ရှေးယခင်က မြန်မာများ အသုံးပြုကာ ထိန်းသိမ်းခဲ့ကြသော ပေစာများ၏ တန်ဖိုးကို အသိမှတ်ပြု သက်သေတည်သောအားဖြင့် ဤ ပေ စာ ပြုလုပ်ပုံ အဆင့်ဆင့်ကိုရေးသားလိုက်သည်။ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်ုးလဆုတ် ၈ ရက်နေ့တွင် မန္တလေး နန်းတော်အတွင်းသို့ အင်္ဂလိပ်စစ်တပ်များ ၀င်ရောက်မိပြီးနောက်ပိုင်းတွင် နန်းတွင်းမှလွှတ်တော် ဗြဲတိုက်တွင်ထိမ်းသိမ်းထားသော ပေ ၊ ပုရပိုက် များကို တန်ဖိုးမထားဘဲ မီးရှို့ ပစ်ကြသည်။ မင်းမဲ့ချိန်ဖြစ်၍ တားဆီးမည့်သူတစ်ဦးတစ်ယောက်မှ မရှိ၍ တန်ဖိုးရှိသော ပေစာများ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ထိုအကြောင်းရာကို တောင်ခွင်မင်းကြီးသိတော်မူစဉ် ကာနယ်စလေဒင်ထဲ စားရေးတော်ကြီး ဦးမြဲကို စေလွှတ်ပြောဆိုသောမှ ပေပုရပိုက်များကို အစုလိုက်မီးရှို့ ဖျက်စီးခြင်းမပြုရန် အမိန်ချမှတ်သည်။ ထို့ကြောင့် ကျန်ရှိသော ပေ၊ ပုရပိုက်များ၊ ထန်းဖူးစာများ ကို သိမ်းပြီး ရန်ကုန်မြို့  အတွင်းဝန်ရုံးကြီးသို့ ယူဆောင်ထိမ်းသိမ်းထားသည်။ မန္တလေးမှ ယူဆောင်လာသော ပေ ၊ ပုရပိုက်များမှာ နွားလှည်းစီးရေ ( ၄၀ ) ကျော်ရှိသည်ဟု သည်ရသည်။ ထိုပေစာများ မှာ ယုခု ကျွန်မတို့ တွေ့ရှိ လေ့လာနေရသော ပေစာများ ပုရပိုက်များ ဖြစ်သည်။ ထို့ကြောင့် ပေစာ တစ်ခု ဖြစ်ဖို့ရန် အတွက် မည်မျှ အဆင်ဆင့် လုပ်ဆောင်ရကြောင်း ကို အားလုံးသူများ သိစေရန်အတွက် မှတ်တမ်းတင်ထားခြင်းသပ်သပ်သာဖြစ်ပါသည်။
ပေ
သရေခေတ္တရာပျူခေတ်ကတည်းက စတင်၍ပေရွက်ထန်းရွက်များပေါ်တွင် စာရေးသားခြင်းများရှိခဲ့သည်ကို ပညာရှင်များလက်ခံထားခဲ့ကြသည်။ အသုံးပြုကြသည့် အရွက်များမှာ တော့ဒီထန်း ( Toddy Palm ) နှင့် ကော်ရီဖားထန်း ( Corypha Palm ) တို့ဖြစ်ကြသည်။ တော့ဒီထန်းကို မြန်မာတို့က “ ထန်း ” ၊ မွန်တို့က “ တာ ” ၊ ပါဠိဘာသာက “ တာလ ” ဟူ၍ခေါ်ကြသည်။ ကော်ရီဖာထန်းကို ရှေးမြန်မာတို့က “ ပိယ် ” ဟူ၍၎င်း ၊ ယ္ခုမြန်မာတို့က “ ပေ ” ဟူ၍၎င်း ခေါ်ကြသည်။ ယေဘုယျအားဖြင့် စာရေးသားရာ၌ ပေရွက်ကိုသာ အများဆုံးအသုံးပြု၍ ရေးသားကြသည်ကို တွေ့ရှိရသည်။
