရာသည်။     ။

 ငါအသျှင် ဧကရာဇ်မင်းမြတ်သည်လည်း တိုင်းနိုင်ငံနေသတ္တ၀ါတို့အား လုပ်စားဆောင်စား စီးပွါးချမ်းသာတိုးတက်ရာ တိုးတက်ကြောင်းများကို
ကောင်းမွန်စွာ ဝေဘန်ဆင်ခြင်တော်မူရာ
ပြည်သူအပေါင်းတို့တွင် အခြားအလုပ်အဆောင် အကူးအသန်း အရောင်းအ၀ယ်မှုများထက်၊ တောင်သူလယ်ယာလုပ်ဆောင်ရသည့် အရာသည်
မငြိုမငြင် မခဲမယဉ်းလွယ်လွင့်တကူ စီးပွားချမ်းသာဖြစ်ထွန်းတိုးတက်ရာတည့် အရင်းမူလ ပဓါန အလုပ်အဆောင်ဖြစ်သည်။
လယ်ယာအလုပ်အဆောင်မှုများကို အလိုရှိတိုင်းလုပ်ဆောင်နိုင်စေရာသောအကြောင်းကိုလည်း
 ရေမြေ့သနင်း မင်းဧကရာဇ်တို့သာ သနားချီးမြှင့် ဆောင်စွမ်းတော်မူနိုင်ရာသည်။    ။

နိုင်ငံတော်အတွင်း အနီးအဝေးအရပ်ရပ် မြို့ ကျေးရွာများမှာ ဘိုးဘထားမဦးချမြေ ငွေဝယ်ငွေပေါင် မြေများမှတပါး အရာတော်နှင့်စပ်ဆိုင်သည့်
မြေများတွင် မြေလွတ်မြေလပ်ရှိသည်များကို မည်သူမဆို ခုတ်ထွင်တီကျင်း လုပ်ဆောင်လိုလျှင် ပြဋ္ဌာန်းပိုင်းခြားတော်မူသည့်
 လယ်ယာအလုပ်အဆောင် အခွင့်ပေးဥပဒေအတိုင်း ခုတ်ထွင်တီကျင်းလုပ်ဆောင်ကြစေ။     ။
ခုတ်ထွင်တီကျင်းလုပ်ဆောင်သူတို့မှာလည်း ဥပဒေပါ နှစ်ပိုင်းခြားသည့်အတွင်း မြေစုမြေခွန်မှစ၍
တစုံတရာအကောက်အခွန် အတောင်းအခံမရှိစေနှင့် လွတ်ငြိမ်းချမ်းသာစေ။     ။

ခုတ်ထွင်တီကျင်းလုပ်ဆောင်သည့်မြေများကိုလည်း ပြဋ္ဌာန်းပိုင်းခြားသည့်ဥပဒေကိုမလွန်မကျူးသမျှ ကာလပတ်လုံး အနုတ်အယူအပြောင်းအလဲမရှိစေနှင့်။
အမွေခံအမွေစား သားမြေးစဉ်ဆက် ဆင်းသက်ပိုင်ဆိုင်စေ။   နိုင်ငံတော်အတွင်း အရပ်ရပ်မြို့ ကျေးရွာ ခရိုင်ဝန် မြို့ ဝန် စစ်ကဲတို့ကို
ဥပဒေနှင့်တကွ ပေးအပ်၍ စေ့နှံ့အောင် ပြန်ဆိုမှာထားစေ။   

( သက္ကရာဇ် ၁၂၄၆ ခု ၊ တပို့တွဲလဆန်း ၁ ရက်နေ့၊ နာခံတော် မင်းလှမင်းထင်ကျော်တွင် ပြန်အမိန့်တော်။ )

ဘာရယ်မဟုတ်ပါဘူး။ ကျောက်စာဝန်တော်စိန်ခိုပြုစုတဲ့ လွှတ်တော်မှတ်တမ်း စာအုပ်က မှတ်တမ်းတွေကို ဖတ်ရင်း
 ဒီအမိန့်တော်လေးဖတ်မိပြီးလက်ရှိဖြစ်ပျက်နေတာကိုမြင်ရကြားရတာနဲ့

 နှိုင်းကြည့်လိုက်တာ  အားကျတော်မူသွားတယ်ကွယ်။ အဲ့…..နန်းတွင်းစာတွေဖတ်ပါများတော့ လေသံကလည်း နန်းဆန်သွားတယ်။ ခေတ်ကာလ ပြောင်းလဲရွေလျားလို့ အမိန့်တော်တွေလည်း ပြောင်းလဲသွားတာထင်ပါ့……..

 နောက်ဆို ထမင်းစားဖို့ဆန်ကို နိုင်ငံခြားက တင်သွင်းမှာစားရတော့မယ်ထင်တယ်လို့ ဆောင်းအိမ်မက် မက်နေမိတယ်……………..

ဘာရယ်မဟုတ်ပါဘူး…..ဘာမှလည်းမဟုတ်ပါဘူး။ ဘာမှလည်းမသိပါဘူး…………ဘာမှလည်းမလုပ်ပါဘူး။ ဘာမှလည်းမပြောပါဘူး…………..နော်

ကိုယ်တွေးမိတာလေးပြောတာပါ။ တစ်ကယ်တော့ မဂျီးက ဘာဘာ ဘာမှမသိပါဘူးကွယ်…………… ။

ကော်ဖီတစ်ခွက် လက်ဖက်တစ်ပွဲ နှင့် ကျောက်စာများ

ပထမတော့ ကော်ဖီတစ်ခွက်.........
ကော်ဖီတစ်ခွက်တည်း ဘက်ပဲ့နေတာနဲ့ လက်ဖက်လေးသုပ်လိုက်တယ်.......
ပြီးတော့ေ
ကျာက်စာဖတ်တယ်။
ရေးတယ်။ ပြင်တယ်။ သိမ်းတယ်။
ဒါတွေကို စားလိုက်သောက်လိုက်နဲ့လုပ်လိုက်တာ...... မနက် ၂ နာရီထိုးသွားတယ်........
လက်ဖက်ကလည်းစားကောင်း ကော်ဖီကလည်းသောက်ကောင်း.........
သုံးဆောင်ကြပါအုံး...........



ကျိန်စာ

စာတွေပြန်ဖတ်ရင်း ကျောက်စာဝန်တော်စိန်ခိုရဲ့  လွှတ်တော်မှတ်တမ်းကို ဖတ်မိပါတယ်။ အဲ့အထဲကမှ သစ္စာတော်ပေးအမိန့်တော်ပြန်တမ်းကို ဖတ်မိတော့........

လွှတ်တော်မှတ်တမ်း ပါ သစ္စာတော်ပေးအမိန့်တော်ပြန်တမ်းရဲ့  အရေးသားက ရှင်းပါတယ်။
အလွယ်တကူပဲ ဖတ်လို့ရပါတယ်။
သစ္စာတော်ပေးတဲ့ပြန်တမ်းမို့ သစ္စာခံသူတွေရဲ့စိတ်ကို ချုပ်ထိန်းတဲ့နေရာမှာ အာဏာသံ၊အမိန့်ပေးသံကိုပေါ်လွင်အောင်ရေးသားထားပါတယ်။

တခြားအရာတွေရေးချင်ပေမယ့် ကျိန်စာနဲ့ပတ်သက်လို့ပဲလို့ခေါင်းစဉ်တပ်ထားတော့ကျိန်စာကိုပဲပြောရအောင်။

ငါ့ကျေဇူးသစ္စာတော်တိုင်းမတည်ဘဲ ဖောက်ပြန်ရင်လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဆယ်ပါးအပြား၃၀ဖြည့်ခဲ့ကျင့်ခဲ့သော ဘုရားသခင်ကိုယ်တော်မြတ်ကိုစောင့်သောနတ်သတ်၍သေစေ။

သွားတော်၄၀ စွယ်တော်၎ချောင်း ညှပ်ရိုးတော်၁ချောင်းဓါတ်ပေါင်းရှစ်စရွတ်ကိုစောင့်သောတဲ့နတ် သတ်လို့သေစေ။

လက်ျာရံ ရှင်သာရိပုတ္တရာ၊ လက်ဝဲရံရှင်မောဂ္ဂလန်စသော အသိတိရှစ်ကျိပ် ရဟန္တာအရှင်မြတ်တို့၏ ဓါတ်တော်မွေတော်ကိုစောင့်တဲ့နတ် သတ်လို့သေစေ။

ဘုရားသခင်ဟောတော်မူသော ၀ိနည်း၅ကျမ်း၊သုတ်သုံးကျမ်း၊ အဘိဓမ္မာ ၇ ကျမ်း၊ ပိဋကတ်သုံးပုံ ဓမ္မက္ခန္တာအပေါင်း ရှစ်သောင်းလေးထောင်ကျမ်းကိုစောင့်သောနတ်လည်း မနေနိုင်ဘဲသတ်စေ။

သာမဗေဒင် ယဇုဗေဒင် ဣရုဗေဒင် အထဗ္ဗနဗေဒင်စတဲ့ ဗေဒင်၎ပုံကိုစောင့်သောနတ်လည်း သတ်စေ။
သာသနာတော်ငါးထောင်ကို စောင်တဲ့နတ်လည်းသတ်စေ။

ကျွန်းကြီး၎ ကျွန်း၊ ကျွန်းငယ်နှစ်ထောင်စတဲ့ကျွန်းအပေါင်းကိုစောင့်တဲ့နတ်လည်းသတ်စေ။

မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ အင်းအိုင်ချောင်းမြောင်းအပေါင်းကိုစောင့်တဲ့နတ်လည်း မနေဘဲ သတ်စေ။

ဟိမ၀န္တာ တောသုံးထောင်အပါ အာကာသကိုအစိုးရတဲ့နတ်၊ ဗိဿနိုးနတ်၊ ဘုတ်ပြိတ်နတ်လည်း မနေဘဲ သတ်စေ။

ထို့ပြင် နတ်အများသတ်၍တာတောင် မသေသေးဘဲသွေးခဲသွေးနက် ပွက်ပွက်ထွက်၍ ကိုယ်လက်ပြောင်းပြန် သွေးခဲအန်၍ သေစေ။

ဘေးရှစ်ပါး ဒဏ်၁၀ပါးကြောင့်လည်း လတ်လတ်ချက်ချင်းသေစေ။

သားစဉ်မြေးဆက် ဥစ္စာပစ္စည်းလည်း မကြာခဏပျက်ဆီးပြီး ဆီးမီးတန်ဆောင် တုံးသွားသကဲ့သို့  အကုန်မကြွင်းမကျန်ပျက်ဆီးခြင်းသို့ရောက်စေ။

ဒါမှမဟုတ် ရေလမ်းခရီးသွားရင်လည်း ရေသတ္တ၀ါဆယ်ကုဋေရှိတဲ့အထဲမိကျောင်း၊လင်းပိုင်၊ နောက်ဆုံး ညံသတ္တ၀ါအထိ စားခြင်းခံရပြီးသေစေ။

ကုန်းလမ်းခရီးကသွားရင်လည်း သစ်၊ကျား၊ဆင်၊ရဲ၊စိုင် စတဲ့ ကိုးကုဋေသော သတ္တ၀ါတို့စား၍ သေစေ။
မြွေပွေး၊မြွေဟောက်၊ ငန်းကျား၊ ငန်းပြောက်အပါဝင် ပေါက်၍သေစေ။

အဲ့လို နတ်တွေကသတ်၊ သဘာဝဘေးအန္တရာယ်နဲ့သေ၊ ဒါမှမဟုတ် သတ္တ၀ါတွေစားခြင်းခံရကာ သေပြီးနောက်
ငရဲကြီးရှစ်ထပ်၊ ငရဲငယ်တစ်ရာနှစ်ဆယ့်ရှစ်ထပ်၊တိရန္တာန်ပြိတ္တာ အသူရကယ်အပါယ်၎ပါးအထိ ရောက်စေ။

ထို့နောက် ငရဲကလွတ်လာလို့ လူပြန်ဖြစ်ခဲ့ရင်လူချင်းမတူ နူဖြူနူဆွတ် မုန်ညှင်းပွတ်အဆင်း ခရုသင်းစွဲပြီး ဘက်သကပ် ဘက်သခြာ အနာလည်းစွဲစေ။

ထို့ပြင် မိခင် ဖခင်လို့ဘယ်လောက်ပဲပြင်းပြင်းထန်ထန်ခေါ်စေကာမူကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် သေစေ။

ဒါ့အပြင် မင်းပြစ်မင်းဒဏ် အမတ်ဗိုလ်ပါတို့၏အပြစ်စွဲရာကနေခြေလက်မပြတ်တပြတ် လည်ဦးခေါင်းလည်း ထောင်းထောင်းကြေပြီး လတ်တလောချက်ချင်းသေစေ။

မဟာသမုဒ္ဒရာပင်လယ်ပြင်ကြီးတွင်သင်္ဘောကြီးမျောပါပျက်ဆီးသလိုအစိတ်စိတ်အမြွာမြွာကွဲသေစေ။
ဝါဂွမ်းတစ်လှည်းကိုမီးဖုတ်သော လက်တစ်ဆုတ်စာမျှမရသလိုဖြစ်စေ။

သားစဉ်မြေးဆက် ကျေးကျွန်အဆုံး အဆင်းရဲကြီးဆင်းရဲပြီးခွက်စွဲကာ စားချင်သမျှ တောင်းစားရာဘ၀ကျရောက် လူလည်း အလှတရားမရှိဘဲ လူပြိတ္တာ ဖြစ်စေ။

နောက်ဆုံး ရှိရှိသမျှ အရာတွေနဲ့ကျိန်စာတိုက်လို့အားမရဘဲ
မင်းအနန္တသူကျောက်စာပါ ကျိန်ဆိုခြင်းကဲ့သို့ ထင်းကိုမီးလောင်ရာ တစစ တိုသလို တိုစေ။

ဆိုပြီး ကျိန်ဆိုခြင်းကို နိဂုံးချုပ်ထားတယ်။

ဒီ ကျိန်စာက ကျောက်စာပါ ကျိန်စာမဟုတ်ဘူး။ အမိန့်တော်ပြန်တမ်းက ကျိန်စာဖြစ်တော့ ရွတ်ဆိုသူ နားထောင်သူတွေရဲ့ စိတ်ကို
ကြောက်ရွံ့ ထိတ်လန့်အောင်ရေးထားတာတွေ့ရတယ်။အကြောင်းအရာတွေကိုပုံစံတူထပ်ကာထပ်ကာရေးခြင်းအားဖြင့် သစ္စာကိုမဖောက်ဖြစ်ဘဲ အမှတ်ရနေအောင်ရေးသားထားတာတွေ့ရတယ်။
အဘက်ဘက်ကဘယ်လိုမှ ရုန်းလို့မရ လွတ်လမ်းမရှိအောင်ကျိန်ဆိုထားတယ်။

လွှတ်တော်မှတ်တမ်းပါ သစ္စာတော်ပေးအမိန့်တော်ပြန်တမ်းကိုဖတ်ရင်း အောက်ဆုံးကျိန်စာမှာ မင်းအနန္တသူကျိန်ဆိုသလို ဆိုတဲ့အသုံးပါလာပါတယ်။
ဒီနေရာမှာ မင်းအနန္တသူကဘယ်လိုကျိန်လည်းဆိုတာကို လိုက်လေ့လာကြည့်တော့ ............

ကိုယ်ကပဲညံ့တာလားတော့မသိဘူး ကျိန်စာကိုမတွေ့ဘဲ ဆုတောင်းစာပဲတွေ့တယ်......

ဒါနဲ့ တစ်ဆက်တည်း ကျန်တဲ့ကျောက်စာတွေက ကျိန်စာတွေကို ဆက်ဖတ်ကြည့်တော့............

ပုဂံခေတ်ကျောက်စာထဲက ထင်ရှားကျော်ကြားတဲ့ရာဇကုမာရ်ကျောက်စာမှာ

ငါ့နောင်အား ငသာလည်ဂေါင်၊ ငါမ္လိယ်လည်ဂေါင်၊ငအဆုယ်လည်ဂေါင်၊ သူတစ်ထူလည်ဂေါင်၊ ဣယ်ပုရှာအာ ငာလှူခသု ကျောန် အနှိပ်အစက်တေယ်မူမုကာ။အရိမိတ္တယာပုရှာသ္ခင်အဖူရစိယ်။

ဆိုပြီး ကျိန်စာကိုတိကျအောင်ရေးပြီးငါလှူခဲ့တဲ့အလှူနဲ့တကွကျွန်တို့ကိုဖျက်ဆီးခဲ့ရင် အရိမေတ္တေယျဘုရားသခင်ကိုမဖူးစေ ဟု ရိုးရိုးပဲကျိန်ဆိုခဲ့တာတွေ့ရတယ်။ 

ပုဂံခေတ်ကျောက်စာထဲကပဲ တူရွင်းတောင်ဘုရားကျောက်စာထဲမှာတော့
အလှူရှင်က သူလှူခဲ့တဲ့အလှူကိုဖျက်သူဟာမိမိဆွေမျိုး၊ သားမြေးမြစ်ဖြစ်စေ သူစိမ်းဖြစ်စေ မခွဲခြားဘဲ ညီတူမျှတူအပြစ်ခံစေရန်

သာမ္လိယ်(တွ)င်လည္ကောင် သုလည္ကောင် လုစမုကာအ၀စိယ်ကာအာထက် လုစ(မု)သောကာ သြက်ဖ္လစ်စိယ်သာတေ။

ဆိုပြီး သားပင်ဖြစ်စေ သူတစ်ပါးဖြစ်စေအလှူကိုလုစားလျှင် အ၀ီစိကားအထက် လုစားသူကအောက်ဖြစ်စေ လို့ကျိန်ဆိုခဲ့တယ်။ ဒီကျောက်စာမှာတော့ပုဂံသားတို့ ဗုဒ္ဓဘာသာကိုနားလည်ပြီး အ၀ီစိငရဲကိုကြောက်ရွံ့ တဲ့ ခံစားမှုကိုတွေ့ရမှာပါ။

ပုဂံခေတ်ကျောက်စာထဲက ထင်ရှားတဲ့ ညောင်ရမ်းကြီးသမီးကျောက်စာ( မြောက်ဘက်ကျောက်ချပ် ) မှာတော့ ကျိန်စာက အဆင့်မြင့်လာတာတွေ့ရတယ်။