ပေပင်သည် ပူပြင်းခြောက်သွေ့သော ဒေသတွင်ပေါက်လေ့ရှိသည်။ ပေပင်၏အသီးမှာ သေးငယ်ပြီး ထန်းပင်မှ အရည်ထွက်သကဲ့သို့ ပေပင်ကိုလူတို့ပြုပြင်ယူလျှင်ပေရည်ထွက်သည်။
ပေပင်သည်ထန်းပင်ထက်လုံးပတ်ကြီး၍ အရွက်သည်လည်း ထန်းရွက်ထက်ကြီးသည်။ အရွက်အပြန့်ကြီးသဖြင့် အရွက်ကို ဘုန်းတော်ကြီးများတရားဟောရာတွင် ရှေ့ကကာထားသောယပ်တောင်ကြီးများ၊ ခရီးသွားရာတွင် အပူဒဏ်ကာယပ်ကလေးများအဖြစ် သုံးကြသည်။ထို့ကြောင့်အညာဒေသများတွင် အိုးစည်ဝိုင်းသံချပ်ထိုးရာတွင် “ ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင် ” ဟု သီဆိုကြသည်။ ပေပပင်သည် အနှစ်၆၀ခန့်အသက်ရှည်၍ ပေရွက်၏အသက်မှာ နှစ်ပေါင်း 1000 ခန့်အထိ မဆွေးမမြည့်တည်ရှိတတ်သည်။ ပေပင်သည်အသီးတစ်ကြိမ်သီးပြီးလျှင်သွေ့ခြောက်၍ သေသွားတတ်သည်။
ပေရွက်မှရသောပေချပ်များကို စာရေးရန်အတွက် ပြေပုလုပ်အသုံးပြုကြသည်။ ပေပင်မှရသောပေရွက်ပေါ်တွင် အက္ခရာစာလုံးများရေးသားထားသောကြောင့် “ ပေ ” နှင့်
“ စာ ” ကို ပေါင်းစည်း၍ “ ပေစာ ” ဟူသောဝေါဟာရဖြစ်ပေါ်လာသည်။ နှစ်ပေါင်းများစွာတည်နေစေလိုလျှင် ရွှေ ၊ ငွေ ၊ ကြေးတို့ကို ပေရွက်သဏ္ဌာန် အပြားခတ်၍ စာရေးသားကြသည်။ ထိုအခါ ရွှေပေ ၊ ငွေပေ ၊ ကြေးပေ ဟုခေါ်ဝေါ်ကြပြန်သည်။
ပေရွက်ကိုစာရေးသားအသုံးပြုရာတွင် ပေပင်မှ ခူးပြီးလျှင်ပြီးချင်းစာရေး၍ ရနိုင်သည်မဟုတ် ။ ပေရွက်ပေါ်တွင် ကညစ် ဖြင့် စာရေးသားနိုင်အောင် အဆင့်ဆင့်ပြုလုပ်ရသည်။ ပေပင်၏အသက် ၈ နှစ်သားခန့်မှ ပေရွက်ကိုခူးကြသလို ၁၀ နှစ်သားတွင်ခူးရသည်ဟုလည်း သိရှိရသည်။ ပေရွက်ကိုခူးပြီးလျှင် အရွက်နှစ်ရွက်ပူးနေသောနေရာတွင်ရှိသော အလယ်ကြောမကို သင်နုတ်ပစ်ရ၏။ ထို့နောက်ကျန်ရှိသောပေရွက်ကို အရင်းအဖျားအနည်းငယ် ဖြတ်ထုတ်ပြီး လိပ်ခွေကာနေပူတွင် အခြောက်လှန်းထားရသည်။ ခြောက်သွေ့လျှင်ခွေလိပ်ထားသော ပေကိုဖြန့်ဆန့်လျက် ပေချပ်များကို တစ်ရွက်ချင်း ပြန်ထပ်ပြီးပြန်ခွေရသည်။ ပေချပ်များကိုခွေရန်ထပ်သောအခါထိပ်ချင်း အညီ မထားဘဲ တစ်ရွက်ပြီးတစ်ရွက်ထိပ်ဖက်မှ နည်းနည်းစီလျှော့၍ ထပ်ရသည်။ သို့မှကောင်းစွာခွေလိပ်၍ ရနိုင်သည်။