ညောင်ရမ်းကြီးသမီးက ခင်ပွန်းဖြစ်သူကင်္ကသူအနိစ္စရောက်ပြီး သုံးရက်မြောက်မှာအလှူကြီးပေး ရေစက်သွန်းချအလှူပြုပုံကိုရေးထိုးတာဖြစ်တယ်။ဒီကျောက်စာမှာအလှူပြုရခြင်းရည်ရွယ်ချက်၊အလှူပစ္စည်းစာရင်း၊ အလှူပြုပုံအဆင့်ဆင့်ကိုရေးထိုးထားပြီး၎င်းလှူထားသောကျောင်း၊လယ်နှင့်ကျွန်တို့ကိုလုယက်ဖျက်ဆီးသူသည်

လုစလတ်သော နိုင်ထက်ဖျက်ဆီလတ်သောသူကာ။မ္လစ်သြက်ဖက်မှသော က္လောက်စာတွင် ဖုန်မကြီစိယ် အသက်မရှည်စိယ်သတေ။ဟုသကစသော မျာစွာသော ငာကိန်သောအကိန်သင်ရုယ်။ ဥိခောင်္ထာရာမသီ ပျက်စီပြုန္တီရုယ် နှစ်မကူ လမပ္လန် ကြီစွ၂သော ဖိုယ်ဖျံရောက်ရုယ်သိယ်စိယ်သတေ။

ဟု လုစားသောသူ နိုင်ထက်ဖျက်ဆီးသောသူကားဘုန်းမကြီးပါစေနှင့်၊ အသက်မရှည်ပါစေနှင့် စသဖြင့် မြောက်ဘက်ရှိကျောက်စာတွင်ရှိ သူကျိန်ထားသောအကျိန်ပေါင်းများစွာသင့်၍ ဦးခေါင်းထားရာ မသိပျက်ဆီးပြုန်းတီးပါစေ။ နှစ်မကူးလ မပြန့်ကြီးစွာစွာသောဘေးသင့်သေပါစေ။လို့ကျိန်ဆိုခဲ့တာတွေ့ရမယ်။

ညောင်ရမ်းကြီးသမီးကျောက်စာ (တောင်ဘက်ကျောက်ချပ်) မှာလည်း ကျိန်စာတစ်မျိုးကိုထပ်တွေ့ရသေးတယ်။
တောင်ဘက်ကျောက်ချပ်ကကျိန်စာက ပိုစိတ်ဝင်စားဖို့ကောင်းတာတွေ့ရတယ်။

ငာဆုယ်တွင်္ကျင်လည်ကောင် ငသ္ခိင်မင်ဧအဆုယ်တွင်ကျင်လည္ကောင်ပ္လသူင်္လည်ကောင် ရဟန်လည်ကောင် လူလည်ကောင် မိယ္မ်လည်ကောင် ယောက္ကျာလည်ကောင်။ လုစလတ်သော နိုင်ထက်မူလတ်သောသူကာ။လူတွင်ဖုန်မကြီစိယ် အသက်မရှည်စိယသတေ။ မိဖိုယ် ရိယ်ဖိုယ် မုကြိုင်ပုဆိန်ဖိုယ် ဆင်ဖိုယ်မြင်ဖိုယ် မြုယ်ဖိုယ် သစ်က္လာလ၀ံဖိုယ် သမာကုရှယ်မတတ် ရျာသောအနာဖိုယ်ကြီစွာ၂ လျှင်္သရုင်္ယ်ဖတ္တလတ်သိယ်စိယ်သတေ။သုခဲအန်ရုယ်သိယ်စိယ်သတေ။ သိယော်သလေ အ၀ိစိယ်မည်သော ငြယ်ကြီလျှင်္ကျက်စိယ်သတေ။ ပုရှာအဖ္လစ်၂လေမဖူစိယ်သတေ။ကြံမာအာ လူဖ္လစ်ငြာတုံသောလေ။ နူသောဝယ်သော ကီသောကန်သော နာပင်္သော အသောရူသော ထုံလှီသော ခြိယ်လက်တိုဝ်သောနာနှာခောင်တိုဝ်သော ပုဆိုဝ်ခြံလည်လျှင်ပတ်ရုယ် ဖုန်စသောလေ မစာရတတ်သော လူတွင်သူမခံသောကြံမာခံသော လူပြိတ္တာလျှင် ဖ္လစ္စိယ်သတေ။ မ္လိယ်ကြီကံဖာကာအထက် အယင်လုစသောသူကာ သြက်ဖ္လစ္စိယ်သတေ။

ဟု “ ငါ့အဆွေလည်းကောင်း၊ ငါ့ခင်ပွန်း၏အဆွေလည်ကောင်း၊ပြင်လူလည်းကောင်း၊ ရဟန်းလည်းကောင်း၊လူလည်းကောင်း၊ မိန်းမလည်းကောင်း၊ယောက်ျားလည်းကောင်း၊လုစားလတ်သော၊နိုင်ထက်မူလတ်သောသူကားလူတွင်ဘုန်းမကြီးစေ အသက်မရှည်စေသတေး။ မင်းဘေးသင့်စေသတေး၊ မီးဘေး၊ရေဘေး၊မိုးကြိုး ပုဆိန်ဘေး၊ဆင်ဘေး၊ မြင်းဘေး၊ မြွေဘေး၊ သစ်ကျားလူဝံဘေး၊ ဆင်ဘေး၊ သမားကု၍ မတတ်ရာသောအနာဘေးကြီး စွာစွာလျှင်သင့်၍သေစေသတေး။ သွေးခဲအန်၍သေစေသတေး။ သေသော်အ၀ီစိ ငရဲကြီး၌ ကျက်စေသတေး။ ဘုရားအဖြစ်ဖြစ်လည်းမဖူးစေသတေး။ ကုသိုလ်ကံကြမ္မာအလျောက် လူဖြစ်ငြားတုံသော်လည်း နူသော ၊ ၀ဲသော ၊ ကျိုးသော၊ကန်းသော၊ နားပင်းသော၊ အသော၊ ရူးသော၊ တုံလှီသော၊ ခြေလက်တိုသော၊ နား၊နှာခေါင်းတိုသော၊ပုဆိုးကြမ်းလည်လျှင်ပတ်၍ ဖုန်း(တောင်း)စားသော်လည်း မစားရတတ်သော လူပြတ္တာလျှင်ဖြစ်စေသတေး။မြေကြီးကမ္ဘာကားအထက် အယင်လုစားသောလူကား အောက်ဖြစ်စေသတေး။

ဆိုပြီး ကျိန်စာမှာတိုတိုနဲ့ အချက်လက်စုံလင်စွာကျိန်ဆိုထားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာဖြစ်ပါတယ်။

ပုဂံခေတ် ဥဇနာမင်းလက်ထက် အသ၀တ်ဓမ္မာသင်္ချိုင်းဂူဘုရားကျောက်စာမှာလည်းထူးဆန်းတဲ့ကျိန်ဆိုနည်းကိုတွေ့ရပါတယ်။
(ကျောက်စာမူရင်းရှာမရလို့ ဒီနေရာမှာမူရင်းကိုထည့်မပြနိုင်တာ နားလည်ပေးစေချင်ပါတယ်။)

အသ၀တ်ဓမ္မာအမတ်ကွယ်လွန်တော့ ဇနီးဖြစ်သူစောလှဝန်းက သင်္ချိုင်းဂူဘုရားတည်ပြီးအလှူပြုပေးတဲ့မှတ်တမ်းဖြစ်ပါတယ်။
လှူဒါန်းထားတဲ့အလှူကိုဖျက်ဆီးသူကား

ဒေ၀ဒတ်ခံရသော ငရဲထက်ဆိုးသော အဆအရာ အဆရာအထောင်အဆအသိန်း တပြောင်းပြန်ပြန် ငရဲကျပါစေ။
လှူထားသောလယ်ကိုစားရသည်ရှိသော် ယောက်ျား၊မိန်းမတို့သည်အလျားအနံ အရပ်၆၀ အသွားထူသည့် ကျောက်ဖျာကြီးမှာ ခါးတိုင်အောင် နစ်နေသော ရေလဲမရအစာလဲမရလျှာငါးလံထွက်၍ခံစေ

ဟု ကြောက်မက်ဖွယ်ကောင်းတဲ့ကျိန်ဆိုနည်းကိုတွေ့ရပါတယ်။
ဒါတွေကတော့ ပုဂံခေတ်တစ်ခေတ်တည်းရဲ့  ကျောက်စာပါ ကျိန်စာများပါ။ ပင်းယခေတ်၊ အင်းဝခေတ် ကျောက်စာတွေမှာလည်း ကျိန်စာရေးထိုးတဲ့ဓလေ့က ရှိပါတယ်။
စာအုပ်အခက်အခဲကြောင့် ထည့်မရေးတော့ပါဘူး။

လွှတ်တော်မှတ်တမ်းကိုဖတ်နေရင်း  ဒီကျိန်စာကိုဖတ်မိပြီးသကာလ ထားဝယ်ဒေသဘက်မှာ လယ်ယာမဲ့သွားတဲ့
လယ်သမားတွေရဲ့  လယ်မြေသိမ်းလိုက်တဲ့သူတွေအပေါ် ကျိန်ဆိုတဲ့သတင်းကိုသတိရသွားတယ်။ ကျိန်ဆိုတယ်ဆိုတာရှေးယခင်ခေတ်က ကျောက်စာတွေမှာပဲတွေ့ရတဲ့ အမှုကိစ္စပါ။
ရှေးခေတ် ပုဂံခေတ်ကစလို့  ဘုရားတစ်ဆူ၊ အလှူတစ်ခု ပြုလုပ်ပြီးသွားရင်  ကျောက်ထက်မှာမှတ်တမ်းတင်ရေးထိုးရင်း အလှူကိုရေရှည်တည်တံ့စေရန်မှတ်တမ်းတင်လေ့ရှိတယ်။ ဒီလိုမှတ်တမ်းတင်တဲ့နေရာမှာလည်း အလှူရှင်ရဲ့အမည်၊
အလှူပြုလုပ်တဲ့ခုနှစ်၊ ရေးထိုးတဲ့ခုနှစ်၊အလှူပြုလုပ်ရခြင်းရည်ရွယ်ချက်၊ အလှူပြုလုပ်ပုံအဆင့်ဆင့်၊ အလှူစာရင်း၊ အလှူပြုပြီးနောက်ဆုတောင်း နဲ့ ဒီအလှူကိုဖျက်ဆီးသူတွေမပေါ်အောင် ကျိန်စာရေးထိုးပြီး ထားခဲ့ကြတယ်။
ဒါကြောင့်လည်း ယခုခေတ်အချိန်ထိ ကျောက်စာပါအချက်လက်တွေကို လေ့လာလို့ရနေတာပဲလေ။
ကျိန်စာကိုလေ့လာကြည့်ရင် ပြုခဲ့တဲ့အလှူကိုမဖျက်ဆီးအောင်၊ ဖျက်ဆီးမခံရအောင် နောင်ရေရှည်တည်တံ့အောင် ရည်ရွယ်ရေးထိုးခဲ့တာတွေပါ။
ခုတလောဖတ်ဖြစ်ခဲ့တဲ့ ကျိန်စာတိုက်ခြင်းကတော့မိမိပိုင်ဆိုင်တဲ့အရာကိုမတရားသိမ်းယူခြင်းခံရတဲ့အတွက်ကြောင့် သက်ဆိုင်ရာအစိုးရနဲ့သက်ဆိုင်သူကိုကျိန်စာတိုက်ခြင်းဖြစ်နေတယ်။
သြော်……..ခေတ်ကြီးပြောင်းလာတာနဲ့အမျှအယူအဆ အလေ့အကျင့်တွေပါ ပြောင်းလဲလာပါလားလို့တွေးမိနေရင်း..............


ဝန်ခံချက်............
နားလည်သလောက်မှတ်ထားသလောက်ပဲ လေ့လာထားတဲ့ ဆောင်းပါးတစ်ပုဒ်မျှဖြစ်ပါတယ်။ တတ်လွန်းလို့ ရေးထားခြင်းမဟုတ်ရပါ။ ထို့ကြောင့် အမှားများ ပါခဲ့ပါက ကျွန်မ မဂျီးဂါယောင်း၏ ညံ့ချက်သာဖြစ်ပါကြောင်း.............

နွေမိုးဆောင်း
၁၄.၂.၂၀၁၄
မနက်၂နာရီတွင်ရေးသားပြီး၍
နေ့လည် ၁နာရီတွင် မှတ်တမ်းတင်ပြီးသည်။

ဒုတိယရောင်စုံကမ္ဘာသစ်.............

မဂျီးရဲ့  ဒုတိယကိုယ်ပိုင် ကမ္ဘာသစ်လေးပါရှင်...................
အရင်ကမ္ဘာက ကျဉ်းလို့ ကျယ်ဝန်းတဲ့ ဒုတိယကမ္ဘာသစ်ကိုနယ်မြေချဲ့ထွင်တာပေါ့.........
မှန်အလုံပိတ်ကမ္ဘာလေးမို့ ဆောင်းအခါနွေးထွေးတဲ့ခံစားမှုပေးသလို နွေအခါလည်းအေးမြတဲ့ခံစားမှုမယ့် ကမ္ဘာလေးပေါ့.........
ဒီကမ္ဘာလေးထဲမှာ တစ်ယောက်တည်းစိတ်ကြိုက် လွတ်လပ်ပေါ့ပါးစွာနေရတဲ့အတွက် အများကြီးကျေနပ်မိတယ်။
အမြဲ ဒုတိယအဆင့် ဒုတိယနေရာ ဒုတိယဆိုတဲ့စကားလုံးနဲ့ ရင်းနှီးကျွမ်းဝင်တာကို အခံရခက်ပေမယ့် ဒီ ဒုတိယကမ္ဘာသစ်လေးမှာနေရတာ အရမ်းပျော်ရွှင်တယ်........
တိတ်ဆိတ်ငြိမ်သက်တာနှစ်သက်သူပီပီ.....သီးသန့်အရမ်းဆန်တဲ့ ကမ္ဘာလေးမှာနေထိုင်ခွင့်ပေးတဲ့အတွက် တီချယ်ကြီးကိုအရမ်းကျေးဇူးတင်ပါတယ်။
မဂျီး ကျေနပ်ပါတယ်...........

Thursday, 16 January 2014

ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ်




ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ်

ပုဂံမြို့ဟောင်းကို ပထမအကြိမ် သွားဖြစ်စဉ်က တကယ့်ကို ဖုတ်ပူမီးတိုက်။ ပြင်ဆင်ချိန်မရဘဲ ချက်ချင်း ကောက်ကာငင်ကာ သွားဖြစ်ခဲ့ခြင်း ဖြစ်သည်။ ပုဂံကို ရောက်ဖူးရုံမျှဟု ဆိုနိုင်သည်။ မြန်မာတွေ ဘာကြောင့် ပုဂံကို သည်လောက် စိတ်အားထက်သန်စွာ စွဲလန်းနေရသလဲ။ ပုဂံဘုရားတွေ တန်ခိုးကြီးလို့လား။ သိပ်မဖြစ်နိုင်။ ပုဂံဘုရားတွေထဲ ဆုတောင်းပြည့်ဆိုတာ သိပ်မရှိလှ။ ပထမ မြန်မာအင်ပါယာကြီး၏ အောင်မြေကို ကြည့်ပြီး အမျိုးဂုဏ်၊ ဇာတိမာန် တက်ကြွလာစေလိုသောကြောင့်လား။ ဖြစ်နိုင်ပါသည်။ အတိတ်မှ ရွှေရောင်ထွန်းပြောင်သော အချိန်များကို ပြန်တမ်းတတတ်သည်မှာ လူ့ဓမ္မတာ။ ဒါဆို နိုင်ငံခြားသားများကကော။ သူတို့ဘာကြောင့် ပုဂံကို လာရောက်ရသနည်း။ ဇာတိမာန်ကြောင့် မဟုတ်တာ သေချာသည်။ သူတို့လာရောက်ရခြင်းသည် ရှေးလူသားမျိုးနွယ်တို့၏ အတတ်ပညာ၊ အမွေအနှစ်များကို မျက်မြင်ကိုယ်တွေ့ ကြည့်ကာ တန်ဖိုးထား ဂုဏ်ယူလိုသောကြောင့်သာ ဖြစ်နိုင်ပါသည်။ ကျနော်တို့ မြန်မာပြည်သူများကကော ပုဂံကို သွားလျှင် ရှေးစေတီပုထိုးတို့၏ သမိုင်း၊ တည်ဆောက်ပုံ၊ ဗိသုကာလက်ရာတို့ကို အလေးထား လေ့လာပါ၏လော။ သူများတော့ မသိ။ ကျနော် ကိုယ်တိုင်ကမူ ပထမအကြိမ်ရောက်ခဲ့စဉ်က ထိုအရာများကို မလေ့လာမိဟု မှန်ရာကို ၀န်ခံရပါမည်။ ထိုသို့ လေ့လာမှသာလျှင် ကိုယ့်ဘိုးဘေးဘီဘင်တို့၏ အသိပညာ၊ အတတ်ပညာ၊ ယဉ်ကျေးမှု အမွေအနှစ်တို့ကို အမှန်တကယ် နည်းလမ်းကျစွာ ဂုဏ်ယူတတ်လိမ့်မည်ဟု ယူဆမိသောကြောင့် ဒုတိယအကြိမ် သွားရောက်နိုင်ရန် အစဉ်အားခဲမိသည်။