ထိုသို့ခွေလိပ်ပြီးသော ပေများကို ရာဝင်စဉ့်အိုးထဲထည့်ကာ ထိုအိုးကြီးထဲသို့ ရေထည့်ရသည်။ ရေကိုပေခွေများနစ်သည်အထိ ထည့်ပြီး ထမင်းကိုလည်း သင့်တင့်အောင်ထည့်ရသည်။ ထမင်းထည့်ရသည်မှာ ပျော့ပျောင်းနေသောပေချပ်များကို တောင်းတင်းလာစေရန်နှင့် ကြာရှည်ခံစေရန်အတွက် ကော်တင်ခြင်းဖြစ်သည်။ ပေခွေထည့်ထားသည့်အိုးကိကု နေပူပူတွင် တစ်ပတ်ကျော်မျှထားရသည်။ အဖုံးကိုမပိတ်ထားရ ၊ အပူရှိန်ကြောင့်စဉ့်အိုးထဲမှာ ထမင်းရည်များအချဉ်ပေါက်ကာ အမြှုပ်ထွက်လာလျှင် ပေကိုဆယ်ကြည့်ရသည်။ ပေရွက်၌ အစိမ်းကွက်များရှိနေသေးလျှင် မနပ်သေးသောကြောင့် ထပ်စိမ်ထားရသည်။ ပေရွက်များအညိုရောင်သမ်းလာမှသာ နပ်သည်။ သို့သော် အညိုလွန်လျှင်ဆွေးမြည့်လွယ်၍ အနေတော် နပ်မှသာလျှင်ကောင်းမွန်ပြီး ကြာရှည်ခံလေသည်။
ပေရွက်ရေစိမ်ရာတွင် နပ်သင့်သည့်အချိန်ထက်ပို၍ ရေမစိမ်မိစေရန် သတိထားရမည်။ ပေရွက်စိမ်ခြင်းမှာ ချဉ်နံ့အလွန်နံသောကြောင့် လူသူကင်းဝေးရာ နေရာတွင်ပြုလုပ်ရသည်။ ထိုသို့ရေစိမ်မှသာ စာရေးသားရာတွင် ပျော့ပျောင်းချောမွေ့စေသည်။ ပေရွက်များနပ်လာသည့်အခါ ရေထဲမှ ဆယ်ယူပြီးဆေးကြောရသည်။ တစ်ရွက်ချင်းပြန်ခွေပြီးလျှင် အခွေများကို ပြန်ဖြန့်ပြီး အကြွးအသေးခွဲကာ အရွယ်တူချင်းထပ်ကာ စုစည်းထားရသည်။ အရွယ်တူချင်းခွဲခြားပြီးပေရွက်များကို တပုံစီခွဲကာ “ ကျမ်း ” ဟုခေါ်သော ပေရွက်များ၏ ပြက်အကျယ်အလျားနှင့် ထပ်တူညီသော ချောမွေ့သည့် ပျဉ်ချပ် ၂ ခုကြားတွင်ညှပ်ထားရသည်။ ပေရွက်များကို ဘယ်ပြန်ညာပြန်ထားပြိး သစ်သားပြားတစ်ချပ်ပေါ်တွင် ပေရွက်များတင်ထားပြီးလျှင် အပေါ်ကလည်း ကျမ်းတစ်ခုထပ်တင်ရသည်။ ထိုသို့အထက်အောက်ညှပ်ပြီး ကျမ်းတွင်ဖောက်ထားနှင့်သော အပေါက်ကလေး ၂ ခုအတိုင်းစူးဖြင့် ပေရွက်များကို ဖောက်ရသည်။ ပေဖောက်မည့် စူး၏အင်အားကိုကြည့်၍ ပေရွက်များကိုထပ်ရသည်။ ပေရွက်တိုင်းဘယ်တစ်ချက်ညာတစ်ချက်အပေါက်ကလေးများဖောက်ရသည်။ ပေချပ်ပေါ်တွင်ရှိသော ထိုအပေါက်ကလေးများကို “ ပလ္လင်ပေါက် ” ဟု ခေါ်သည်။ ပလ္လင်ပေါက်သည် ပေချပ်များတိမ်းစောင်းခြင်းမရှိဘဲ ညီညာစေရန်စိုက်ထားခြင်းဖြစ်သည်။
ပေစာတစ်ထုပ်လျှင် အများအားဖြင့် ပေအင်္ဂါ ၂၅ အင်္ဂါ ( အချပ်ရေ ၃၀၀ ) ခန့်ရှိတတ်၏။
သို့သော်မူသေသတ်မှတ်၍မရချေ။ ပလ္လင်ဖောက်ပြီးသားပေရွက်များကို အထပ်လိုက် ပလ္လင်တိုင်တွင် စိုက်ရသည်။ ပလ္လင်တိုင်ဆိုသည်မှာ ချောမွေ့စွာပြုလုပ်ထားသော ၀ါးတိုင်လေး ၂ ခု ဖြစ်သည်။ လုံးပတ်အချင်းမှာ တစ်လက်မ၏ဆယ်ပုံတစ်ပုံခန့်ရှိသည်။ ကျမ်း၂ ခုကြားတွင် ညှပ်၍ ထားသော ပေချပ်၏အနိမ့်အမြင့်ကိုလိုက်၍ အရှည်အတိုရှိသည်။ သစ်သားကျမ်း ၂ ခု ညှပ်သွင်းလျက် ပလ္လင်တိုင်တွင် စိုက်ထားသော ပေချပ်များကို ထိပ်ချင်းညီနေစေရန်ပေထိုးဆောက်ဖြင့် ပေရွက်၏ ထိပ် ၂ ဖက်ကို ကျမ်းနှင့်အညီ ဖြတ်ထုတ်ပစ်ရသည်။ ပေထိုးဆောက်သည် ကြေးစည်ပုံသဏ္ဌာန်ရှိ၍ ထက်မြနေအောင် သွေးထားရသည်။ ထိုဆောက်ကို အမျိုးကောင်းသောသံဖြင့် ပြုလုပ်ကြရသည်။
ထိုသို့ပေချပ်များညီညာအောင် ဖြတ်ပြီးလျှင် စာရေးသားရန်အသင့်မဖြစ်သေးပေ ။ စာရေးရန်မျဉ်းချရသေးသည်။ နှစ်ပေခန့်အရှည်ရှိ၍ လက်သုံးလုံးခန့်ပြက်အကျယ်ရှိသည့် ၀ါး ( သို့ ) သစ်သားကို အထစ်လေးများထစ်ထားရသည်။ အထစ်ထစ်ထားသော သစ်သားဘောင်ကို ခိုင်မြဲအောင် ပြုပြီး ချည်ပွပွလေးများကို ထစ်ကလေးများပေါ်တွင်ချည်ထားရသည်။ ထို့နောက်ကျမ်းညီညီပေါ်တွင် ပေရွက်ကိုချထားပြီး သစ်သားဘောင်ရှိထစ်ကလေးများမှ ကြိုးများကို နနွင်းရည်သုတ်လိမ်းရသည်။ ကြိုးအပေါ်က ပေရွက်တစ်ချပ်ထပ်လိုက်သောအခါ နနွင်းသုတ်ထားသော ကြိုးသည်အောက်ခံပေရွက်နှင့် အပေါ်ကထပ်လိုက်သော ပေရွက်ကြားသို့ရောက်ရှိမည်။ ထိုသို့ပြုလုပ်ခြင်းကို ပေမျဉ်းပစ် သည်ဟုခေါ်သည်။ ထိုသို့ပေမျဉ်းပစ်ရာတွင် ပေ၏ပြက်အကြီးအသေးကိုလိုက်၍ ၈ ကြောင်းမှ ၁၂ ကြောင်း ထိပြုလုပ်လေ့ရှိသည်။