သို့သော် ဒုတိယအကြိမ်ကား တော်တော်နှင့် ရောက်မလာ။ ရောက်လာတော့လည်း မရည်ရွယ်၊ မကြံဆရပါဘဲနှင့်။ အဖော်ကောင်းသောကြောင့် သွားဖြစ်ခြင်းဟု ပြောပါက ပိုမှန်မည်။ ဗြိတိသျှလူမျိုး မစ္စတာ အိုကွန်းနား (O’Connor) က ပုဂံကို နောက်တစ်ကြိမ် သွားချင်သောကြောင့် အဖော်လိုက်မလားဟု ဆိုလာရာ မောင်ကျိုင်းတုတ်ဖြစ်ပြီး လိုက်မည်ဟု အာမဘန္တေခံမိသည်။ ဟုတ်တယ်လေ။ သည်အခွင့်အရေးက လက်လွတ်ခံ၍ မဖြစ်။ အဘိုးကြီး အိုကွန်းနားက ဗြိတိသျှ လူမျိုးသာ ဆိုသည်။ မြန်မာ့ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုများကို သာမန် မြန်မာတစ်ယောက်ထက် အများကြီး ပိုတတ်သိနားလည်သည်။ ထို့ထက် သူသည် ပုဂံကို ကြိမ်ဖန်များစွာ ရောက်ဖူးကာ ထဲထဲဝင်ဝင် လေ့လာသိရှိထားသူ တစ်ဦး။ သည့်အပြင် သူသည် ကမ္ဘာ့နေရာ တော်တော်များများကို ရောက်ဖူးသောကြောင့် ပုဂံနှင့် ခေတ်ပြိုင် ယဉ်ကျေးမှုများကို တီးမိခေါက်မိရှိပြီး၊ သူ့ထံမှ နှိုင်းယှဉ်သုံးသပ်ချက်များကို ကြားရနိုင်သောကြောင့် လိုက်မည်ဟု အဖြေပေးမိခြင်း ဖြစ်သည်။ မြန်မာတို့၏ ရှေးဟောင်းပုဂံ အနုဗိသုကာ လက်ရာများကို မြန်မာပြည်သူ တစ်ဦးက ဗြိတိသျှလူမျိုး တစ်ဦးထံမှ ပြန်လည် နားထောင် ဆည်းပူးရမည်မှာ သိပ်ကြားမကောင်းသော်လည်း ရွေးချယ်စရာ အခြားလမ်းကလည်း မရှိ၊ ပညာရှာရာတွင် ကျဉ်းမြောင်းသော လူမျိုးစွဲမလိုဟု ယူဆသောကြောင့် အိုကွန်းနားနှင့်အတူ ပုဂံမြို့ဟောင်းသို့ ဒုတိယအကြိမ် ရောက်ဖြစ်ပါသည်။

ဦးစွာ ညောင်ဦးရွာကို ရောက်ပါသည်။ ပုဂံနေပြည်တော် ခေတ်ကောင်းစဉ်က ညောင်ဦးသည် ပုဂံ၏ ဘုန်းရိပ်အောက်ရှိ ရွာငယ်ဇနပုဒ်တစ်ခုမျှသာ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ပုဂံသည် ညောင်ဦး၏ သြဇာခံတစ်ခုပမာ ဖြစ်နေပြီး၊ ပုဂံကို ညောင်ဦးနှင့် တွဲပြောမှသာ ပြည့်စုံသော အခြေသို့ ရောက်ရှိနေပါပြီ။ ညောင်ဦးမှ တောင်ဘက်ကို လှမ်းကြည့်လိုက်လျှင် စေတီပုထိုးတို့ဖြင့် အတိပြီးသော မြန်မာတို့၏ ဂန္ထ၀င် ပုဂံမြေကို တွေ့ရပါသည်။ အညာ၏ သင်္ကေတ ရှားစောင်းပင်၊ ထနောင်းပင် ကျိုးတိုးကျဲတဲများသည် ပုဂံ၏ သရုပ် နီစွေးစွေး နောက်ခံကားချပ်ထက်ဝယ် စုတ်ချက်ကြမ်းကြမ်း ရေးဆွဲထားသလို ဖြစ်နေသောကြောင့်၊ နှစ်ပေါင်းထောင်ချီကြသည့်တိုင် ပုဂံမြင်ကွင်းသည် ဘာမှ မပြောင်းလဲဟု ထင်မှတ်ရပါသည်။ ညောင်ဦးရွာ အနောက်ဘက်မှ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသော မြစ်ကြီးဧရာမှာလည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က အတိုင်းပင် ၀တ္တရားမပျက် ခရီးနှင်နေရင်း၊ သူ့နဘေးမှ ပုဂံ၏ အနိစ္စသဘောတရားများကို ဆင်ခြင်မိပေလိမ့်မည်။ သူသည် ဤဒေသ၏ ပုဂံမတိုင်မီ၊ ပုဂံခေတ်ကောင်းစဉ်၊ ပုဂံပျက်ပြီး နှစ်ပေါင်းရာချီ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်နေသော ပုတိုးစေတီများ၏ ဖြစ်စဉ်ကို တွေ့ရှိခဲ့ရပြီး၊ ထိုအကြောင်းအရာများကို ပြန်ပြောင်းပြောပြနိုင်မည့် တစ်ဦးတည်းသော သက်သေပါ။ မြစ်ပြင်ထက်မှာတော့ ဒေသအခေါ် ငှက်ဟုတွင်သော ငါးဖမ်းလှေများကို အများအပြားတွေ့ရပါသည်။ ထိုငှက်များပေါ်ရှိ ထိုထိုဤဤ ပုဂ္ဂိုလ်များ၏ ၀မ်းတစ်ထွာကို သဘာဝတရားက သစ္စာရှိရှိ ၀မ်းစာဖြည့်တင်း ပေးနေသည်မှာလည်း ဟိုးရှေးရှေး ပုဂံမတိုင်မီမှ ယနေ့အထိ။ ဧရာဝတီကိုမီ၍ ခေတ်ပေါင်း၊ စနစ်ပေါင်းများစွာ မြို့ရွာတည်ထောင်ကြ၊ လမ်းပန်းဆက်သွယ်ရေးအတွက် သုံး၍ ရောင်းဝယ်ဖောက်ကားကြ၊ ၀မ်းစာရှာဖွေကြ၊ မလိုလျှင် မြစ်မင်း သစ္စာဖောက်သည်ဟု စွပ်စွဲကြ။ သို့သော် ဧရာဝတီသည် လောကဓံကို အံတုကာ စီးဆင်းမြဲ စီးဆင်းဆဲ။ သူ့ကမ်းပါးထက်မှ ပုဂံကိုလည်း ဖြတ်သန်းစီးဆင်းရင်း အားပေးနေမြဲ။ အားမလျော့နှင့် ပုဂံ။

နွေရာသီဖြစ်သောကြောင့် အညာနေ၏ ပူပြင်းမှုကို သိပ်မခံရအောင် အိုကွန်းနားနှင့် ကျနော် အာရုံဦး ရောင်နီမပျို့ခင် ညောင်ဦးမှ ပုဂံမြို့ဟောင်းသို့ ထွက်ခဲ့သည်။ ထိုသို့ ထွက်လာစဉ် လမ်းခရီးမှာပင် အရှေ့ဘက်အရပ်မှ နေမင်းက ထွက်ပြူစ ပြုလာသည်။ နေရောင်ခြည်များ စေတီပုထိုးတို့၏ ငှက်ဖူးတော်ပေါ်သို့ ထိုးကျလာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံသွားပါသည်။ ဒါကို မစ္စတာ အိုကွန်းနားက သဘာဝတရား၏ ၀တ္တရားမပျက် နံနက်ခင်း ဘုရားပူဇော်ခြင်းဟု ကဗျာဆန်ဆန် ဖွင့်ဆိုပြသည်။ သူရိယနေမင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကလည်း သည်နည်းနှင်နှင်ပင် သည်စေတီပုထိုးများကို ၀တ်ပြု ပူဇော်ခဲ့ပေလိမ့်မည်ဟူသော အနောက်တိုင်းသားတစ်ဦး၏ ရင်တွင်းခံစားချက်ကို ကြားရချိန်မှာတော့ သည်အဘိုးကြီးနှင့် လိုက်လာရကျိုးနပ်ပြီဟု ကျနော်သိလိုက်သည်။ ပြောရင်း၊ ငေးရင်း၊ လျှောက်ရင်း အရှေ့မှာ လိုဏ်ဂူသုံးဆင့်ပုံ တည်ထားသော ထီးလိုမင်းလို ဘုရားကို လှမ်းတွေ့ရသည်။ စေတီဒါယကာသည် နရပတီစည်သူ၏ သား ဇေယျသိင်္ခ ဖြစ်ပြီး၊ နန်းတောင်းများမင်း ဟုလည်း လူသိများသည်။ ထိုမင်း၏ မယ်တော်သည် နရပတီစည်သူထံ သူ့သားအတွက် ထီးနန်းတောင်းလွန်းသည့်အတွက် နန်းတောင်းများမင်းဟု တွင်ခြင်းဖြစ်သည်။ ပုဂံမင်းဆက်၏ ဂုဏ်ရောင်သည်လည်း ထိုမင်းလက်ထက်မှစ၍ အကျဘက်သို့ ဦးတည်ခဲ့သည်။

ထိုဘုရားမှတစ်ဖန် ခရီးလမ်းသင့်ရာ အနောက်တောင်ဘက်ရှိ ဧရာဝတီမြစ်ကမ်းပေါ် မေးတင်တည်ထားသော ဗူးဘုရားဘက်ထွက်ခဲ့သည်။ ထိုဘုရားကို အိုကွန်းနားက ဗူး (သို့) ဖရုံဘုရားဟု ခေါ်သည်။ ထို့နောက် သူက ဗူးဘုရား၏ ဗိသုကာလက်ရာမှာ အလွန်ထူးခြားသည်။ အိန္ဒိယလက်ရာကို အရိပ်အမြွက်မျှပင် မတွေ့ရ။ ဆာဟင်နရီယူး(လ်) (Sir Henry Yule) က အခြားကမ္ဘာမှ ဗိသုကာလက်ရာဟုပင် တအံ့တသြ ညွှန်းဆိုခဲ့သည် ဆို၏။ ဗူးဘုရား၏ ထူးခြားချက် နောက်တစ်ခုမှာ တည်နေရာနောက်ခံ ပန်းချီကားဖြစ်သည်။ အနောက်ဘက်ရှိ ဧရာဝတီမြစ်မှ ဖြတ်တိုက်လာသော လတ်ဆတ်သည့် လေကို ရှူရှိုက်ပြီး၊ မျှော်မဆုံးသော ကောင်းကင်ပြာ၏ ရှုခင်းကို ကြည့်ရသည်မှာ စိတ်ကြည်နူးခြင်း၊ ၀မ်းမြောက်ခြင်း၊ အားရခြင်း ရသတို့ကို တစ်ပြိုက်နက်တည်း ခံစားရသည်။ ကျနော်တို့နှစ်ယောက် အချိန်တော်တော်ကြာကြာ စကားမပြောကြဘဲ သဘာဝအလှကို ခံစားနေမိသည်။ ထို့နောက် ဗူးဘုရား၏ တောင်ဘက်ရှိ ကန်တော့ပလ္လင်ဘက်သို့ ခြေဦးလှည့်လိုက်ကြသည်။

ကန်တော့ပလ္လင်မရောက်မီ လမ်းတွင် မဟာဗောဓိစေတီကို ၀င်၍ ဦးတိုက်ကြသည်။ အိန္ဒိယရှိ ဗုဒ္ဓဂါယာမှ မဟာဗောဓိစေတီကို ပုံစံတူယူ၍ တည်ထားခြင်း ဖြစ်ရာ၊ အိန္ဒိယ ဗိသုကာဟန် အပြည့်ရှိသော တစ်ဆူတည်းသော စေတီဖြစ်သည်။ မဟာဗောဓိသည် အခြားသော ပုဂံဘုရားများထက် အမြင်အားဖြင့် မတူသောကြောင့် တစ်နည်းအားဖြင့် ထူးဆန်းသည်ဟု ယေဘုယျဆိုနိုင်သော်လည်း ကြီးကျယ်ခမ်းနားမှုနှင့် ဗိသုကာလက်ရာ လှပသေသပ်မှုတွင် ပုဂံရှိ အခြားစေတီပုထိုးများကို မမီပါ။ မဟာဗောဓိစေတီမှ နောက်ထပ် အရေးကြီးသော တွေ့ရှိချက်မှာ ထိုစဉ်အချိန်ကပင် မြန်မာနှင့် အိန္ဒိယ ကူးလူးဆက်ဆံမှုရှိပြီး အိန္ဒိယသားများလည်း ပုဂံဝန်းကျင်တစ်ဝိုက်တွင် ရှေးယခင်ကပင် အခြေချ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုမှ အောက်ဘက်ကို ဆက်လျှောက်ကာ ဧရာဝတီမြစ်နဘေး တည်ထားသော ကန်တော့ပလ္လင် ဘုရားကို ဖူးတွေ့သည်။ နရပတိစည်သူမင်းသည် ဘေးလောင်းတော်၊ ဘိုးလောင်းတော်များကို ၀စီအားဖြင့် ပစ်မှားမိခဲ့သည်ကို ကန်တော့ တောင်းပန်လိုသောကြောင့် တည်ထားသော စေတီဟု သိမှတ်ရသည်။ မစ္စတာ အိုကွန်းနားက ကန်တော့ပလ္လင်၏ လက်ရာသည် အာနန္ဒာနှင့် သဗ္ဗညုကြားတွင် ရှိသည်ဟု သူယူဆကြောင်း၊ ပုဂံတွင် အနုလက်ရာဘက်တွင် အာနန္ဒာကို မီသော စေတီမရှိ၊ ထိုနည်းတူ မြင့်မားထည်ဝါပြီး၊ ကြီးကျယ်ခမ်းနားမှုအရာတွင် သဗ္ဗညုသည် ပြိုင်စံရှား။ ကန်တော့ပလ္လင်၏ ဗိသုကာလက်ရာမှာ အာနန္ဒာ၏ အနုလက်ရာနှင့် သဗ္ဗညု၏ ခမ်းနားထည်ဝါမှုဟန်ကို အချိုးညီညီပေါင်းစပ် တည်ထားသည်ဟု ဆိုနိုင်ကြောင်း သူ့ထင်မြင်ချက်ကို ရှင်းပြသည်။ ထိုသို့သော ရှင်းလင်းချက်မျိုးကို ကျနော် တစ်ခါမှ မကြားဖူး၊ မဖတ်ဖူးပါ။ ဗြိတိသျှတစ်ဦးက ထိုသို့ရှင်းပြလိုက်မှ သြော် ငါတို့က ပစ္စည်းကို ပိုင်ရုံပိုင်တာ၊ သူတို့က ပစ္စည်းတန်ဖိုးကို နားလည်တာပါလားလို့ ခံစားလိုက်ရသည်။

နေသိပ်မပြင်းခင် ကန်တော့ပလ္လင်မှ အရှေ့ဘက် ခပ်လှမ်းလှမ်းရှိ အလောင်းစည်သူ ကောင်းမှု ရွှေဂူကြီးသို့ ခရီးဆက်ခဲ့သည်။ အနီးဝန်းကျင်ရှိ စေတီများနှင့် နှိုင်းစာလျှင် အရွယ်အစား သေးငယ်သော်လည်း ရွှေဂူကြီးတွင် စိတ်ဝင်စားစရာ သုံးချက် ရှိသည်ဟု သိရသည်။ ပထမတစ်ချက်က စေတီတည်ကောင်းမှု မော်ကွန်းကျောက်စာ။ ကျောက်စာတွင် ရေးထိုးထားသော မြန်မာစာ အရေးအသားမှာ လှပပြေပြစ်သောကြောင့် ရှေးခေတ်မြန်မာစာပေအတွက် အရေးကြီးသော တွေ့ရှိချက်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ စေတီဒါယကာ၏ ကံကြမ္မာနှင့် ဆိုင်သည်။ အလောင်းစည်သူခေါ် ရွှေဂူဒါယကာသည် ဤရွှေဂူကြီးဘုရားအတွင်းတွင် သူ၏သား နရသူ၏ လုပ်ကြံခြင်းကို ခံရပြီး အနိစ္စရောက်ခဲ့သည်။ နောက်ဆုံးတစ်ချက်က ပုဂံဒေသတွင် စေတီပုထိုးမြောက်မြားစွာကို ယနေ့ထက်တိုင် မျက်မြင်တွေ့နိုင်သေးသော်လည်း ပထမမြန်မာနိုင်ငံ၏ နန်းတော်နေရာကိုမူ စိုးစဉ်းမျှ မတွေ့ရ၍ နှောင်းလူတို့အဖို့ အခက်တွေ့ရသည်။ မစ္စတာ အိုကွန်းနားက ဒေသခံ ပုဂံပြည်သူများထံမှ စုံစမ်းသိရှိရပြီး၊ သူကိုယ်တိုင်လည်း လက်သင့်ခံနိုင်သော ပုဂံနေပြည်တော်၏ နန်းတော်ရာမှာ ယခု ရွှေဂူကြီး၏ အရှေ့ဘက် လွင်ပြင် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ရွှေဂူကြီးကို နန်းဦးဘုရားလည်း ခေါ်ဝေါ်ကြသည်ဟု သူက ထပ်ရှင်းပြသည်။ နန်းတော်ရာ၏ တည်နေရာ အကျယ်အ၀န်းကို မြေပုံပေါ်တွင် လေ့လာကြည့်ရာ ယနေ့ခေတ် မြို့ပြများ၏ အကျယ်အ၀န်းနှင့် နှိုင်းစာလျှင် ရပ်ကွက်ငယ် တစ်ခုမျှသာ ရှိသည်။ ဤမျှသေးငယ်သော အကျယ်အ၀န်းတွင် ရှေးမြန်မာမင်းတို့ နန်းတော် တည်ဆောက်ခဲ့သည်မှာ ဖြစ်နိုင်ပါသလား။ တည်ထားကိုးကွယ်ခဲ့သော စေတီများ၏ ကြီးမားခန့်ထည်မှု၊ ဗိသုကာလက်ရာ အဆင့်အတန်း မြင့်မားမှု၊ ပထမမြန်မာနိုင်ငံ၏ မူလဘူတဆိုသော အရာများနှင့် ချိန်ထိုးကြည့်လျှင် သိပ်ဘ၀င်မကျနိုင်။ သို့သော် မြေပြင်အနေအထားကို ဆက်လက် လေ့လာကြည့်ရာ ရွှေဂူကြီး အရှေ့ဘက်လွင်ပြင်ကို ကျော်လိုက်သည် ဆိုလျှင်ပဲ မင်းနန်သူအရပ်ကို တွေ့ရသည်။ ရှေးက မင်းနန်သူအရပ်ကို မင်းနေပြည်နှင့် တစ်သီးတစ်ခြား ဖော်ပြခဲ့သည် ဖြစ်ရာ ပုဂံခေတ်နန်းတော်ရာသည် ဆိုခဲ့ပါ လွင်ပြင် နယ်နိမိတ် အတွင်းတွင်သာ ရှိသင့်သည်။ ထို့ပြင် ပုဂံ၏ နှလုံးသည်းပွက်ဟု ဆိုနိုင်သော အာနန္ဒာ၊ သဗ္ဗညု၊ ကန်တော့ပလ္လင် စေတီများမှာ ထိုလွင်ပြင်၏ အနီးတ၀ိုက်တွင်ပင် တည်ရှိသည်ဖြစ်ရာ၊ မင်း၊ မှူးမတ်တို့အနေဖြင့် ၎င်းတို့ အလွယ်တကူ ဖူးမြှော်နိုင်ရန် စေတီပုထိုးများကို နန်းတော်အနီးတွင် တည်ထားရန် ရွေးချယ်ခဲ့နိုင်သည်ဟူသော ရှုထောင့်မှ ကြည့်လျှင် မစ္စတာအိုကွန်းနား၏ ထင်မြင်ချက်မှာ သင့်လျော်သည်ဟု ဆိုနိုင်သည်။ သို့သော် တည်နေရာ အတိအကျကို စုံစမ်းရန်မှာ ရှေးဟောင်းသုတေသန၏ အလုပ်ဖြစ်သောကြောင့် သူတို့၏ ထောက်ခံအတည်ပြုချက် မရမချင်း ကြိမ်းသေသည်ဟုကား မဆိုနိုင်။