ပေချပ်ပေါ်တွင်စာရေးရန်အဆင့်ဆင့်ပြီးစီးလျှင် စာရေးရန်ရှိတော့သည်။ ပေစာကိုရေးရာတွင် စာစင်ခုံ ဟုခေါ်သော ခုံကလေးကို အသုံးပြုရသည်။ စာစင်ခုံဆိုသည်မှာ အမှီပါသော အမြင့်တတောင်သာသာရှိ၍ ပေရွက်တင်ပြီး စာရေးရသော ခုံငယ်ကိုခေါ်သည်။ စာစင်ခုံ၏အတွင်ဖက် လက်ဝဲဖက်ကြက်ခြေတိုင်စွန်းတွင် အင်္ကျီချုပ်ခုံများ၌တွေ့လေ့ရှိသော အ၀တ်ဖုလုံး ( သို့ ) အ၀တ်ကျပ်ထုပ်စည်းတစ်မျိုးပြုလုပ်ထားရသည်။ ကြည့်ကူးမည့် မူလစာ ပေချပ်ကိုသစ်သားတန်း နောက်မှီတွင်ထောင်ထားပြီး ကျန်ပေချပ်ကို သစ်သားခင်းပေါ်တွင် စာပလွေခံ၍ အလိုက်သင့်ထားကူးရသည်။
ကူးယူမည့် ပေရွက်အလွတ်ကို အ၀တ်ဖုလုံးပေါ်တွင် တင်၍ ညာဖက်က ကညစ်ကိုကိုင်ပြီးကူးရေးရသည်။ ကညစ်ဆိုသည်မှာ ခဲတံလုံးနီးပါးခန့်ရှိ ထိပ်ဖျားချွန်သော သံချွန်ပင်ဖြစ်သည်။ အချို့ ကညစ်၌ အထက်ဖက်တွင် ဓါးမောက်ငယ်သဏ္ဌာန်ပြုလုပ်ထားသည်။ ကညစ်ဖြင့် ပေချပ်ပေါ်တွင် စာရေးရာတွင် စာလုံးများကိုကောင်းစွာ မြင်ရမည်မဟုတ်ပေ။ ရေးပြီးပေချပ်၏မျက်နှာပြင်ကို ရေနံသုတ်ပေးသောအခါမှသာကောင်းစွာ ထင်ရှားလာမည်ဖြစ်သည်။ ပေပေါ်တွင်ရေနံသုတ်ခြင်းကို ရေနံကိုင်သည်ဟု ခေါ်သည်။ ပေချပ်များပေါ်တွင် စာများရေးသားပြီးလျှင် မျဉ်းကိုင်ရသေးသည်။ မျဉ်းကိုင်သည်ဆိုသည်မှာ အလိုရှိရာဆေးရောင်သုတ်လိမ်းခြင်းဖြစ်သည်။ သို့မှသာ ခန့်ညားသပ်ရပ်သောပေထုပ်ဖြစ်လာပြီး ပေစာထုပ်အမျိုးစားလည်း ကွဲပြားလာသည်။
ပေစာထုပ်ရှိပေရွက်များ၏လေးဘက်လေးမျက်နှာကို ရွှေချလျှင် “ ရွှေမျဥ်းရွှေပိန်းချပေ ” ၊
လေးဘက်လုံးမဟုတ်ဘဲ ထိပ်နှစ်ဘက်ကိုချန်လှပ်ပြီး အလျားလိုက်ဘေး၂ ဘက်ကိုရွှေချထားလျှင် “ ကြံဆစ်ပေ ” ၊ ရွှေလုံးဝမချဘဲ ဟင်္သပြဒါးကိုလေးဘက်လုံးသုတ်လျှင် “ မျဉ်းနီပေ ” ၊ ပေရွက်၏ဘေးအစွန်များကို ဆေးအနက်သုပ်ထားလျှင် “ မျဉ်းနက်ပေ ” ဟုခေါ်သည်။ ထိုလေးမျိုးမှ အပ ကျန်ရိုးရိုးပေများကို “ ပေကြမ်း ” ဟုခေါ်သည်။