ထိုမှတစ်ဖန် အောက်နားရှိ အလောင်းစည်သူမင်း၏ ကောင်းမှုတော် တစ်ဆူဖြစ်သော သဗ္ဗညုကို ဖူးဖြစ်ပါသည်။ ပုဂံစေတီပုထိုးများတွင် ဥာဏ်တော်အမြင့်ဆုံး။ ဥာဏ်တော်တကာတွင် အမြင့်ဆုံးဖြစ်သော မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို ရည်စူး၍ တည်ထားသောကြောင့် ဥာဏ်တော်မှာ အမြင့်ဆုံး ဖြစ်နေခြင်း ဖြစ်ပါလိမ့်မည်။ ထိုဘုရားနောက်တည်သော ဘုရားများမှာလည်း ဗုဒ္ဓ၏ သဗ္ဗညုတဥာဏ်တော်ကို ကိုယ်စားပြုတည်ထားသော ဤဘုရားထက် ပို၍ မြင့်ခြင်းကာ မသင့်လျော်ဟု ယူဆသောကြောင့် ဥာဏ်တော်ကို နိမ့်၍ တည်ကြသည်ဟု ယူဆလျှင် သင့်တင့်မည်ဟု ထင်ပါသည်။ မစ္စတာ အိုကွန်းနားက သဗ္ဗညုစေတီ၏ ထူးခြားသော ဗိသုကာလက်ရာကို ဤသို့ ရှင်းပြသည်။ စေတီမှာ လေးဆင့် ဂူဘုရားမျိုးဖြစ်ပြီး ထူးခြားချက်မှာ တတိယ ပစ္စယံမှ စပြီး အာနန္ဒာလို တစ်ဆင့်ချင်း မြင့်တက်သွားခြင်း မဟုတ်ဘဲ ထောင်လိုက် ပေ (၅၀) ခန့် တောက်လျှောက် မြင့်တက်သွားစေခြင်းဖြင့် ဘုရားဖူး၏ စိတ်နှလုံးကို ဆွဲငင်ထားသည်ဟု ဆိုသည်။ သူပြောသလို လိုက်ကြည့်လိုက်မှ ဟုတ်ပေသည်ဟု ၀န်ခံမိသည်။ ဟိုယခင်က သည်လို သတိမထားမိ။ ထိုသို့ ဘုရားကို ဖူးမြှော်ပြီး အာနန္ဒာဘက် ကူးရန် ဆိုသောအခါ သူက သဗ္ဗညုအနီးရှိ ရှေးဟောင်း လက်ရာတစ်ခုကို သွားကြည့်ချင်သေးသည်ဟု ဆိုသည်။ လိုက်သွားကြည့်သောအခါ တစ်ပိုင်းတစ်စသာ ကျန်တော့သည့် ထုထည်ကြီးကြီးမားမားနှင့် ဗဟိုစည် ချိတ်ဆွဲရာ နီကျင်ကျင် အုတ်တိုင်လုံးကြီး နှစ်လုံးကို တွေ့မြင်ရသည်။ သင်္ခါရသဘောအရ ရှေးဘုရင်တို့၏ အချုပ်အခြာ အာဏာကို ကိုယ်စားပြုသော ဗဟိုစည်ကား မရှိတော့။ သို့သော် ထိုကြွင်းကျန်နေသော တိုင်လုံးကြီးနှစ်လုံးကား နှစ်ပေါင်းထောင်ချီ ကြာသည့်တိုင် ခန့်ထည်မြဲ ခန့်ထည်ဆဲ။ ထိုခန့်ငြားမှုမှာ ဂရိတို့၏ ပါသီနွန်နတ်ကွန်းရှိ တိုင်လုံးများထက် မလျော့ဟု သူက ရှင်းပြပါသည်။ သူ ဤမျှ ညွှန်းသော ထိုတိုင်လုံးကြီးများကို ပထမအကြိမ် ရောက်ခဲ့စဉ်က ကျနော် သတိမမူမိခဲ့။ ရောက်သည့်အချိန်ကလည်း ညအချိန် ဖြစ်သည်က တစ်ကြောင်း၊ လေ့လာမှု အားနည်းခြင်းက တစ်ကြောင်းကြောင့်ဟု ဆင်ခြေပေးက ပေးနိုင်ပါသည်။ ယခုတော့ အဘိုးအို၏ ကျေးဇူးကြောင့် မြန်မာတို့၏ လူသိနည်းပြီး ဂုဏ်ယူဖွယ်ကောင်းသော လက်ရာတစ်ခုကို ဒိဋ္ဌတွေ့ခဲ့ရသည်။

နေလည်း တော်တော်မြင့်လာပြီ။ သည့်ထက်ပိုမြင့်၊ ပိုပူလာလျှင် မကောင်း။ ကျနော့်အတွက် အကြောင်းမဟုတ်တောင် အဘိုးကြီးကို ငဲ့ရအုံးမည်။ သူလည်း စိတ်ဆောင်နေ၍သာ၊ လူပုံကတော့ နွမ်းနယ်နေပြီ။ ထို့ကြောင့် ကျနော်က ရှေ့နားမှ အာနန္ဒာ ဖူးပြီးလျှင် ပြန်နားကြရအောင်ဟု အဘိယာစက ပြုသည်။ သူကလည်း အာနန္ဒာ မဖူးရလျှင် ပုဂံလာသည် မမြည်။ ထို့ကြောင့် အာနန္ဒာဖူးပြီးမှ နားမည်ဆိုသော စကားကို လက်ခံသည်။ အာနန္ဒာသို့ သွားရာလမ်းတွင် သူက အာနန္ဒာသည် ပုဂံ (သို့မဟုတ်) မြန်မာပြည်၌ သာမက အရှေ့တိုင်း၏ အကျော်ကြားဆုံး၊ အထင်ရှားဆုံး အဆောက်အဦးတစ်ခု ဖြစ်သည်ဟု ဆိုသည်။ ပထမအကြိမ် အာနန္ဒာကို ရောက်ခဲ့စဉ်က ကျနော်သည် ဆရာဇော်ဂျီ၏ ပုဂံမြို့ဟောင်း ဆောင်းပါးပါ ဆရာ့ ချဉ်းကပ်ပုံကို လက်ကိုင်ထား၍ ဘုရားကို ဖူးမြှော်ခဲ့သည်။ ယခုအကြိမ်မှာမူ အပိုဆုအနေဖြင့် ဗြိတိသျှတစ်ဦးထံမှ အာနန္ဒာစေတီ၏ ထူးခြားသော ဗိသုကာလက်ရာများကို ကြားရတော့မည်။ ဘုရားထဲဝင်ပြီး မတ်ရပ်ရုပ်ပွားတော်ကို ကြည့်ပြီး အိုကွန်းနားက ရုပ်ပွားတော်မျက်နှာဖွင့်ကို ဦးစွာ ရှင်းပြသည်။ ရုပ်ပွားတော်ကြီးများမှာ အလွန်ကြီးမားပြီး အမိုးခုံးထိပ်သို့တိုင် ထိုးတက်သွားသည်။ သို့သော် အလင်းပေးစနစ်၏ ကောင်းမွန်မှုကြောင့် မျက်နှာတော်တွင် အရိပ်ဟူ၍ မြူမျှမထင်။ ထို့ကြောင့် ရုပ်ပွားတော်၏ မဟာကရုဏာကို ထင်ဟပ်ပြသနေသော မျက်နှာတော်သည် နှစ်ပေါင်း ထောင်ချီလာသည့်တိုင် ရှေးယခင်က ဘုရားဒါယကာ ကျန်စစ်မင်း၏ ဖြစ်စေလိုသော ဆန္ဒအတိုင်း ၀င်းပမြဲ ၀င်းပဆဲ။ မျက်နှာတော်ကို အလင်းပေးရာတွင်လည်း အလင်းပေးသော ပြတင်းပေါက်များကို မမြင်မတွေ့ရသည်ဖြစ်ရာ ရောင်တော်ဖွင့်ထားသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။ မြင်လည်း မြင်တတ်သော အဘိုးကြီးပါပေ။ ထို့နောက်တစ်ဖန် မတ်ရပ်ရုပ်ပွားတော်များ၏ ပန်းပု အတတ်ပညာကို ချီးကျူးသည်။ ရုပ်ပွားတော်များမှာ အရွယ်အစား လွန်စွာကြီးမားသော်လည်း အံ့သြဘနန်း ဖြစ်ရလောက်အောင် ပြေပြစ်သွက်လက်သည်ဟု ဆိုပါသည်။