မျဉ်းကိုင်ပြီးသား ပေချပ်များ၏ ပထမဆုံးပေချပ်နှင့် နောက်ဆုံးပေချပ်တို့ကို အပိုပေချပ် ၁၀ ခန့်စီထပ်၍ ပလ္လင်ပေါက်တွင်သွင်းကာ ပိုးကြိုး ( သို့ ) ချည်ကြိုးတို့ဖြင့် ဘယ်ပြန်ညာပြန်သေချာချုပ်ရသည်။ ထိုသို့ပေချပ်အပိုထည့်ချုပ်ရသည်မှာ စာရေးပြီးပေချပ်များအကြောင်းတစုံရာကြောင့် ပျက်စီးခဲ့လျှင် အစားထိုးရေးနိုင်ရန်ဖြစ်သည်။ ထိုသို့အထပ်လိုက်ချုပ်ပြီးပေထုပ်၏အစတွင် ထည့်သွင်းရသောပေချပ်အထပ်လိုက်ကို “ စာပလ္လင် ”ဟုခေါ်သည်။
ပေထုပ်ကို ဟင်္သပြဒါးသုတ်ထားသော ပျဉ်ပြား ၂ ချပ်ဖြင့် အထက်အောက်ညှပ်၍ ထားရသည်။ ထိုသစ်သားပြား ၂ ပြားကို “ ကျမ်း ”ဟုခေါ်သည်။ ပေစာထုပ်ငှါးသောအခါ ကျမ်းပါ တပါတည်း ပေးလိုက်ရသည်။ ပေစာထုပ်ကို အ၀တ်နှင့်ဖြစ်စေ ၀ါးကိုချောမွေ့စွာ သပ်ထားပြီးအ၀တ်ဖြင့် ရောနှောရက်လုပ်ထားသော “ ယင်း ” နှင့်ဖြစ်စေပတ်ထားလေ့ရှိသည်။ ပေစာထုပ်ကို တဖန် အဖိုးထိုက်တန်သော ပိုး၊ ဖဲ ၊ ကတ္တီပါများကို မိမိတို့ ငွေကုန်ကြေးကျ ခံနိုင်သရွှေ့  ထပ်ပြီးချုပ်လုပ်ပတ်စည်း၍ သိမ်းထားကြသည်။ ထိုသို့ပေထုပ်ကိုထပ်၍ ထုပ်သောအ၀တ်စကို “ ပလွေ ” ဟုလည်းကောင်း၊ “ ကမ္ပလွေ ( သို့ ) စာပလွေ ” ဟုခေါ်ကြသည်။ ထိုစာပလွေသည် အနံတစ်တောင်ခန့်ရှိပြီးအလျား ၂ တောင်နီးပါးခန့်ရှိသည်။ စာပလွေသည် ပေချပ်များကို မကျိုးပဲ့စေရန်အတွက် ဖြစ်သည်။
ကမ္ပလွေဖြင့်ပတ်ထားသော ပေထုပ်၏အပေါ်မှ ပတ်၍ စည်းထားသော “ စာစည်းကြိုး ” သို့ “ ပေစာကြိုး ” ရှိ၏။ အနံလက်မ၀က်ခန့်နှင့် အလျား၁၅ ပေမျှ ရှိတတ်သည်။ စာစည်းကြိုးတွင်လည်း ပေစာထုပ်၏အလှူရှင်အမည် ၊ နေရပ်လိပ်စာ ၊ လှူရသောကောင်းမှု ၊ ဆုတောင်း များကို လင်္ကာသွားဖြင့်လည်းကောင်း ၊ စကားပြေဖြင့်လည်းကောင်း ရက်လုပ်ထားလေ့ရှိသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် ရှေးမြန်မာတို့၏ ချည်မျှင်ရက်လုပ်ခြင်း၊ စာလုံးပုံဖော်ခြင်း ၊ ဆေးရောင်စုံစပ်ခြင်း အိမ်တွင်းလက်မှုပညာကို အကဲခတ်နိုင်မည်ဖြစ်သည်။