အပြင်ဘက် ဗိသုကာ လက်ရာကို အဓိပ္ပါယ် ဖွင့်ဆိုပြပြန်သည်။ အာနန္ဒာစေတီ၏ ပန္နက်တော်ရိုက်ပုံကို သူမချီးကျူးဘဲ မနေနိုင်ဟု ဆိုသည်။ တည်ထားပုံမှာ ရှေးဂရိဘုရားကျောင်းများ တည်ဆောက်ပုံကဲ့သို့ အတိအကျ ကြက်ခြေခတ်ပုံ ဖြစ်သည်။ အာရုံခံတန်ဆောင်းများကို ထည့်တွက်လျှင် စုစုပေါင်း အလျားအရှည် ပေ (၂၈၀) ရှိသည်။ ရှေးဂရိဘုရားကျောင်းများသည် ရွှေအချိုး [golden ratio (length/height) = 1.618] နှင့် ဆောက်ထားသည်ဟု သိရရာ ယခု သူပြောသော အာနန္ဒာ၏ အလျားဖြတ်ပုံမှာ ရွှေအချိုးနှင့် မကိုက်ပါဘဲ ဘာကြောင့် သူက တူသည်ဟု ဆိုရသလဲ။ သိပ်မရှင်း။ စေတီပုံကို ထပ်ကြည့်မှ ရှင်းတော့သည်။ ဟုတ်သည်။ ကျနော်က အာရုံခံတန်ဆောင်းတွေကို တပါတည်း ပေါင်းကြည့်သောကြောင့် အချိုးမကိုက်။ ပင်မ စေတီဆောင်ကိုသာ ကြည့်ပါက အလွန်လှပသော အချိုးဖြင့် တည်ဆောက်ထားသည်ကို တွေ့ရသည်။ စေတီ၏ အပြင်ဘက် အုတ်နံရံများတွင်လည်း အဆင့်မြင့်လက်ရာ စဥ့်စိမ်းသုတ် အုတ်ချပ်များကို ထောင်နှင့် ချီ၍ တွေ့ရသည်။

ထို့နောက် သူနှင့် ကျနော် စေတီအနီးတွင် မောမောနှင့် ထိုင်၍ စောစောက ရွှေအချိုး အကြောင်း ပြောဖြစ်သည်။ အမှန်တော့ ရွှေအချိုးကို ဂရိတို့ စသုံးခဲ့သည်။ ထိုမှ အာမေနီးယန်း၊ အာမေနီးယန်းမှ အိန္ဒိယ၊ အိန္ဒိယမှ မြန်မာပြည်သို့ ရောက်လာပြီး ဤအာနန္ဒာစေတီတွင် သုံးသလားပေါ့။ သူက ဖြစ်နိုင်ပါသည်။ စောစောက မဟာဗောဓိစေတီ တည်နေပုံအရ အိန္ဒိယနှင့် ပုဂံ အဆက်အသွယ် ရှိသည်မှာ ငြင်းမရ။ သို့သော် သူက မြန်မာတို့ ကိုယ်နည်း ကိုယ့်ဟန်ဖြင့် တွေ့ရှိခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ထိုအကြောင်းကို သူက အကျိုးအကြောင်းနှင့် ရှင်းပြသည်။ ပုဂံ ပုထိုးစေတီများတွင် အိန္ဒိယဟန် လွှမ်းနေသည်ဟု သူကြားသိရကြောင်း။ သို့သော် ပုဂံနှင့် ခေတ်ပြိုင် အိန္ဒိယတွင် ပုဂံကဲ့သို့ ထူးခြားကောင်းမွန်သော ဗိသုကာလက်ရာများကို မတွေ့ရကြောင်း၊ ထို့ပြင် ပုဂံဘုရားတို့၏ လက်ဖျားခါရသော အမိုးခုံးတည်ဆောက်ပုံမျိုး မည့်သည့် ခေတ်ပြိုင် အိန္ဒိယ အဆောက်အဦးတွင်မှ မရှိ။ ထို့ကြောင့် သူက ဤသို့သော ဗိသုကာ လက်ရာများကို ဖန်တီးနိုင်သော ပုဂံသားများ ကိုယ်တိုင် ရွှေအချိုးကို တွေ့ရှိနိုင်သည်မှာလည်း ဖြစ်နိုင်ကြောင်း။

နောက်ထပ် အတွေးပွားစရာ တစ်ချက်ကို သူက ဆက်ဆိုပြန်သည်။ ပုဂံ၏ ဗိသုကာမှာ အထူး အဆင့်မြင့်နေပြီ ဖြစ်ရာ၊ ပုဂံသည် ယဉ်ကျေးမှုကြီးတစ်ခု၏ အစပြုချက် မဖြစ်နိုင်။ ထိုယဉ်ကျေးမှုကြီး၏ အမြင့်ဆုံး ကာလသာ ဖြစ်နိုင်သည်။ ဒါဆို ပုဂံ ယဉ်ကျေးမှုသည် ဘယ်က လာသလဲ။ ပုဂံနောက်ပိုင်း ယဉ်ကျေးမှုသည်လည်း ဘာကြောင့် ပုဂံကို မကျော်နိုင်သလဲ။ ပုဂံသည် သရေခေတ္တရာ၏ အဆက်။ သို့ဆိုလျှင် သရေခေတ္တရာသည် ပုဂံယဉ်ကျေးမှု၏ အစဖြစ်လောက်အောင် အဆင့်မြင့်ခဲ့ပါသလား။ မမြင့်ခဲ့လျှင် ပုဂံသားတွေ သည်ဗိသုကာ အတတ်ပညာတွေကို ဘယ်က ရသလဲ။ ဒါတွေက သူ့နှင့် ကျနော့်အတွက် လောလောဆယ် အလှမ်းမမီ။ ခရီးကော အတွေးပါ သည်မှာရပ်ပြီး အေးအေးလူလူ နားနေမိပါတော့သည်။

[၀န်ခံချက်။ ။ဆရာကျော်ဝင်း၏ သမိုင်းထဲက ပုဂံ၊ ပုဂံထဲက သမိုင်း စာအုပ်ထဲမှ အကြောင်းအရာများကို မူတည်၍ မူရင်းစာရေးသူ V. C. Scott O’connor ကို ဇာတ်ကောင် အနေဖြင့် သုံးကာ ကိုယ်ပိုင် စကားစု အနည်းငယ်ထည့်ပြီး ရေးထားခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Mandalay and other cities of the past in Burma။ ခရီးစဉ်၏ ကာလကို လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် (၁၈၉၄-၁၈၉၆) ဟု ယူဆစေချင်ပါသည်။]


အမိမြေ အလွမ်းပြေ  မှ ကူးယူသည်။

ထူးဆန်းနေလား.......................

အမေမွေးပြီးငယ်ငယ်ကလေးဘ၀ကတည်းက မဂျီးကတစ်ယောက်တည်း
ကြီးလာတော့ မူလတန်းကျောင်းသူဘ၀ရောက်တော့လည်း တစ်ယောက်တည်း
တစ်ဆင့်တစ်ဆင့်ကြီးပြင်းလာတဲ့နောက်လည်း တစ်ယောက်တည်း......ပဲ
အိမ်မှာလည်း အဖေ ၊ အမေ နဲ့ မဂျီးနဲ့ ၃ယောက်ရှိပေမယ့် တစ်ယောက်တစ်နေရာစီ နေပြီး တစ်ယောက်တည်းကမ္ဘာ နေခဲ့ကြတာ အကျင့်ကိုပါလို့.....အလုပ်ထဲရောက်လာတော့လည်း ဒီအကျင့်အတိုင်းဆက်သွားတယ်။
တစ်ယောက်တည်းပဲနေချင်တယ်
တစ်ယောက်တည်းပဲနေတယ်
တစ်ယောက်တည်းပဲသီးသန့်ကမ္ဘာတည်ဆောက်တယ်။
ကိုယ့် ကမ္ဘာလေးထဲမှာ ကိုယ်သာလျှင် ရှင်ဘုရင်
ကိုယ်သာလျှင် မိဖုရား
ကိုယ်သာလျှင်မှူးမတ်ပညာရှိ
ကိုယ်သာလျှင်ကိုးကွယ်ရာ
ကိုယ်မှတစ်ပါး အခြား ဘယ်သူမှမရှိ...............
ကဲ
ဒီလိုနေထိုင်တဲ့ဘ၀က မဆန်းကျယ်ပါဘူးနော်.......
သေရင်လည်းတစ်ယောက်တည်းပဲသွားရမှာ....အဖော်လည်းမလိုဘူး။
မလိုအပ်ဘူးလို့လည်း ခုချိန်ထိ ခံယူထားတယ်.............
ဒါကြောင့် မဂျီး တစ်ယောက်တည်းဖြစ်နေတာ မဂျီးအတွက် မဆန်းကြယ်ပါဘူး
အဲ..............
မဂျီးသာ နှစ်ယောက်ဖြစ်သွားရင်...........ဒီလိုအဖြစ်ပျက်မျိုးဖြစ်လာမှသာ ဆန်းကြယ်မှာ
ခုတော့ဘာမှမထူးဆန်းပါဘူးကွယ်..........
ထူးဆန်းတဲ့အချိန်ရောက်မှ ထူးဆန်းကြပေါ့ကွယ်........